လူကြိုက်များတဲ့ ရေဘဝဲလုံးကြော် (Takoyaki) အကြောင်း။

Takoyaki လို့ခေါ်တဲ့ ရေဘဝဲလုံးကြော်တွေကတော့ ဂျပန်အစားစာတွေ ထဲမှာ လူကြိုက်များတဲ့ အစားစာတစ်မျိုးဖြစ်ပါတယ်။ စားရလဲ လွယ်ကူပြီး စျေးလဲ သက်သာတဲ့ ဒီ Takoyaki  ကတော့ ဂျပန်နိုင်ငံရဲ့ အနောက်ဘက်ဒေသဖြစ်တဲ့ အိုဆာကာရဲ့ နာမည်ကြီးတဲ့ အစားစာဖြစ်ပါတယ်။ ဒါဆိုTakoyaki က ဘယ်လိုမျိုးနဲ့ တစ်နိုင်ငံလုံးမှာ လူကြိုက်များလာလဲ။ Takoyaki ကိုလွယ်လွယ် ဘယ်လိုလုပ်မလဲ၊ နာမည်ကြီးတဲ့ Takoyaki ဆိုင်တွေကဘယ်ဆိုင်တွေလဲ ဆိုတဲ့ အကြောင်းကို ဖော်ပြသွားပါ့မယ်။

မာတိကာ 

  1. Takoyaki ရဲ့မူလ အရင်းအမြစ်။
  2. Takoyaki လွယ်လွယ် ဘယ်လိုလုပ်မလဲ။
  3. Takoyaki နာမည်ကြီးတဲ့ ဆိုင်များ။ 
  4. အကျဥ်းချုပ် 

Takoyaki ရဲ့မူလ အရင်းအမြစ်။

အပေါ်မှာပြောခဲ့သလိုပဲ Takoyaki  ကတော့ ဂျပန်နိုင်ငံရဲ့ အနောက်ဘက်ဒေသဖြစ်တဲ့ အိုဆာကာရဲ့ နာမည်ကြီးတဲ့ အစားစာဖြစ်ပါတယ်။ ယခင်တုန်းကတော့ ငံပြာရည်အရသာ အမဲသားကို အသုံးပြုခဲ့ကြပါတယ်။ ဒီလို ငပြာရည် အရသာ အမဲသားနှင့် မုန့်လုံးကြော် ထားတဲ့ အရာကိုတော့ Rajioyaki လို့ခေ့ါကြပါတယ်။ 
ဒါပေမယ့် ၁၉၃၅ ခုနှစ်ကနေ စပြီးတော့Aizuya ဆိုတဲ့ ဆိုင် ကနေပြီးတော့ အမဲသားအစား ရေဘဝဲ ကိုအသုံးပြုပြီးတော့ မုန့်နာမည်ကိုလဲ たこ焼き (takoyaki) ဆိုပြီးတော့ ပြောင်းပြီးခေါ်လာကြပါတယ်။ たこ(tako) ကတော့ ရေဘဝဲ ဖြစ်ပြီး၊ 焼き(yaki) ဆိုတာကတော့ ကင်တယ်၊ကြော်တယ် ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ တိုက်ရိုက်ဘာသာပြန်လိုက်ရင် ရေဘဝဲ လုံးကြော်ဆိုပြီး ပြန်လို့ရပါတယ်။ ဒုတိ ကမ္ဘာစစ်ပြီးတဲ့ အနောက်ပိုင်းမှာတော့ takoyaki ဆော့စ်ထွင်လိုက်ပြီး နောက်ပိုင်းမှာတော့ ဆော့စ် နဲ့ တွဲပြီးစားလာကြပါတယ်။ 
ယခုနောက်ပိုင်းမှာတော့ ကုန်တိုက်တွေ၊ Convenience store တွေမှာလဲ たこ焼き (takoyaki)  ကိုရောင်းချ လျက်ရှိကြပါတယ်။ ဒါပေမယ့် たこ焼き (takoyaki) ကတော့ အများအားဖြင့် ပူပူနွေးနွေးစားရတဲ့ အစားအသောက်မျိုးဖြစ်ပါတယ်။ နောက်ပြီး たこ焼き (takoyaki) တွေကတော့ ပွဲတော်တွေမှာ ရောင်းတဲ့ 屋台 (yatai) တွေမှာလဲ ရောင်းချလေ့ရှိကြပါတယ်။ ရိုးရာပွဲတွေမှာလဲ たこ焼き (takoyaki)ကတော့ မပါမဖြစ်အစာအသောက်တွေဖြစ်ပါတယ်။ နောက်ပြီး သူငယ်ချင်းတွေ စုစည်းပြီး たこ焼き パーティー(takoyaki party)ရေဘဝဲလုံးကြော်ပါတီတွေကိုလဲ လုပ်လေ့ရှိကြပါတယ်။ 

Takoyaki လွယ်လွယ် ဘယ်လိုလုပ်မလဲ။

たこ焼き (takoyaki) ကတော့ ဆိုင်တွေမှာ တင်မဟုတ်ဘဲ အိမ်မှာ လဲ အလွယ်တကူ လုပ်နိုင်တဲ့ အစားစာမျိုးဖြစ်ပါတယ်။ လုပ်နည်းကလဲ လွယ်ကူပြီး ပါဝင် ပစ္စည်းတွေကို လဲ အလွယ်တကူဝယ်ယူနိုင်ပါတယ်။  ပါဝင် ပစ္စည်းတွေကို ကြည့်လိုင်ကြရအောင်။ 

ပါဝင်ပစ္စည်းများ

လိုအပ်တဲ့ ပစ္စည်းတွေကတော့ 

  • ゆでだこ(yudedko)- ရေဘဝဲပြုတ် 
  • 青ネギ(aonegi)- ကြက်သွန်မြိတ် 
  • 卵(tamago)- ကြက်ဥ 
  • たこ焼き粉(takoyakiko)-  takoyaki အမှုန့် 
  • 紅生姜 (benishouga) -  ဂျင်းအနီ 
  • 天かす(tenkasu) -  အကြော်မွ  တို့ဖြစ်ပါတယ်။

အောက်ပါ ပါဝင်ပစ္စည်းတွေကတော့ မိမိအကြိုက်ပေါ်မူတည်ပြီး သုံးစွဲနိုင်ပါတယ်။ 

  • マヨネーズ(mayonēzu) - မရောနိစ် 
  • 青のり(aonori)- ‌ရေညှိ 
  • たこ焼きソース(takoyakisōsu) -  takoyaki ဆော့စ် 
  • かつおぶし (katsuobushi) -  ဘိုနီတိုငါးပြားလွှာ ခြောက် 

နောက်ပြီး အိမ်မှာလုပ်မယ်ဆိုရင် たこ焼き器 (takoyakiki) လို့ခေါ်တဲ့ ရေဘဝဲလုံးကြော်စက်ရှိဖို့လိုအပ်ပါတယ်။ ကြော်စက်တွေကိုတော့ ပုံမှန်လျှပ်စစ်ပစ္စည်းဆိုင်တွေမှာ အလွယ်တကူဝယ်ယူနိုင်ပါတယ်။ 

ပြုလုပ်ပုံအဆင့်ဆင့် 

လိုအပ်တဲ့ ပစ္စည်းတွေ စုံလင်ပြီဆိုရင် ပြုလုပ်တဲ့ နည်းလမ်းတွေကို ကြည့်လိုက်ကြရအောင်။ ပြုလုပ်ပုံကလဲ ရိုးရှင်လွယ်ကူပါတယ်။

(၁) ခွက်တစ်ခုထဲကို မှုန့်၊ ကြက်ဥ၊ ရေ တို့ကိုထည့်ပြီး မွေပြီး မှုန့်အနှစ်ကိုအရင်လုပ်ပါ။
(၂)  takoyaki ကြော်မယ့် ခွက်ထဲကိုဆီနဲ့ သုပ်ထားပြီး အသင့်လုပ်ထားတဲ့ မှုန့်အနှစ်တွေကို ထည့်လိုက်ပါ။
(၃) မုန့်အနှစ်အပေါ်မှာ ရေဘဝဲပြုတ်တွေကိုထည့်ပါ။
(၄)  ရေဘဝဲပြုတ် ထည့်ပြီးတာနဲ့ ချက်ချင်း ဂျင်းနီ၊ အကြော်မွ နှင့် ကြက်သွန်မြိတ်တို့ကို ထည့်ပါ။ 
(၅) မုန့်လုံးကို လုံးသွားအောင် လုံးပေးပြီး ပတ်ပတ်လည် အကျက်ညီအောင်လုပ်ပေးပါ။
(၆) ၁ မိနစ်လောက်ထားလိုက်ရင် ကျက်သွားမှာဖြစ်ပါတယ်။ 

ကျက်သွားတဲ့ ရေဘဝဲလုံးကြော်တွေကိုတော့ မရောနိစ်၊ ရေညှိ၊ ဘိုနီတို ငါးပြားလွှာအခြောက်၊ ဆော့စ် တို့နဲ့ ကြိုက်နှစ်သစ်သလို တွဲဖက်ပြီးစားသုံးနိုင်ပါတယ်။ 

Takoyaki နာမည်ကြီးတဲ့ ဆိုင်များ။ 

Takoyaki ကလူကြိုက်များလာတာနဲ့ အမျှ ဂျပန်နိုင်ငံ တဝှမ်းမှာ Takoyaki နာမည်ကြီးတဲ့ ဆိုင်တွေ အများကြီးရှိပါတယ်။ ဒါကြောင့် ဂျပန်မှာနာမည်ကြီးပြီး နေရာတိုင်းနီးပါးမှာတွေ့နိုင်မယ့် ဆိုင်ခွဲတွေအများကြီးရှိတဲ့ Takoyaki ဆိုင်နှင့်နာမည်ကြီးဆိုင်တွေကို ဖော်ပြသွားပါ့မယ်။ 

Azuya (会津屋)


Azuya ကတော့ အပေါ်မှာလဲ ပြောခဲ့သလို  Takoyaki စတင်တဲ့ ဆိုင်ကြီးဖြစ်ပြီး ဒီဆိုင်ကတော့ တိုကျို၊ အိုဆာကာ နှစ်မြို့ပေါင်းမှာ ဆိုင် ၁၀ ဆိုင်ရှိပါတယ်။ မူလဆိုင်ကတော့ အိုဆာကာမှာရှိပါတယ်။ ၁၉၃၃ ခုနှစ်ကတည်းက စတင်ပြီးဖွင့်လှစ်ထားတဲ့ ဆိုင်ဖြစ်ပြီး  Takoyaki တစ်မျိုးတည်းကိုပဲ အရသာစုံစုံလင်လင်နဲ့ ရွေးချယ်ပြီး စားသုံးနိုင်ပါတယ်။ 

Gindako(銀だこ)

ပထမဆုံးဆိုင်ကတော့ ဆိုင်ခွဲတွေ အများကြီးရှိတဲ့  Takoyaki ဆိုင်ဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ်ကတည်းက ဖွင့်လှစ်ထားပြီး ဂျပန်နိုင်ငံအပြင် တခြားနိုင်ငံတွေဖြစ်တဲ့ ထိုင်ဝမ်၊ တရုတ်၊ ထိုင်း၊ စင်ကာပူ တို့မှာလဲ  ဆိုင်ခွဲတွေရှိပါတယ်။ ဆိုင်ခွဲတွေ အများကြီးရှိတဲ့ အတွက်ကြောင့်မို့လို့ နေရာတိုင်းနီးပါးမှာ တွေ့နိုင်ပါတယ်။

Takoyaki Kukuru

Takoyaki ကတော့ အိုဆာကာရဲ့ နာမည်ကြီး ဒေသအစားစာဖြစ်တဲ့ အတွက်ကြောင့် နာမည်ကြီးတဲ့ ဆိုင်တော်တော်များများကို အိုဆာကာမှာတွေ့နိုင်ပါတယ်။ အဲဒီအထဲမှာ နာမည်ကြီးတဲ့ ဆိုင်တစ်ခုကတော့  Takoyaki Kukuru လို့ခေါ်တဲ့ Dotonbori မှာတွေ့ရတဲ့ ရေဘဝဲပုံနဲ့ ဆိုင်ကြီးဖြစ်ပါတယ်။ အိုဆာကာအပြင် တခြားနေရာတွေမှာလဲ ဆိုင်ခွဲစုစုပေါင်း ၆၀ ကျော် နှင့် သက်တမ်း နှစ်ပေါင်း ၃၀ ကျော်ရှိတဲ့ ဆိုင်တစ်ဆိုင်လဲ ဖြစ်ပါတယ်။ 

TAKOPA 

နာမည်ကြီးဆိုင်တွေ အားလုံးကို တစ်နေရာတည်းမှာ စုစည်းပြီးစားချင်ပါသလား။ ဒါဆိုရင်တော့ အိုဆာကာရဲ့  Takoyaki ပန်းခြံလို့အမည်ရတဲ့ TAKOPA ဆိုတဲ့ နေရာကိုသွားနိုင်ပါတယ်။ နေရာကတော့ universal studio ရဲ့ အနီးအနားဖြစ်တဲ့ universal city walk ရဲ့ ၄ လွှာမှာရှိပါတယ်။  universal studio ကိုသွားရင်း Takoyaki  ပါစားချင်ရင်တော့ ဒီနေရာလေးက အဆင်ပြေပါတယ်။ တစ်နေရာတည်းမှာ Takoyaki နာမည်ကြီးတဲ့ ဆိုင် ၆ဆိုင်ကို တစ်ခါတည်းတွေ့နိုင်မှာဖြစ်ပါတယ်။ 

အကျဥ်းချူပ် 

ဒီနေ့မှာတော့ ဂျပန်မှာတင်မဟုတ်ဘဲ တခြားနိုင်ငံတွေမှာတင် နာမည်ကြီးတဲ့ Takoyaki  နဲ့ပတ်သက်ပြီးတော့ဖော်ပြခဲ့ပါတယ်။  Takoyaki  ကဆိုင်တွေမှာတင်မဟုတ်ဘဲအိမ်မှာလဲ လုပ်ရလွယ်တဲ့ အစားစာတစ်မျိုးဖြစ်ပါတယ်။ ပြုလုပ်ရလွယ်ကူတဲ့ အတွက်ကြောင့်မိုလို့ သူငယ်ချင်းတွေနဲ့ ဆုံရင် သေချာပေါက် လုပ်စားကြည့်ဖို့ အကြံပေးချင်ပါတယ်။ 

စာရေးသူ

Hein
မင်္ဂလာပါ။ Wexpats မှာ ဂျပန်စာ၊ ဂျပန်နိုင်ငံ၊ ဂျပန်ယဥ်ကျေးမှု အကြောင်းတွေကိုတင်ဆက်ရေးသားနေတဲ့ ဟိန်းပါ။ဝါသနာကတော့ ဂျပန်စာလေ့လာတာနဲ့ ဓာတ်ပုံရိုက်တာဖြစ်ပါတယ်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်နေထိုင်မှုဘဝ/ အစားအသောက်နှင့်ဈေးဝယ်ထွက်ခြင်း/ လူကြိုက်များတဲ့ ရေဘဝဲလုံးကြော် (Takoyaki) အကြောင်း။

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ