日本語能力試験 (JLPT) ဆိုတာ ဘယ်လိုစာမေးပွဲမျိုးလဲ။ What is JLPT?

ဂျပန်စာလေ့လာနေကြတဲ့ သူတွေအနေနဲ့ JLPT ကိုကြားဖူးကြပါလိမ့်မယ်။ မြန်မာနိုင်ငံမှာလဲ နှစ်စဥ် JLPT စာမေးပွဲဖြေကြားနေကြတဲ့ သူတွေ တိုးပွားနေပါတယ်။ သို့သော် JLPT ကဘယ်လိုစာမေးပွဲလဲ။ ဘာကြောင့် လူတွေ အများကြီးဖြေနေကြတာလဲ။ ပြည်တွင်းပြည်ပ JLPT ဖြေဆိုတဲ့အချိန်မှာ ဘယ်လိုတွေ ကွာခြားမှုရှိတဲ့ အစသဖြင့် အသေးစိတ်ကိုတော့ သိတဲ့သူတွေ နည်းမယ်ထင်ပါတယ်။ ဒီဆောင်းပါးမှာတော့ JLPT ရဲ့ အခြေခံ အကြောင်းအရာတွေအပြင် ကိုယ်ပိုင်အတွေ့အကြုံတွေကိုပါ ရေးသားတင်ပြသွားပါမယ်။ 

မာတိကာ 

  1. JLPT ဆိုတာ ဘယ်လိုစာမေးပွဲမျိုးလဲ။
  2. JLPT မှာ အဆင့် ဘယ်နှဆင့်ရှိလဲ။
  3. JLPT Level အလိုက် ပေးမှတ်/အောင်မှတ်များ
  4. JLPT ဖောင်ကိုဘယ်မှာတင်ရတာလဲ။
  5. JLPT စာမေးပွဲရလာဒ်ကို ဘယ်လိုကြည့်နိုင်မလဲ။ 
  6. JLPT နဲ့ ပတ်သက်တဲ့ အတွေ့အကြုံများဝေမျှခြင်း။
  7. အကျဥ်းချုပ်။

JLPT ဆိုတာ ဘယ်လိုစာမေးပွဲမျိုးလဲ။

 JLPT ဆိုတာကတော့ ဂျပန်စာ အရည်အချင်းစစ်စာမေးပွဲ တစ်ခုဖြစ်ပါတယ်။ နာမည်အရှည်ကတော့ Japanese Language Proficiency Test ဖြစ်ပါတယ်။ paper-based ဖြစ်ပြီး တစ်နှစ်မှာ ၂ ကြိမ် ဇူလှိုင်လနှင့် ဒီဇင်ဘာလ တွေမှာ ဂျပန်ပြည်တွင်းနှင့်ဂျပန်ပြည်ပ နိုင်ငံတွေမှာဖြေဆိုနိုင်ပါတယ်။ စာမေးပွဲရဲ့ အကြောင်းအရာ အပေါ်မူတည်ပြီး အဆင့် ၅ ဆင့်ခွဲခြားထားပါတယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ ဂျပန်စာလေ့လာနေတဲ့ သူတွေဝင်ရောက်ဖြေဆိုခွင့်ရှိပါတယ်။ ဂျပန်စာအရည်အချင်းစစ်စာမေးပွဲတွေ ကတော့ နောက်ပိုင်းများပြာလာကြပေမယ့် JLPT ကတော့ အဖွဲ့အစည်းတွေနှင့် အစိုးအရ ရဲ့အသိအမှတ်အပြုမှု အမြင့်ဆုံး စာမေးပွဲတစ်ခုဖြစ်ပါတယ်။ ဥပမာ ဂျပန်နိုင်ငံမှာ ကျောင်းတက်မယ်ဆိုရင်တော့ လိုအပ်ချက်တစ်ခုအနေနဲ့ JLPT အောင်လက်မှတ်ကိုတောင်းလေ့ရှိသလို၊ အလုပ်နှင့် ဂျပန်နိုင်ငံမှာ ရာသက်ပန်နေထိုင်နိုင်ဖို့အတွက် ဗီဇာ လျှောက်ထားတဲ့ အချိန်မှာလဲ  JLPT ရှိရင် ပိုပြီးတော့ အသုံးဝင်တတ်ပါတယ်။ 

JLPT မှာ အဆင့် ဘယ်နှဆင့်ရှိလဲ။

Level အလိုက် အကြောင်းအရာများ

အပေါ်မှာလဲ ပြောခဲ့ သလိုပဲ JLPT မှာ အဆင့် ၅ ဆင့် ခွဲခြားလျက်ရှိပါတယ်။ အသေးစိတ်ပြောရရင် N5 ကနေ N1 အထိဆိုပြီး ရှိပြီး N5 Beginner အဆင့်ဖြစ်ပြီး N1 ကတော့ အမြင့်ဆုံးအဆင့်ဖြစ်ပါတယ်။ အခြေခံ အဆင့်တွေ မှာတော့ နေ့စဥ်စကားပြောနှင့် ပုံမှန်အကြောင်းအရာတွေကို လေ့လာရပေမယ့် Level မြင့်လာမှာဖြစ်ပြီး မြင့်မားတဲ့ အကြောင်းအရာတွေကို လေ့လာပြီး ဖြေဆိုရမှာဖြစ်ပါတယ်။ 

(ကိုးကား - JLPT Website )

Level အလိုက်ဖြေဆိုရမည့် မေးခွန်းများ။

စာမေးပွဲမှာ မေးတဲ့အကြောင်းအရာတွေနဲ့ အချိန်အကန့်အသတ်တွေကိုအသေးစိတ်ကြည့်ရှုလိုက်ကြရအောင်။ အခြေခံအားဖြင့် Level တိုင်းမျာ အပိုင်း ၃ ပိုင်းပါဝင်တတ်ပါတယ်။ ဒီ ၃ ပိုင်း ကို အသေးစိတ် ပြန်ခွဲ လိုက်မယ် ဆိုရင် vocabulary, grammar, reading, နှင့် listening comprehension တို့ဖြစ်ပါတယ်။ ။vocabulary, grammar, ကို ပေါင်းပြီး Language Knowledge အပိုင်းအနေနဲ့ စစ်ဆေးပါတယ်။ speaking နှင့် writing အပိုင်းကိုတော့ JLPT မှာ မစစ်ပါဘူး။ ဖြေဆိုရမယ့် အချိန်ကိုတော့ အောက်ပါဇယားမှာ အသေးစိတ်ပြထားပါတယ်။ N5,N4,N3 မှာတော့ အပိုင်း ၃ ပိုင်းကို ၂ခါ နားပြီးဖြေဆိုရပြီး ကျန်တဲ့ N2 နှင့် N1မှာတော့ တစ်ကြိမ်သာနားပြီး Language Knowledge (Vocabulary/Grammar)・Reading ကိုတစ်ခါတည်းပေါင်းပြီးဖြေဆိုရပါတယ်။ 

Level

အပိုင်းများ

အမှတ်များ

N5

Language Knowledge (Vocabulary)

20 မိနစ် 

 

Language Knowledge (Grammar)・Reading

40 မိနစ် 

120

Listening

30 မိနစ် 

60

N4

Language Knowledge (Vocabulary)

25 မိနစ် 

 

Language Knowledge (Grammar)・Reading

55 မိနစ် 

120

Listening

35 မိနစ် 

60

N3

Language Knowledge (Vocabulary)

30မိနစ် 

60

Language Knowledge (Grammar)・Reading

70 မိနစ် 

60

Listening

40 မိနစ် 

60

N2

Language Knowledge (Vocabulary/Grammar)・Reading

105မိနစ် 

60+60

Listening

50 မိနစ် 

60

N1

Language Knowledge (Vocabulary/Grammar)・Reading

110 မိနစ် 

60+60

Listening

60 မိနစ် 

60

ကိုးကား JLPT Website 

ပိုပြီး အသေးစိတ်ကိုတော့ JLPT ဝက်ဘ်ဆိုက်မှာ ဝင်ရောက်ပြီးကြည့်ရှုနိုင်ပါတယ်။

JLPT Level အလိုက် ပေးမှတ်/အောင်မှတ်များ

အောင်မှတ်ကိုမကြည့်ချင် ပေးမှတ်တွေကို ကြည့်ရမယ်ဆိုရင် N3,N2,N1 ကိုတော့ အပိုင်း ၃ ပိုင်းကို ၆၀ စီနဲ့ စုစုပေါင်း ၁၈၀ ဖြစ်ပါတယ်။ N5,N4 မှာကတော့ Language Knowledge (Vocabulary/Grammar)・Reading ကို 120 Listening ကိုတော့ 60 ဆိုပြီး သတ်မှတ်ပြီးပေးထားပါတယ်။ Overall အလိုက် အောင်မှတ် နဲ့ Section အလိုက် အောင်မှတ်ဆိုပြီးရှိပါတယ်။ ဆိုလိုတာကတော့ Overall အလိုက် အောင်မှတ် ရပေမယ့် Section အလိုက် အောင်မှတ် မရရင်တော့ မအောင်နိုင်သလို ပြောင်းပြန် Section အလိုက် အောင်မှတ် ရပေမယ့်လဲ Overall အလိုက် အောင်မှတ် မရရင်လဲ စာမေးပွဲ မအောင်ပါဘူး။ ဒါကြောင့်မလို့ Level အလိုက် Overall အလိုက် အောင်မှတ် နဲ့ Section အလိုက် အောင်မှတ် ကိုသေချာကြည့်ပြီး စာမေးပွဲအတွက်ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ အသေးစိတ်ကိုတော့ JLPT Website ရဲ့ Determination of pass/fail မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ 

JLPT ဖောင်ကိုဘယ်မှာတင်ရတာလဲ။

ဒါဆို JLPT အကြောင်းလဲ သိသင့်သလောက်သိပြီဆိုရင်တော့ စာမေးပွဲဖြေဖို့အတွက် ဘယ်လို ဖောင်တင်ရမလဲ ဆိုတဲ့ အချက်ကိုလဲ သိဖို့လိုအပ်ပါတယ်။ စာမေးပွဲဖြေဆိုဖို့အတွက် ဖောင်ကိုတော့ ပြည်တွင်းနှင့် ပြည်ပအလိုက် သက်ဆိုင်ရာ နေရာတွေမှာ အသီးသီးဖောင်တင်ဖို့လိုအပ်ပါတယ်။ အပေါ်မှာပြောခဲ့သလိုပဲ JLPT စာမေးပွဲတွေကို တစ်နှစ် ၂ ကြိမ်သာကျင်းပလေ့ရှိကြပါတယ်။ စာမေးပွဲမကျင်းပခင်မှာ ဖောင်တင်ရမယ့် ရက်စွဲကိုလဲ ကြောညာတဲ့ အတွက်ကြောင့်မို့လို့ အဲဒီ ရက်စွဲအတိုင်း လိုက်နာပြီး ဖောင်တင် စာမေးပွဲကြေးကိုသွင်းဖို့ လိုအပ်ပါတယ်။ ဂျပန်ပြည်တွင်းနှင့် ဂျပန်ပြည်ပ ဖောင်တင်တဲ့ နေရာ ကွဲပြားတဲ့အတွက်ကြောင့်မို့လို့ ခွဲပြီးဖော်ပြပါမယ်။ 

ပြည်ပ 

ဂျပန်နိုင်ငံပြည်ပ အထူးသဖြင့် မြန်မာနိုင်ငံမှာတော့ Myanmar Association of Japan Alumni (MAJA) လို့ခေါ်တဲ့ ဂျပန်ပညာတော်သင်ကျောင်းသာဟောင်းများ အဖွဲ့အစည်းမှာ‌ဖောင်တင်ပါတယ်။ စာမေးပွဲကြေးတွေနှင့် ဖောင်တင်ရမယ့်နေ့၊ အချိန်၊ နည်းလမ်းအကြောင်းတွေကိုလဲ အချိန်နှင့် တပြေးညီ Facebook Page ကနေ တင်ပေးနေတဲ့ အတွက်ကြောင့်မို့လို့ Facebook Page ကို သေချာ စောင့်ကြည့်ဖို့ အကြံပေးချင်ပါတယ်။ 

ပြည်တွင်း 

ဂျပန်ပြည်တွင်းမှာတော့ Japan Educational Exchanges and Services (JEES) မှာ ကိုယ်ပိုင်အကောင့်ကို ဖန်တီးပြီး ပိုက်ဆံသွင်းပြီး စာမေးပွဲ ဖြေဆိုဖို့ပြင်ဆင်နိုင်ပါတယ်။ ဖောင်တင်ရမယ့် အချိန်နှင့် စာမေးပွဲ ရက်စွဲ၊ စာမေးပွဲကြေး တွေကိုတော့ JLPT Webiste ကနေ ကြည့်ရှုနိုင်ပါတယ်။

JLPT စာမေးပွဲရလာဒ်ကို ဘယ်လိုကြည့်နိုင်မလဲ။ 

JLPT အကြောင်းရော၊ ဖောင်တင်လို့ရမယ့်နေရာနှင့် နည်းလမ်းတွေလဲ သိပြီး စာမေးပွဲဖြေလိုက်ပြီးဆိုရင် စာမေးပွဲ ရလာဒ်ကို ဘယ်လိုကြည့်ရမလဲ ကြည့်လိုက်ကြရအောင်။ စာမေးပွဲ ရလာဒ် ကြည့်နည်းလဲ ဂျပန်ပြည်တွင်းနှင့် ပြည်ပ ကွာပါတယ်။ဂျပန်ပြည်တွင်းမှာဆိုရင်တော့ စာမေးပွဲဖောင်တင်တုန်းက အကောင့်ကနေ တဆင့် အွန်လိုင်းကနေ စာမေးပွဲ ရလာဒ် ကိုကြည့်ရှုနိုင်ပါတယ်။ စာရွက်နဲ့ စာမေးပွဲ အောင်ကြောင်းအကြောင်းကြားစာကိုလဲ မှတ်ပုံတင်ထားတဲ့ လိပ်စာကို ပို့ပေးပါတယ်။ သို့သော် Certificate ကိုတော့ ယန်း ၁၀၀၀ ပေးပြီး ထုတ်ရပါတယ်။ ဂျပန်ပြည်ပ မြန်မာနိုင်ငံမှာဆိုရင်တော့ JLPT Website ကနေ တဆင့် ဖောင်တင်တုန်းက ဖြည့်ထားတဲ့ ID, password ကိုအသုံးပြုပြီး ဝင်ရောက်ကြည့်ရှုနိင်ပါတယ်။ Certificate ကိုတော့ အခမဲ့ Myanmar Association of Japan Alumni (MAJA)  မှာ ထုတ်ယူနိုင်ပါတယ်။ ဒီဆောင်းပါးမှာ ဖော်ပြ ထားတဲ့ အချက်အလက်တွေ အပြောင်းအလဲရှိနိုင်တဲ့ အတွက်ကြောင့်မို့လို့ နောက်ဆုံးအချက်အလက်တွေကို သိရှိနိုင်ဖို့အတွက် အမြဲတမ်း JLPT ရဲ့ တရားဝင်ဝက်ဘ်ဆိုက်တွေကို ဝင်ရောက်ကြည့်ရှုဖို့ တိုက်တွန်းအပ်ပါတယ်။ 

JLPT နဲ့ ပတ်သက်တဲ့ အတွေ့အကြုံများဝေမျှခြင်း။

ကျွန်တော်ကိုယ်တိုင်ကလဲ ဂျပန်ပြည်တွင်းမှာရော ပြည်ပမှာပါ JLPT ဖြေဆိုဖူးပါတယ်။ ၂၀၁၇ မှာ ဂျပန်စာစလေ့လာပြီး မြန်မာပြည်မှာတော့ ၂၀၁၇ မှာ N4 ၂၀၁၈ N3,N2 ၂၀၂၁ မှာတော့ ဂျပန်ပြည်တွင်းမှာ N1 ကိုဖြေဆိုခဲ့ပါတယ်။ အတွေ့အကြုံအရပြောရရင်တော့ JLPT အတွက် သေချာပြင်ဆင်ဖို့လိုအပ်ပါတယ်။ ကိုယ်ပိုင်အတွေ့အကြုံတွေအနေနဲ့ ဂျပန်စာ အရည်အချင်းစစ်စာမေးပွဲ ( JLPT N5/N4) မှာအမှတ်ကောင်းကောင်းရအောင်ဘယ်လို ပြင်ဆင်မလဲ? ဆိုတဲ့‌ဆောင်းပါးနှင့် JLPT N3/N2 ကိုအမှတ်ကောင်းကောင်းနဲ့အောင်ဖို့ ဘယ်လိုစာလေ့လာမလဲ? တွေမှာရေးသားခဲ့တဲ့ အတွက်ကြောင့်မို့လို့ အသေးစိတ်ကို ဝင်ရောက်ဖတ်ရှုဖို့တိုက်တွန်းအပ်ပါတယ်။ နောက်ပြီး JLPT အတွက်ပြင်ဆင်ရမယ့် ဝေါဟာရတွေကိုလဲ တစ်စုတစ်စည်းတည်းဖော်ပြထားတဲ့အတွက်ကြောင့်မို့လို့ ပြင်ဆင်တဲ့ အချိန်မှာ အသုံးဝင်မယ်လို့ထင်ပါတယ်။ နောက်တစ်ချက်က JLPT အတွက် ဖတ်စာအုပ်ထဲက စာတွေချည်းမဟုတ်ဘဲ Anime တွေကြည့်ရင်း လော့လာခြင်းဂျပန်သီချင်းတွေ နားထောင်ရင်းလေ့လာတာတို့ကိုလဲ ပြုလုပ်ဖို့ အကြံပေးချင်ပါတယ်။ အသေးစိတ်ဆောင်းပါးတွေကိုလဲ ဝင်ဖတ်ကြည့်ပါ။ 

အကျဥ်းချုပ် 

ဂျပန်စာလေ့လာနေတဲ့ သူတွေကြားထဲမှာ JLPT ကလူသိများတဲ့ စာမေးပွဲတစ်ခုဖြစ်ပြီး နှစ်စဥ်ဖြေဆိုတဲ့ သူတွေလဲ တိုးပွားနေပါတယ်။ ဒီဆောင်းပါးမှာတော့ JLPT ဖြေဆိုဖို့စဥ်းစားနေတဲ့ သူတွေနဲ့ JLPT ကိုပြင်ဆင်နေတဲ့ သူတွေအတွက် JLPT အတွက်အခြေခံအကြောင်းအရာတွေအပြင် ကိုယ်ပိုင်အတွေ့အကြုံတွေကိုပါ မျှဝေပေးလိုက်ပါတယ်။

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်စာလေ့လာခြင်း/ JLPT/ 日本語能力試験 (JLPT) ဆိုတာ ဘယ်လိုစာမေးပွဲမျိုးလဲ။ What is JLPT?

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ