JLPT N3/N2 ကိုအမှတ်ကောင်းကောင်းနဲ့အောင်ဖို့ ဘယ်လိုစာလေ့လာမလဲ?

Wexpats Myanmar မှာဆိုရင် ဂျပန်စာလေ့လာတဲ့အခါမှာ အသုံးဝင်မယ့်အချက်တွေ၊ ဗဟုသုတတွေ ကို ဝေမျှလျက်ရှိပြီး JLPT နဲ့ပတ်သက်ပြီး အတွေ့အကြုံကို ရေးသားမျှဝေးပေးလျက်ရှိပါတယ်။ ပြီးခဲ့တဲ့လ ကတော့ ဂျပန်စာ အရည်အချင်းစစ်စာမေးပွဲ (JLPT N5/N4) မှာအမှတ်ကောင်းကောင်းရအောင်ဘယ်လို ပြင်ဆင်မလဲ? ဆိုတဲ့ ဆောင်းပါးကိုရေးသားခဲ့ပါတယ်။ ဆက်လက်ပြီး ဒီတခေါက်မှာတော့ N3/N2 အတွက်ဘယ်လိုလေ့လာရမလဲဆိုတာကိုမျှဝေသွားပါ့မယ်။ ဒီဆောင်းပါးမှာ မျှဝေတဲ့ အကြောင်းအရာတွေက ကိုယ်တိုင်လုပ်ခဲ့တဲ့ အရာတွေလဲပါဝင်သလို level မြှင့်လာပြီးမှ သိခဲ့တဲ့အသုံးဝင်တဲ့ အချက်တွေလဲပါဝင်ပါတယ်။ နောက်ဆုံးမှာတော့ ကိုယ်တိုင်အသုံးပြုခဲ့တဲ့ စာအုပ်တွေကို ဖော်ပြပြီး စာအုပ်တွေရဲ့ ကောင်းကွက်တွေကို ရှင်းပြသွားပါ့မယ်။ 

မာတိကာ

မေးခွန်းပုံစံနဲ့ မှတ်ပေးစည်းမျဥ်းကို သေချာနည်းလည်အောင် ကြည့်ထားပါ။

ဝေါဟာရတွေလေ့လာနည်း

ခန်းဂျိကိုဘယ်လိုလေ့လာမလဲ

သဒ္ဒါ ကိုဘယ်လိုလေ့လာမလဲ

Reading ကိုဘယ်လိုလေ့လာမလဲ

 Listening အတွက် ပြင်ဆင်နည်း

ကိုယ်တိုင်အသုံးပြုခဲ့တဲ့စာအုပ်များ

မေးခွန်းပုံစံနဲ့ မှတ်ပေးစည်းမျဥ်းကို သေချာနည်းလည်အောင် ကြည့်ထားပါ။

ဘယ်စာမေးပွဲကိုဖြေဖြေ စာမေးပွဲရဲ့ မေးခွန်းပုံစံကိုသေချာသိထားဖို့က အလွန်ရေးကြီးပါတယ်။ မေးခွန်းပုံစံ ကိုသေချာနည်းလည်ထားမှ ပိုပြီးတော့ ထိရောက်တဲ့ပြင်ဆင်မှုတွေ လုပ်နိုင်မှာ ဖြစ်သလို စာမေးပွဲအတွက်လဲ ပိုပြီး အကျင့်သားရလာမှာ ဖြစ်ပြီး ရလဒ် ကောင်းတွေလဲရနိုင်မှာဖြစ်ပါတယ်။

ဒီဆောင်းပါးမှာတော့ JLPT N3/N2 ရဲ့ မှတ်ပေးပုံဇယားကို အောက်မှာဖော်ပြထားပါတယ်။

N3

Language Knowledge  ၁၀၀ မိနစ် ၁၂၀ မှတ်
Listening  ၄၀ မိနစ် ၈၀ မှတ်
စုစုပေါင်း ၁၄၀ မိနစ် ၁၈၀ မှတ်

N2

Language Knowledge  ၁၀၅ မိနစ် ၁၂၀ မှတ်
Listening  ၅၀ မိနစ် ၈၀ မှတ်
စုစုပေါင်း ၁၅၅ မိနစ် ၁၈၀ မှတ်

ဝေါဟာရတွေလေ့လာနည်း

Level မြင့်လာတာနဲ့ ဝေါဟာရ အရေအတွက်တွေလဲ ပိုတိုးလာပါတယ်။ ဝေါဟာရတွေကိုလေ့လာတဲ့အခါမှာ အချက်နှစ်ချက်ကို အရင်စဥ်းစားသင့်ပါတယ်။ ဒီအချက်တွေကတော့ 

  • ဝေါဟာရ ရဲ့ပမာဏကို တိုးလာအောင်လုပ်မလား

  • ဝေါဟာရ အရည်အသွေးကို မြင့်အောင်လုပ်မလား ဆိုတာတွေပဲဖြစ်ပါတယ်။ 

ဝေါဟာရ အရည်အသွေးကို မြင့်တင်တယ်ဆိုတာကပိုပြီူတော့ သဘာဝ ကျကျနဲ့ မှန်မှန်ကန်ကန် အဆင့်မြင့်မြင့်နဲ့ အသုံးပြုနိုင်လာခြင်းဆိုတာနဲ့ ဆက်နွယ်နေပါတယ်။ ဒါကြောင့် ဝေါဟာရ အရည်အသွေးမြင့်အောင်လုပ်ဖို့က ခက်ခဲသလို သိနှင့်ပြီးသား ဝေါဟာရတွေလဲ အများကြီးလိုအပ်ပါတယ်။ ဒါကြောင့် အရည်အသွေးကိုမြင့်အောင်မလုပ်ခင်မှာ ဝေါဟာရ ကိုတိုးပွားအောင်လုပ်ရမယ့်အချက်ကအရေးပါလာပါတယ်။ JLPT မှာတော့ စာလေ့လာရတဲ့အချိန်နဲ့ ပြင်ဆင်ရတဲ့အချိန် အချိန်အကန့်အသတ်ရှိပြီး ဖတ်စာအုပ်တော်တော် များများကလဲ ဝေါဟာရ တိုးပွားမယ့်အချက်ကို ဦးတည် ပြီး ‌ရေးသားထားတာများပါတယ်။ အထူးသဖြင့် N5/N4 လိုမျိုး Beginner အဆင့်တွေမှာဆို ဝေါဟာရ ကိုတိုးပွားအောင်လုပ်ဖို့က အင်မတန်မှ အရေးကြီးပါတယ်။ Level မြင့်လာတာနဲ့အမျှ ဝေါဟာရ အရည်အသွေး ကိုမြင့်တင်ဖို့ တနည်းအားဖြင့် မှန်မှန်ကန်ကန်မြ့ ပိုပြီးသဘာဝ ကျကျ ဝေါဟာရတွေကိုအသုံးပြုနိုင်လာမယ့်အချက်ကလဲ တဖြည်းဖြည်းအရေးပါလာပါတယ်။ ဝေါဟာရအကြောင်းပြောရင် မကုန်နိုင်လောက်အောင် ပြောစရာများပေမယ့်ဒီဆောင်းပါးမှာတော့ သိပ်ပြီးနက်နက်ရှိုင်းရှိုင်း အထိမသွားဘဲ စာမေးပွဲအတွက်စာလေ့လာတဲ့အခါမှာ အသုံးဝင်မယ့် အချက်တွေကိုမျှဝေသွားပါ့မယ်။ 

Collocation တွေ ကိုတွဲပြီး လေ့လာပါ

ဝေါဟာရ တိုးပွားလာဖို့နဲ့ ဝေါဟာရအရည်အသွေးကိုမြင့်တင်ဖို့ နည်းလမ်းတွေထဲက အရေးကြီးတဲ့အချက်တချက်က Collocation တွေကို သေချာသိထားခြင်းပါ။ 

Collocation ဆိုတာက စကားလုံးအတွဲတွေဖြစ်ပြီး ဥပမာ かさဆိုတဲ့စကားလုံးကို 傘をさす、傘をたたむ ဆိုတဲ့ စကားလုံးတွေနဲ့ တွဲသုံးလေ့ရှိပါတယ်။ ဒီလို စကားလုံးအတွဲတွေကိုသေချာ သိထားမယ်ဆိုရင် ဝေါဟာရတွေလဲတိုးလာမှာဖြစ်သလို ဝေါဟာရ အရည်အသွေးလဲမြင့်လာမှာဖြစ်ပါတယ်။ ပိုပြီးမြင်စာအောင်ဥပမာ ပေးရရင် 汗(あせ)ဆိုတဲ့စကားလုံးကိုမှတ်သားဆိုကြပါစို့။ ဒီစကားလုံးကိုမှတ်သားတဲ့အချိန်မှာ သူရဲ့ Collocation ဖြစ်တဲ့ 汗をかく(ချွေးထွက်တယ် )ဆိုတာကို တခါတည်းတွဲမှတ်ဖို့ အရေးကြီးပါတယ်။ မဟုတ်ဘဲ 汗(あせ) တစ်လုံးတည်း မှတ်ထားရင် あせをかくဆိုတဲ့ သဘာဝကျကျ စကားလုံးကို တွဲမှတ်နိုင်ဖို့ခက်ခဲနိုင်ပါတယ်။

နောက်ထပ် တွေ့ရများတဲ့ ဥပမာတွေအနေနဲ့ကတော့ 

  • うそをつく

  • 写真を撮る

  • 責任を取る

  • 電話をかける

  • 年を取る

  • 仲がいい/わるい

  • やくにたつ စတဲ့စကားလုံးတွေဖြစ်ပါတယ်။ ဒီမှာပေးထားတာတွေကတော့ ဥပမာမျှသာဖြစ်ပြီးလေ့လာတဲ့အခါမှာ ဒီထက်မက တွေ့နိုင်ပါတယ်။ 

Onomatope တွေကို တွဲပြီးသုံးများတဲ့ ကြိယာတွေနဲ့ လေ့လာပါ 

 Onomatope တွေက ဂျပန်စာရဲ့ထူးခြားမှုတစ်ခုလို့ဆိုရမှာပါ။ Onomatope တွေကို N5/N4 မှာသိပ်ပြီးမတွေ့ရပေမယ့် N3လောက်ကနေစပြီး ပိုပြီး တွေ့လာရမှာပါ။ Onomatopeနဲ့ပတ်သက်ပြီးအသေးစိတ်ကိုတော့ Onomatopeတွေကို ထိထိ‌ရောက် ရောက် ဘယ်လိုလေ့လာ မလဲ။ Onomatope ရဲ့ထူးခြားချက်ကို လေ့လာကြည့်ကြရအောင်။ ဆိုတဲ့ဆောင်းပါးမှာဖတ်ရှုနိုင်ပါတယ်။ ဒီမှာတော့ စာမေးပွဲအတွက်သတိထားစရာ အချက်တွေကို ပြောသွားပါ့မယ်။စာမေးပွဲမှာ Onomatope တွေကိုပိုင်ပိုင်နိုင်နိုင်နဲ့ ဖြေနိုင်ဖို့ အရေးကြီးတဲ့အချက်က အပေါ်မှာပြောခဲ့တဲ့ အချက်နဲ့ နွယ်နေပါတယ်။ ဘာလဲဆိုတော့ Onomatope တွေကိုအသုံးများနဲ့ ကြိယာ တွေနဲ့ တွဲလေ့လာ ဖို့အကြံပေးချင်ပါတယ်။ ဥပမာ

  •  ぐっすりဆိုရင် ねる

  • ピッタリဆိုရင် 合う

ဒီလိုမျိုးလေ့လာမယ်ဆိုရင် စာမေးပွဲမေးခွန်းမှာပါလာပါက မြန်မြန်ဆန်ဆန် နဲ့ မှန်မှန်ကန်ကန် ရွေးနိုင်မယ်ဖြစ်ပါတယ်။ JLPT မှာအချိန်မှီမှီ ဖြေနိုင်ဖို့အရေးကြီးပါတယ်။ ဒါကြောင့် မြန်မြန်အဖြေဖြေနိုင် ဖို့ က တော်တော် လေးအရေးကြီးတဲ့အချက်ပဲဖြစ်ပါတယ်။

တချို့စကားလုံးတွေကို ဂျပန်လို နဲ့ပြောင်းပြောပြီးလေ့ကျင့်ကြည့်ပါ

JLPTရဲ့ မေးခွန်းအမျိုးအစားတစ်ခုအနေနဲ့ 言い換えဆိုတဲ့ အမျိုးအစားတစ်ခုပါပါတယ်။ ဒီမေးခွန်းကိုဖြေနိုင်ဖို့ စလေ့လာကတည်းက စကားလုံးတချို့ကို သိနှင့်ပြီးသား ဂျပန်စကားနဲ့ ပြန်ပြောင်းပြောတာဖြစ်ဖြစ် လေ့ကျင့်သင့်ပါတယ်။ 

ဥပမာ 禁煙(きんえん)ဆိုရင် たばこをすってはいけない ဆိုတာမျိုး ပြောင်းပြောကြည့်တာမျိုး နဲ့လေ့ကျင့်သင့်ပါတယ်။

ဒီ နည်းလမ်းတွေအပြင် တခြားနည်းလမ်းတွေဖြစ်တဲ့ အဓိပ္ပာယ်တူစကားလုံးတွေနဲ့တွဲမှတ်တာတို့ ဆန့်ကျင်ဘက်စကားလုံးတွေနဲ့ တွဲမှတ်တာတွေကိုလဲ ယခင်ဆောင်းပါး မှာမိတ်ဆက်ပေးခဲ့ပြီးဖြစ်ပါတယ်။ 

ခန်းဂျိကိုဘယ်လိုလေ့လာမလဲ

အသံတူကြောင်းကွဲ စကားလုံးတွေကိုသေချာမှတ်ပါ

ခန်းဂျိက ဂျပန်ဘာသာစကားရဲ့ ထူးခြားချက်တစ်ခုလဲဖြစ်သလို ကျွန်တော်ကတော့ ဂျပန်ဘာသာစကားရဲ့ အားသာချက်တစ်ခုလဲ ဆိုလိုရမှာပါ။ ခန်းဂျိလေ့လာတာနဲ့ပတ်သက်တဲ့အသေးစိတ်ဆောင်းပါးကိုတော့ 

ခန်းဂျိကိုထိထိရောက်‌ရောက် ဘယ်လိုလေ့လာကြမလဲ ဆိုတဲ့ဆောင်းပါးမှာ လေ့လာနိုင်ပါတယ်။ စကားကိုပြန်ပြီးဆက်ရရင် ခန်းဂျိ က ဂျပန်ဘာသာစကားရဲ့အားသာချက်လို့ဆိုနိုင်တဲ့ အချက်တချက်က အသံတူကြောင်းကွဲ စကားလုံးတွေကို ခန်းဂျိနဲ့သေချာခွဲနိုင်လို့ပါ။တနည်းအားဖြင့် အသံထွက် တူပေမယ့် 

အဓိပ္ပာယ်မတူတဲ့စကားလုံးတွေဆို ခန်းဂျိနဲ့သေချာ ပြန်ခွဲလို့ရပါတယ်။ ဒီလိုစကားလုံးတွေက Level မြင့်လာတာနဲ့အမျှပိုများလာတဲ့အတွက်ကြောင့် ခန်းဂျိကို သေချာ ကြည့်ပြီး အဓိပ္ပာယ် ခွဲခြားပုံကိုပါ နားလည်ထားအောင်လုပ်ရင် ခန်းဂျိမေးခွန်းအတွက်ရော ဝေါဟာရ မေးခွန်းအတွက်ပါ ဖြေနိုင်မှာပါ။

ဒီလိူစကားလုံးတွေကတော့ 

  • 性格,正確

  • 以外、意外

  • 関心、感心

  • 再開、再会

မေးခွန်းတွေ များများကိုဖြေကြည့်ပါ

စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်ဖို့အကောင်းဆုံးနည်းလမ်းတစ်ခုက မေးခွန်းတွေအများကြီးကိုဖြေကြည့်ဖို့ပါ။ မေးခွန်းတွေ ဖြေရင်းနဲ့အမှားများတဲ့ စကားလုံးတွေကို ထပ်တလဲလဲ ပြန်လေ့လာ မှတ်သားရင်လဲ စာမေးပွဲအတွက် အသုံးဝင်ပါတယ်။ နောက်ပြီး မေးခွန်းပုံစံနဲ့လဲ ရင်းနှီးပြီးသားဖြစ်ပါတယ်။ အဆင်သင့်မဖြစ်သေးလို့ မေးခွန်းတွေကို မဖြေကြည့်ချင်သေးဘူးဆိုတာမျိုးမဟုတ်ဘဲ မေးခွန်းတွေကို ဖြေရင်းခန်းဂျိတွေကို မှတ်သားတာကလဲလေ့လာပုံလေ့လာနည်းတမျိုးပါ။ ဘာလို့လဲဆို နောက်ပိုင်းစာပိုဒ်တွေ ဖတ်တဲ့ အချိန်မှာ ကိုယ်မသိသေးတဲ့ ခန်းဂျိတေါအများကြီးပါလာနိုင်ပြီး အဲ့အချိန်ကျရင်ဒီအတိုင်းခန့်မှန်းပြီး ဖတ်ရတာမို့လို့ပါ။ ဒါကြောင့် ခန်းမှန်းတဲ့ အကျင့်ကို ပျိုးထောင်နိုင်ဖို့ မေးခွန်းတွေ ကို လိုက်ဖြေကြည့်ဖို့အကြံပေးချင်ပါတယ်။

သဒ္ဒါ ကိုဘယ်လိုလေ့လာမလဲ

တချို့ သဒ္ဒါပုံစံတွေကို Jlpt စာမေးပွဲရဲ့ Website ကိုကြည့်ရရင်  N5/N4 တွေက နေ့စဥ်ဘဝမှာ အသုံးများတဲ့ ဂျပန်စာကိုလေ့လာရမှာဖြစ်ပြီး N3နေ့စဥ်သုံး ဂျပန်စကားကိုပိုပြီးအဆင့်မြင့်မြင့် သုံးနိုင်မယ့် ဂျပန်စာ နဲ့ သတင်းစာတွေမှာတွေ့ရမယ့် ဂျပန်စာတွေကိုလဲ လေ့လာရပါမယ်လို့ဆိုထားပါတယ်။ နောက်ပြီး N2 ရောက်လာရင် သတင်းစာ သတင်း မဂ္ဂဇင်း စတဲ့ အကြောင်းအရာတွေ နဲ့ ပိုပြီး ကျယ်ပြန့်လာပါတယ်။

သို့သော် သဒ္ဒါတချို့က အသုံးပြုပုံသာကွာသွားပြီး အဓိပ္ပာယ်ကတော့ အတူတူနီးပါးဖြစ်ပါတယ်။ ဒါကြောင့် ဒီလို အခြေအနေမျိုးမှာဆို သိနင့်ပြီးသား သဒ္ဒါပုံစံနဲ့ တွဲမှတ်ရင် ပိုပြီးတော့ မှတ်ရလွယ်ကူပါတယ်။ သို့သော် မှတ်ပုံမှတ်နည်းတစ်မျိုးသာဖြစ်ပြီး Grammar တစ်ခုချင်းစီရဲ့ အသုံးပြုပုံ၊ အသုံးပြုတဲ့နေရာ စသဖြင့် အဓိပ္ပာယ်ကွဲ ပုံကို သေချာ သိထားဖို့လဲလိုအပ်ပါတယ်။

ဥပမာ

  • において→で

  • に関して→について

  • くせに→のに

  • 最中に→途中に

  • さえ→も

Grammar တွေကို နေရာအလိုက် သေချာ ခွဲသုံးကြရအောင်

အပေါ်မှာ ပြောထားတဲ့ အချက်ကို ပြန်ပြီးပြောရရင် Level ပိုမြင့်လာတာနဲ့ အမျှ ပုံစံတူ၊ အဓိပ္ပာယ်တူ Grammar တွေ များလာပါတယ်။ သို့သော် သူ့နေရာအလိုက် အသုံးပြုပုံ ကွာခြားတာမို့ နေရာအလိုက် ခွဲခြားသုံးတတ်အောင် လုပ်ထားဖို့က အင်မတန်အရေးကြီးပါတယ်။ ဒီအချက်က စာမေးပွဲမှာတော့ အရေးမပါပေမယ့် တကယ့် လက်တွေ့ဘဝ မှာ တော်တော် အရေးပါတဲ့ အချက် တချက်မို့လို့ သေချာ ဂရုစိူက်စေချင်ပါတယ်။ ဥပမာ စာတမ်းတွေ၊ သတင်းစာတွေမှာသုံးတဲ့ အသုံးအနှုန်းကို သူငယ်ချင်းနဲ့စကားပြောနေရင်းလိုက်ရင် သဘာဝလဲမကျသလို၊ နားထောင်ရတာလဲ သိပ်အဆင်မပြေလှပါဘူး။ ဒါကြောင့် စလေ့လာကတည်းက ဘယ်နေရာမှာသုံးရမလဲ ဘယ်အချိန်မှာ သုံးရမလဲ ဆိုတာကိုပါ သိအောင်လုပ်ထားရင် အကောင်းဆုံးလို့ ထင်ပါတယ်။ နောက်ပြီး လေ့လာမယ့် စာအုပ်ကိုလဲ ဒီလိုအချက်တွေ ကြည့်ပြီးရွေးရင် ပိုပြီးတော့ အဆင်ပြေပါတယ်။စာအုပ်အကြောင်းနဲ့ပတ်သက်ပြီး နောက်ပိုင်းမှာအသေးစိတ်ဖော်ပြသွားပါ့မယ်။ 

Reading ကိုဘယ်လိုလေ့လာမလဲ

Reading ပုံစံတွေထဲက ကိုယ်အားနည်းတဲ့ပုံစံကို များများလေ့ကျင့်ကြရအောင်.

N3 စာမေးပွဲမှာတွေ့ရမယ့် စာပိုဒ်အမျိုးအစား ၄ မျိုးတွေ့ရနိုင်ပါတယ်။

  • သဒ္ဒါကိုမေးတဲ့စာပိုဒ် 

  • စာပိုဒ်အတို 

  • အလယ်အလတ် စာပိုဒ် 

  • စာပိုဒ်အရှည် 

  • အချက်အလက်ရှာတဲ့ စာပိုဒ် 

ဒီပုံစံတွေထဲက ကိုယ် အားနည်းတဲ့ ပုံစံကို များများ လေ့ကျင့်တာကလဲ စာမေးပွဲ မှာ အမှတ်ကောင်းကောင်းရဖို့ နည်းလမ်းတစ်ခုပါ။ 

လေ့ကျင့်တဲ့အခါ သတိထားသင့်တဲ့အချက်များ

လေ့ကျင့်တဲ့အခါမှာလဲ နည်းမှန်လမ်းမှန် ဖြစ်ဖို့အရေးကြီးပါတယ်။ ဒါကြောင့် အောက်ပါအချက်တွေကို သတိထားပြီးလေ့ကျင့်ကြည့်ပါ။ 

လေ့ကျင်တဲ့အခါမှ စာပိုဒ်ကိုနားလည်အောင် လုပ်ဖို့ အ‌ရေးပေးပါ။

စာပိုဒ်ဖတ်ပုံဖတ်နည်းနဲ့ပတ်သက်ပြီးအရင်‌ဆောင်းပါးမှာလဲပြောခဲ့ဖူးပါတယ်။ အဲဒီအချက်ကတော့ လေ့ကျင့်တဲ့အချိန်မှာ အမြန်နှုန်းကို သိပ်ပြီးဂရုမစိူက်ဘဲ နားလည်မှုစွမ်းရည်ကို အလေးပေးဖို့ပါ။ နောက်မှ အသားကျလာမှ အမြန်နှုန်းကို ဦးစားပေးသင့်ပါတယ်။

 အောက်က ရှင်းပြချက်တွေကိုသေချာဖတ်ပါ

 စာပိုဒ်တွေရဲ့အောက်မှာ စာပိုဒ်ထဲက ခက်ခဲတဲ့စကားလုံ‌တွေကို (※)လွယ်ကူတဲ့ စကားလုံးတွေနဲ့ ရှင်းပြထားလေ့ရှိပါတယ်။ ဒီလိုရှင်းပြချက်တွေကို သေချာဖတ်ပြီး အဓိပ္ပာယ် နားလည်အောင်လုပ်ဖို့ အရေးကြီးပါတယ်။ 

မေးခွန်းကိုအရင်ဖတ်ပါ

စာပိုဒ်ကို မဖတ်ခင် ဘယ်မေးခွန်းကိုမေးလဲဆိုတာကိုကြိုဖတ်ထားရင် အဖြေရှာရလဲလွယ်သလို ပိုပြီးလြ မြန်လာပါလိမ့်မယ်။

လိုအပ်တဲ့နေရာတွေကိုသာဖတ်ပါ

အထူးသဖြင့် အချက်အလက်ရှာတဲ့ စာပိုဒ် တွေမှာ အကုန်လုံးကို နားလည်ဖို့မလိုသလို အစအဆုံးဖတ်ဖို့လဲမလိုအပ်ပါဘူး။ ဒါကြောင့် လိုအပ်တဲ့နေရာကိုဖတ်ပြိး အဖြေရှာရင် ပိုပြီး အချိန်ကုန်သက်သာသလို အဖြေမှန်နိုင်နှုန်းလဲ ပိုပြီးများပါတယ်။ ဘာလို့ဆို အတတ်နိုင်ဆုံးခေါင်းရှင်းရှင်းထားဖို့လိုအပ်လို့ပါ။ အချက်အလက် အကုန်လုံးကို လိုက်ဖတ်နေရင် ခေါင်းပိုရှုပ်ပြီး မှားနိုင်ချေပိုများနိုင်လို့ပါ။ 

စာအုပ်ထဲက စာပိုဒ်တွေအပြင် တခြားစာတွေကိုပါ ဖတ်တဲ့အကျင့် မွေးမြူရအောင်

Jlpt အတွက် စာအုပ်ထဲကအကြောင်းအရာတွေချည်းမဟုတ်ဘဲ အပြင်က အကြောင်းအရာတွေကိုပါ ဖတ်ရင် စာဖတ်နှုန်းလဲကောင်းလာမှာဖြစ်ပြိး ပိုပြီးလဲ ဝေါဟာရ တွေလဲ တိုးလာမှာဖြစ်ပါတယ်။ စာဖတ်ရတဲ့ အလေ့အကျင့်ကို လွယ်လွယ်ကူကူနဲ့ ပျိုးထောင်နိုင်မယ့် နည်းလမ်းတစ်ခုကတော့ ကိုယ်ကြိုက်တဲ့ ဝါသနာ၊ တစ်ခုကို ဂျပန်စာ နဲ့ နွယ်ပြီး လိုက်လေ့လာကြည့်ပါ။ ဥပမာ Anime ကြိုက်ရင် Anime နဲ့ပတ်သက်ပြီး ဂျပန်လိုဖတ်၊ ဂျပန်လို နားထောင် အစသဖြင့် လုပ်ကြည့်ပါ။ နောက်ပြီး ဂျပန်နိုင်ငံရဲ့ ယဥ်ကျေးမှု အကြောင်းတွေ စိတ်ဝင်စား ရင်တော့ မြန်မာလိုမဟုတ်ဘဲ ဂျပန်လို လိုက်ရှာပြီး ဖတ်ကြည့်ကြရအောင်။ ကျွန်တော်တို့ Wexpats မှာဆိုရင် ဂျပန်လူမျိုးတွေကိုယ်တိုင်ရေးထားတဲ့ ဂျပန်နိုင်ငံ၊ ဂျပန်ယဥ်ကျေးမှုနဲ့ပတ်သက်တဲ့ဆောင်းပါးတွေ အများကြီးရှိတာမို့ ဖတ်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။ တနေ့ တပုဒ်ဖတ်ရင်တောင် တလ ဆို ဆောင်းပါး ၃၀ ဖတ်ဖြစ်မှာဖြစ်ပြီး အလိုလို ဂျပန်စာအရည်အချင်းလဲတိုးလာပါလိမ့်မယ်။

 Listening အတွက် ပြင်ဆင်နည်း

 

 Listening မေးခွန်းအမျိုးအစားကို သေချာနားလည်အောင်လုပ်ထားရအောင်။ 

 Listening မေးခွန်းအမျိုးအစားကလဲ အကြမ်းအားဖြင့် ၅ မျိုးလောက်ရှိပါတယ်။ JLPT Website မှာ မေးခွန်းပုံစံကို ဖော်ပြထားတာမို့ ဝင်ကြည့်ကြည့်ပါ

ဖတ်စာအုပ်အပြင် တခြားနေရာမှ ဂျပန်စာတွေကိုလဲနားထောင်ပါ

အလေ့အကျင့်အနေနဲ့ Podcastတွေနားထောင်တာတို့ , Youtubeက သတင်းတွေကြည့်တာတို့ , Netflix ကနေ ရုပ်ရှင်ကြည့်တာတို့ အဲလိုအလေ့အကျင့်တွေကိုလဲ ပျိုးထောင်သင့်ပါတယ်။ အကောင်းဆုံးကတော့ နေ့တိုင်း သတင်းနားထောင်တာပါ။ NHK easy nwes ဆိုတဲ့ Website လဲရှိတာမို့ သတင်းနားထောင်တဲ့အလေ့အထ ကိုလုပ်ထားသင့်ပါတယ်။ နောက်ပြီး N2 မှာဆိုရင် သတင်းထဲကစကားလုံးတွေ လဲပါဝင်လာတာမို့ သတင်းနားထောင်ရင် ဒီလိုမျိုးစကားလုံးတွေကို မှတ်မိစေဖို့ ပိုပြီး အထောက်အကူဖြစ်ပါတယ်။

ကိုယ်တိုင်အသုံးပြုခဲ့တဲ့စာအုပ်များ

日本語総まとめ

 

Soumatome Series ကတော့ ဂျပန်စာလေ့လာနေတဲ့ သူတွေကြားထဲမှာ နာမည်ကြီးတဲ့ စာအုပ်တွေဖြစ်ပြီး ကျွန်တော့် တုန်းကတော့ Soumatome ကို ဝေါဟာရတွေ လေ့လာဖို့အသုံးပြုခဲ့ပါတယ်။ သူ့ရဲ့အားသာချက်တွေက စာလေ့လာပြီး နားလည်မှုစွမ်းရည်ကိုစစိဆေးနိုင်မယ့် Test တွေလဲပါဝင်လို့တော်တော် အဆင်ပြေပါတယ်။ နောက်ပြီး Category အလိုက် ခွဲ ပြီး ဝေါဟာရတွေစုထားလို့ တော်တော် လေ့လာရတာလဲ လွယ်ကူပါတယ်။ 

耳から覚える日本語能力試験トレーニング

 

ဒီစာအုပ်ကတော့ Grammar တွေ ကိုလွယ်လွယ်ကူကူနဲ့ရှင်းရှင်းလင်းလင်း ရှင်းပြထားလို့ တော်တော် အဆင်ပြေပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့ သိနှင့်ပြီးသား Grammar တွေနဲ့ ပြန်မှတ်ပါဆိုတဲ့ အချက်က ဒိစာအုပ်မှာ ပြန်တွေ့ရမှာမို့တော်တော် လေးအသုံးဝင်တယ်လို့ ဆိုရမှာပါ။ နောက်ပြီး စီဒီ လဲပါဝင်တာမို့ နားထောင်ရင်းလဲ အလွယ်တကူ မှတ်နိုင်ပါတယ်။ ရထားတဲ့ဖြစ်ဖြစ် ဘတ်စ်ကားထဲဖြစ်ဖြစ် နားထောင်ရင် တော်တော် အဆင်ပြေပါတယ်။

Try

 

Try စီးရီးကတော့ ကျွန်တော် အကြိုက်ဆုံး စီးရီးလို့ပြောလို့ရပါတယ်။ ဘာလို့လဲ ဆိုတော့ Grammar တစ်ခုတည်းကိုလေ့လာရင် အဖတ်၊ အပြော၊ နားထောင် ဘက်ပေါင်းစုံဂျပန်စာအရည်အချင်းတက်လာနိုင်လို့ပါ။ နောက်ပြီး  အပေါ်မှာ ပြောခဲ့တဲ့ Grammar တွေကို နေရာအလိုက် သေချာ ခွဲသုံးကြရအောင် ဆိုတဲ့ အချက်ကို သေချာအခြေခံထားတဲ့စာအုပ်မို့လို့ စာမေးပွဲအတွက်သာမက တကယ် လက်တွေ့ဘဝ မှာလဲ အသုံးဝင်ပါတယ်။

Yomu

 

စာပိုဒ်တွေကို ဖတ်ရာမှာ အသုံးဝင်တဲ့ ဒီ YOMUဟာ လက်ရှိ level တဆင့်မြင့်နေတယ်လို့ ကျွန်တော် ထင်မိပါတယ်။ ဒါကြောင့် မိမိ level ထက် တဆင့် နိမ့်တဲ့ စာအုပ်ကိုဖြစ်ဖြစ် ရွေးပြီး ဖတ်စေချင်ပါတယ်။ နောက်ပြီး မေးခွန်း တစ်ခုချင်းစီအတွက် ဖြေရှင်းချက်တွေပါတော့ လေ့ကျင့်ရတာ အဆင်ပြေပါတယ်။

စာမေးပွဲမှာ ရလဒ်‌ကောင်းကောင်းရဖို့ ပြင်ဆင်မှုက အ‌ရေးကြီးပါတယ်။ ထပ်ဆင့်ပြီး အဲဒီပြင်ဆင်မှုက မှန်ကန်ဖို့လဲအရေးကြီးပါသေးတယ်။ဒီဆောင်းပါးမှာတော့ ကျွန်တော် စာမေးပွဲ တုန်းက လေ့လာခဲ့တဲ့ စာလေ့လာနည်းကို ဝေမျှခဲ့ပါတယ်။ အသုံးဝင်မယ်ဆိုရင် ကျေနပ်မိပါတယ်။ 

 

စာရေးသူ

Hein
မင်္ဂလာပါ။ Wexpats မှာ ဂျပန်စာ၊ ဂျပန်နိုင်ငံ၊ ဂျပန်ယဥ်ကျေးမှု အကြောင်းတွေကိုတင်ဆက်ရေးသားနေတဲ့ ဟိန်းပါ။ဝါသနာကတော့ ဂျပန်စာလေ့လာတာနဲ့ ဓာတ်ပုံရိုက်တာဖြစ်ပါတယ်။

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်စာလေ့လာခြင်း/ JLPT/ JLPT N3/N2 ကိုအမှတ်ကောင်းကောင်းနဲ့အောင်ဖို့ ဘယ်လိုစာလေ့လာမလဲ?

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ