ဂျပန်နိုင်ငံရဲ့ ဖက်ရှင်

ဂျပန်စစရောက်ရောက်ချင်း သိသိသာသာ သတိထားမိတာက ဂျပန်နိုင်ငံရဲ့ ဖက်ရှင်ပါ။ မြန်မာနိုင်ငံနဲ့ဂျပန်နိုင်ငံက ပထဝီအနေအထား မတူညီတဲ့အပြင် ရာသီဥတုလဲ အတော် ကွာခြားတာမို့ ဝတ်ဆင်တဲ့ အဝတ်အစားတွေလဲ ကွဲပြားပါတယ်။ ဒိနေ့မှာတော့ ဂျပန်ရောက်ရင် အဝတ်အစားနဲ့ပတ်သက်ပြီး ဒုက္ခမရောက်ရလေအောင် အဝတ်အစားနဲ့ပတ်သက်တဲ့ ဂျပန်လိုအခေါ် အဝေါ် တွေအပြင်၊ ဂျပန်နိုင်ငံ ရဲ့ တမူထူးခြားတဲ့ ဖက်ရှင်တွေ၊ ဖက်ရှင် အမှတ်တံဆိတ် တွေအကြောင်းကို အကြမ်းဖျင်း တင်ပြသွားပါ့မယ်။ 

ဂျပန်နိုင်ငံရဲ့ ထင်ရှားသော အဝတ်အစား အမှတ်တံဆိတ်များ

မှတ်ထားသင့်သော ဖက်ရှင်နဲ့ပတ်သက်သော စကားလုံးများ

ဘယ်အချိန်မှာ အဝတ်ဝယ်ရင် စျေးသက်သာလဲ

  • ရာသီအလိုက် Discount ချတဲ့ အချိန်များ

ဖက်ရှင်အကြောင်းကို ဘယ်လိုနေရာတွေမှာလေ့လာမလဲ

  • Wear

  • Style Hint 

အကျဥ်းချုပ်

ဂျပန်နိုင်ငံရဲ့ ထင်ရှားသော အဝတ်အစား အမှတ်တံဆိတ်များ

ဂျပန်နိုင်ငံ မှာတော့တချို့ အဝတ်စားဖက်ရှင် တံဆိတ် တွေက တော်တော် စျေးကြီးပါတယ်။ ဒါပေမယ့် တချို့ အမှတ်တံဆိတ် တွေကတော့ တန်လဲ တန်ပြီး အရည်အသွေးကလဲ တော်တော် ကောင်းပါတယ်။ ဒါကြောင့် ဂျပန်‌ရောက်ရင် သိထားသင့်တဲ့ ဖက်ရှင် အမှတ်တံဆိတ်တွေအကြောင်းကို မိတ်ဆက်ပေးလိုက်ပါတယ်။

Uniqlo

ဂျပန်နိုင်ငံမှာတော့ Uniqlo က တော်တော်လေးကို နာမည်ကြီးပြီး ကျားမမရွေး အသက်အရွယ် မရွေး လူကြိုက်များကြပါတယ်။ နိုင်ငံခြားမှာလဲ ဆိုင်ခွဲတွေအများကြီးရှိပါတယ်။ အဓိက တက္ကသိုလ် ကျောင်းသားတွေကြားထဲမှာလဲ နာမည်ကြီးပြီး လူငယ်တေွ တော်တော် များများလဲ ဝတ်ကြပါတယ်။ မြန်မာနိုင်ငံက လာတဲ့သူတချို့လဲ Uniqlo ဆို မသိတဲ့သူမရှိသလောက်ပါပဲ။ Uniqlo ရဲ့ ကောင်းကွက်ကတော့ အဝတ်အစားဒီဇိုင်းတွေစုံပြီး ပေးရတဲ့ စျေးကလဲ တော်တော် တန်ပါတယ်။နောက်တစ်ခုက ဂျပန်ပြည်တွင်း ဘယ်နေရာမှာ မဆိုဆိုင်ခွဲတွေရှိပြီး ဝယ်ရလဲ လွယ်ကူပါတယ်။ ပြီးတော့ ရာသီအလိုက် ဖက်ရှင် ဒီဇိုင်းတွေ၊ ကုန်ကြမ်းတွေကိုသုံးပြီးအဝတ်စားတွေကို ဖန်တီးနေတာမို့ တော်တော်လေး ကို အထောက်အကူပြုပါတယ်။ စျေးနှူန်းအနေနဲ့ကတော့ ယန်း ၁၀၀၀ ကနေ ၁၅၀၀၀ ကြားရှိပါတယ်။ အွန်လိုင်းကနေ လဲ ဝယ်ယူနိုင်ပါတယ်။ကြုံတုန်းမို့ Uniqlo နဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာ အချက်တချက် ကိုမျှဝေချင်ပါသေးတယ်။  Uniqlo ဆိုတဲ့နာမည် ထူးဆန်းတယ်လို့မထင်ဘူးလား။

တကယ်‌တော့ ဒီနာမည်က စာရိုက်မှားပြီး ထွက်လာတဲ့နာမည်လို့ဆိုပါတယ်။ မူလနာမည်က Unique Clothes ကို အတိုချုပ်ပြီး Uni Clo ဆိုပြီးအမှတ်တံဆိတ် နာမည်ကို မှတ်ပုံတင် မို့လုပ်ခဲ့ပေမယ့် ဝန်ထမ်းက စာရိုက်မှားပြီး  Uniqlo လို့ ဖြစ်သွားရတယ်လို့ဆိုပါတယ်။

GU

GUကတော့ Uniqueရဲ့ အခွဲ မှတ်တံဆိတ်ဖြစ်ပြီး စျေးသက်သာပြီး လူတိုင်းဝတ်နိုင်တဲ့စျေးနှုန်းမျိုးမှာရှိပါတယ်။ စျေးနှုန်းအားဖြင့်တော့ ယန်း ၁၀၀၀ ကနေ ယန်း ၆၀၀၀ ကြားမှာရှိပါတယ်။ ဆိုင်ခွဲတွေလဲ အများကြီးရှိပြီး အွန်လိုင်းကနေတဆင့်လဲ ဝယ်ယူနိုင်ပါတယ်။

H&M

H&Mကလဲ ဂျပန်မှာ နာမည်ကြီး အမှတ်တံဆိတ် တစ်ခုဖြစ်ပြီး နိုင်ငံခြားမှာလဲ ဆိုင်ခွဲတွေအများကြီးရှိပါတယ်။ သို့သော် Uniqlo လောက်တော့ ဘယ်နေရာမှာမဆို ဝယ်လို့ရနိုင်လောက်တဲ့အထိ ဆိုင်ခွဲ မများပါဘူး။အွန်လိုင်းကနေလဲ အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။ နောက်ပြီး H&M မှာ အဝတ်တွေကို Recycle လုပ်ပြီး ယန်း ၅၀၀ တန်ကူပွန်တွေလဲရဘူနိုင်ပါသေးတယ်။ နောက်ပြီး အဖွဲ့ဝင်ဖြစ်ထားရင် Discount ကူပွန်ရနိုင်တာမျိုး အစသဖြင့် များပြားလှပါတယ်?

ZARA

 Zara ကတော့ စျေးနည်းနည်း ကြီးပေမယ့် အရည်းအသွေး တော်တော် ကောင်းပါတယ်။ လူငယ်တွေကြားလူကြိုက်အများပြီး ဒီဇိုင်း အမျိုးစားတွေကလဲ စုံလင်လှပါတယ်။ရာသီ အလိုက် အထူးစျေးရောင်းပွဲတွေလဲရှိတာမို့ အဲလို အချိန်တွေမှာဝယ်ရင်တော့ စျေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်ပါတယ်။ ZARA ကတော့ မြို့ကြီးတွေမှာဆိုင်ခွဲတွေရှိကြပြီး အက်ပလီကေးရှင်း ကနေ တဆင့်လဲ လွယ်လွယ်ကူကူဝယ်ယူ လို့ရပါတယ်။ 

မှတ်ထားသင့်သော ဖက်ရှင်နဲ့ပတ်သက်သော စကားလုံးများ

 အဝတ်အစားဝယ်တော့မယ်ဆိုရင် အဝတ်စားနဲ့ပတ်သက်ပြီး အခေါ်အ‌ဝေါ်တွေကိုမှတ်ထားသင့်ပါတယ်။ ဒါမှလဲ ကိုယ်လို ချင်တာ အလွယ်တကူရှာနိုင်မှာ ဖြစ်ပြီး စျေးဝယ်ရတာ ပိုအဆင်ပြေမှာပါ။ ဒါကြောင့် ဒီဆောင်းပါးမှာ အဝတ်အစားနဲ့ ပတ်သက်နဲ့ အခေါ်အဝေါ် တွေ မှတ်ထားလို့ရအောင် တစ်စုစည်းတည်းဖော်ပြလိုက်ပါတယ်။ မြန်မာလို ဘာသာပြန်တာထက် ပုံနဲ့ပြတာ ပိုပြီးတော့ မြင်သာမယ်ထင်လို့ ပုံတွေနဲ့ ဖော်ပြလိုက်ပါတယ်။

ပထမဆုံး အဆင်နဲ့ပတ်သက်နဲ့ အခေါ်အဝေါ်တွေကိုကြည့်ကြည့်ရအောင်။

ဒီဆောင်းပါးမှာတော့ တချို့အခြေခံသိထားသင့်တဲ့ ဝေါဟာရတွေကိုသာဖော်ပြလိုက်ပါတယ်။ဝေါဟာရ တော်တော် များများက အင်္ဂလိပ်လို အခေါ်အဝေါ်နဲ့ဆင်တူပါတယ်။ သို့သော် သတိထားရမယ့် တချို့အချက်တွေတော့ရှိပါတယ်။ ဥပမာ Hoodie ကို မြန်မာပြည်မှာတော့ အင်္ဂလိပ်လိုနဲ့ အတူတူခေါ် ကြပေမယ့် ဂျပန်မှာတော့パーカー လို့ခေါ်တာမျိူး၊ အားကစားဝတ်စုံ အမျိုးအစားတစ်မျိုးကို မြန်မာပြည်မှာ ထရိန်နာ လို့ခေါ်ပေမယ့် ဂျပန်လိုတော့ ဂျားဂျိ လို့ခေါ် တာမျိုးတွေကိုတော့ နည်းနည်းသတိပြုသင့်ပါတယ်။ 

ဘယ်အချိန်မှာ အဝတ်ဝယ်ရင် စျေးသက်သာလဲ

အပေါ် မှာပြောခဲ့သလိုပဲ ဂျပန်နိုင်ငံက ရာသီဥတုအပြောင်းအလဲ ပြင်းထန်လို့ ရာသီကိုလိုက်ပြီး အဝတ်အစားပြောင်းဝတ်ရပါတယ်။ ဒါကြောင့် အဝတ်စားဆိုင်တွေကလဲ ရာသီ ကုန်ခါနီး သို့မဟုတ် ရာသီအစမှာ ဖြစ်ဖြစ် စျေးလျှော့‌ရောင်းလေ့ရှိပါတယ်။ ဒီမှာတော့ လူကြိုက်များတဲ့ ဖက်ရှင်အမှတ်တံဆိတ်တွေရဲ့ နှစ်စဥ် စျေးချလေ့ရှိတဲ့ အချိန်တွေကို ပြန်လည်ဖော်ပြလိုက်ပါတယ်။ နောက်နှစ်တွေ မှာလည်း ဒီလို အချိန်တွေမျိုးမှာ စျေးချနိုင်တာမို့ ဒီရက်တွေကိုကြည့်ပြီးတော့ကြိုပြီး ကြည့်ထားသင့်ပါတယ်။

Uniqlo

Uniqlo ကတော့ တနှစ်က နှစ်ကြိမ်လောက် ဝယ်ယူသူတွေကို ကျေးဇူးတုံ့ပြန်တဲ့ sale အစီအစဥ်ရှိပါတယ်။ အများအားဖြင့် နှစ်စဥ် မေလ- ဇွန်လ တွေမှ တကြိမ်၊ ဒုတိယအကြိမ်ကို နိုဝင်ဘာ လမှာ တကြိမ်လုပ်လေ့ရှိပါတယ်။ နောက်ပြီး နှစ်ကုန်တဲ့အချိန် ဒီဇင်ဘာလ မှာလဲ နှစ်ကုန် စျေးလျှော့ ပွဲ (年末セール) ထပ်လုပ်လေ့ရှိပါတယ်။ နှစ်ကုန်စျေးလျော့ပွဲပြီးတာနဲ့ နှစ်စ ပထမဆုံးစျေးရောင်းပွဲ (初売りセール)ထပ်လုပ်ပါတယ်။ 

H&M

H&M မှာလဲ တနှစ်ကို ၄ ကြိမ်နဲ့အထက် sale ချလေ့ရှိပါတယ်။ ပထမဆုံးအကြိမ်ကတော့ ဧပြီလ နဲ့မေလ အတွင်းမှာ တကြိမ်၊ နောက်တကြိမ်က နွေရာသီ sale ဇူလိုင်လကနေ သြဂုတ်လ လောက်အထိ ဖြစ်ပြီး၊ နိုဝင်ဘာလမှာ တကြမ်ချပြီး ဆောင်းရာသီ sale ကိုတော့ ဒီဇင်ဘာလမှာ ချလေ့ရှိပါတယ်။နောက်ပြိး H&M မှာတော့ အဖွဲ့ဝင်တွေအတွက်သာ သီးသန့်ချလေ့ရှိတာ မို့ အဖွဲ့ဝင်ဖြစ်တာရင် ပိုပြီး တန်ပါတယ်။

ZARA

ZARA မှာတော့တနှစ်ကို ၄ ကြိမ် sale ချလေ့ရှိပါတယ်။အဓိက အားဖြင့် ရာသီကူးပြောင်းချိန်တွေမှာ sale ချလေ့ရှိပါတယ်။ နှစ်စဥ် ချလေ့ရှိတာကတော့ 

  • နွေဦးရာသီ sale ဧပြီလ

  • နွေရာသီ sale ဇွန်လ 

  • ဆောင်းဦးရာသီ sale စက်တင်ဘာလ 

  • ဆောင်းရာသီ sale ဒီဇင်ဘာလ 

ကျန်တဲ့ အမှတ်တံဆိတ်တွေလဲ ဒီလိုအချိန်တွေမှာပဲ sale ချလေ့ရှိတာမို့ ဒီလိုအချိန်တွေ ‌ရောက်ရင် ဆိုင်တွေကနေတဆင့်ဖြစ်စေ အွန်လိုင်းကနေ တဆင့်ဖြစ်စေ ဝင်ပြီတော့ ဝင်ကြည့်ကြည့်ပါ။

ဖက်ရှင်အကြောင်းကို ဘယ်လိုနေရာတွေမှာလေ့လာမလဲ

ဖက်ရှင်က ရာသီဥတု အပေါ် အများကြီးမူတည်ပါတယ်။ ရာသီဥတု အပေါ်မူတည်ပြီး ဖက်ရှင်လဲ ကွဲပြားပါတယ်။ မြန်မာနိုင်ငံနဲ့ ဂျပန်နိုင်ငံရဲ့ ရာသီဥတုလဲတော်တော်ကွာခြားပါတယ်။ ဒါကြောင့် ဖက်ရှင်ပုံစံကလဲ လုံးဝကွဲပြားနေပါတယ်။ ဒါကြောင့် စစချင်းမှာ သိပ်ပြီးတော့ အသာမကျတာတွေရှိတတ်တာမို့ ဂျပန်ရဲ့ ဖက်ရှင်နဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီယာတွေမှာ လိုက်လေ့လာတာတို့လုပ်သင့်ပါတယ်။ ဒီဆောင်းပါးမှာတော့ ဆိုရှယ် မီဒီယာ အပြင် ဖက်ရှင်နဲ့ပတ်သက်ပြီး အသုံးဝင်မယ့် အက်ပလီကေးရှင်း တချို့ကို မိတ်ဆက်ပေးလိုက်ပါတယ်။ 

Wear 

Wear ကတော ဂျပန်မှာ လူတော်တော် သုံးများတဲ့ ဖက်ရှင်နဲ့ပတ်သက်တဲ့ အက်ပလီကေးရှင်းဖြစ်ပြီး၊ နာည်ကြီးတဲ့သူတွေ၊ ဆိုင်ဝန်ထမ်းတွေက နေ သာမန်သူတွေအထိ ဖက်ရှင်နဲ့ပတ်သက်ပြီး ပို့စ်တွေတင်လေ့ရှိပါတယ်။ သူ့တို့ရဲ့ ဝတ်ပုံစားပုံတွေ၊ နောက်ပြီးခေတ်စားနေတဲ့ အဝတ်အစားတွေအကြောင်းအထိလေ့လာနိုင်ပါတယ်။ အသုံးပြူတဲ့သူတွေကလဲ ၁၀ကျော်သက် အရွယ်ကနေ အသက် ၅၀ လောက်အထိ အရွယ်အစားအမျိုးမျိုးရှိကြပါတယ်။ 

Style Hint 

Style Hint ကလဲ Wear နည်းတူ ဖက်ရှင်နဲ့ပတ်သက်နဲ့ အက်ပလီကေးရှင်းဖြစ်ပါတယ်။ သို့သော် ဒီအက်ပလီကေးရှင်းကတော့ UNIQLO GU တို့က ထုတ်ထားတဲ့ အက်ပလီကေးရှင်းမို့ တခြားအမှတ်တံဆိတ်တွေမဟုတ်ဘဲ ဒီအမှတ်တဆိတ် နှစ်မျိုးကိုသာ တွေ့မြင်နိုင်ပါတယ်။ 

ဒီဆောင်းပါးမှာတော့ ဂျပန်ပြည်ရဲ့ ဖက်ရှင်နဲ့ပတ်သက်ပြီး ဖော်ပြခဲ့ပါတယ်။ ဖက်ရှင်နဲ့ပတ်သက်ပြီး နာမည်ကြီးတဲဆိုင်တွေ ရယ်၊ အက်ပလီကေးရှင်းတွေရယ်၊ အသုံးဝင်မယ့် အသုံးနှုန်းတွေအကြောင်းကိုဖော်ပြခဲ့ပါတယ်။ ဂျပန်လာတဲ့ အချိန်မှာ ဖက်ရှင်နဲ့ပတ်သက်ပြီး သိလိုတဲ့အခါမှာ ဒီ‌ဆောင်းပါးက အသုံးဝင်မယ်ထင်ပါတယ်။


 

စာရေးသူ

Hein
မင်္ဂလာပါ။ Wexpats မှာ ဂျပန်စာ၊ ဂျပန်နိုင်ငံ၊ ဂျပန်ယဥ်ကျေးမှု အကြောင်းတွေကိုတင်ဆက်ရေးသားနေတဲ့ ဟိန်းပါ။ဝါသနာကတော့ ဂျပန်စာလေ့လာတာနဲ့ ဓာတ်ပုံရိုက်တာဖြစ်ပါတယ်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ