ဂျပန်နိုင်ငံရဲ့ ကာရာအိုကေ ဆိုင်များနှင့် ထူးခြားချက်များ

ကာရာအိုကေကတော့ သီချင်းဆိုပြီး စိတ်အပန်ပြေနိုင်တဲ့ နေရာဖြစ်တဲ့အတွက်ကြောင့် သီချင်းကြိုက်တဲ့ သူတွေအတွက် တော်တော်အဆင်ပြေတဲ့ နေရာဖြစ်ပါတယ်။ မြန်မာပြည်မှာလဲ ကာရာအိုကေ ရှိသလို ဂီတမှာ နယ်နိမိတ်ခြားမရှိဆိုတဲ့ စကားလိုပဲ ဂျပန်မှာလဲ ကာရာအိုကေတွေရှိပါတယ်။ ဒီဆောင်းပါးမှာတော့ ဂျပန်နိုင်ငံရဲ့ ကာရာအိုကေတွေအကြောင်းနှင့် ထူးခြားချက်တွေအကြောင်းကိုဖော်ပြသွားပါ့မယ်။ 

မာတိကာ

ဂျပန်နိုင်ငံက ကာရာအိုကေ အကြောင်း။

ဂျပန်လူမျိုးတွေကတော့ ကာရာအိုကေ ကိုတော်တော်ကြိုက်ပါတယ်။ အလုပ်ဆင်းချိန်၊ ကျောင်းဆင်းအချိန်တွေအပြင် သူငယ်ချင်းတွေကြားထဲ တစ်ခုခုအရေးကြီးတဲ့ နေ့တွေမျိုးမှာဆိုရင် ကာရာအိုကေကို သွားလေ့ရှိကြပါတယ်။ ဂျပန်နိုင်ငံရဲ့ ကာရာအိုကေ ကိုတော့ လူငယ်တွေတင်မဟုတ်ဘဲ အသက်အရွယ်မရွေးလူကြီးတွေပါကြိုက်နှစ်သက်ကြပါတယ်။ ယနေ့ခေတ်မှာတော့ ကာရာအိုကေ ကိုတော့ ခေတ်နှင့်အညီ စက်ပစ္စည်းအမျိုးမျိုးကိုတီထွင်ပြီး အသုံးပြုလာကြပြီဖြစ်ပါတယ်။ ကာရာအိုကေ ကတော့ ၁၉၇၀ ခုနှစ်မှာ စတင်ပေါ်ပေါက်လာပြီး ရေပန်းစားခဲ့တယ်လို့ဆိုကြပါတယ်။ 「カラオケ karaoke」ကာရာအိုကေ ဆိုတာကတော့ ဂျပန်စကားလုံး「空 kara」ကာရာ လို့ခေါ်တဲ့ ဗလာ ဆိုတဲ့အဓိပ္ပာယ်နှင့်「オケ oke」လို့ခေါ်တဲ့ ဂျပန်စကားလုံး「オーケストラ orchestra」အသံစုံတီဝိုင်းဆိုတဲ့ အဓိပ္ပာယ် ၂ ခုကိုပေါင်းစပ်ထားခြင်းဖြစ်ပါတယ်။ ဒီနှစ်ခုကိုပေါင်းစပ်လိုက်ရင်တော့ အသံစုံတီးဝိုင်းမပါခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ 

ဂျပန်နိုင်ငံက ကာရာအိုကေရဲ့ထူးခြားချက်များ။

အပေါ်မှာပြောခဲ့သလို ဂျပန်လူမျိုးတွေကတော့ ကာရာအိုကေ ကြိုက်တဲ့ သူတွေများတဲ့ အတွက်ကြောင့် ဂျပန်နိုင်ငံရဲ့ ကာရာအိုကေ လုပ်ငန်းကြီးကလဲ တိုးတက်ပြောင်းလဲမှုတွေ အများကြီးနှင့် တွေ့မြင်နိုင်ပါတယ်။ ဒါကြောင့် ဒီမှာတော့ ဂျပန်နိုင်ငံက ကာရာအိုကေ တွေရဲ့ ထူးခြားချက်တွေကို မြန်မာနိုင်ငံနှင့် နှိုင်းယှဥ်ပြီး ဖော်ပြ သွားပါ့မယ်။ 

ကာရာအိုကေ ဆိုင်များ များပြားခြင်း 

ကာရာအိုကေ လူကြိုက်များတဲ့ အတွက်ကြောင့်မို့လို့ ကာရာအိုကေ ဆိုင်ခွဲတွေလဲ အများကြီးရှိတဲ့ အချက်ကလဲ ထူးခြားတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ Nippon Software Service ကနေ ပြုစုထားတဲ့ စစ်တမ်းအရဆိုရင် တိုကျိုကတော့ ကာရာအိုကေ ဘောက်စ် အများဆုံးနေရာဖြစ်ပြီး ၆၁၃ ဆိုင်ရှိတယ်လို့ သိရပါတယ်။ ဒါကလဲ တိုကျိုမှာနေထိုင်တဲ့ လူဦးရေ များတဲ့ အတွက်ကြောင့်လဲပါပါတယ်။ဒီစစ်တမ်းရဲ့ ဖော်ပြချက်အရ လူဦးရေ တစ်သောင်းအလိုက် အချိုးကျ ပြန်တွက်ကြည့်လိုက်မယ်ရင် တိုကျိုက ဂျပန်တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ နံပါတ် ၁၈ ဖြစ်ပါတယ်။ ကာရာအိုကေ ဆိုင်ခွဲအများဆုံးကတော့ အိုကီနာဝါဖြစ်ပြီး ၁၁၅ ဆိုင်ဖြစ်ပါတယ်။ 

လူဦးရေအလိုက်စျေးနှုန်းများကွာခြားမှုမရှိခြင်း 

မြန်မာနိုင်ငံက ကာရာအိုကေ အများစုကတော့ လူများလေ စျေးသက်သာလေဖြစ်ပါတယ်။ ဒါပေမယ့် ဂျပန်မှာတော့ ဒီလိုမဟုတ်ဘဲ လူအများနှင့်သွားလဲ တူညီတဲ့ စျေးနှုန်းနှင့်ပေးချေရတဲ့ ဆိုင်တွေများပါတယ်။ သို့သော် ရွေးချယ်စရာ အချိန်အမျိုးအစားတွေများပြားလွန်းတာကလဲ ဂျပန်နိုင်ငံရဲ့ ကာရာအိုကေရဲ့ ထူးခြားချက်လို့ဆိုနိုင်ပါတယ်။ ဥပမာ အချိန်အကန့်အသတ်မရှိဆိုနိုင်ခြင်း၊ မိနစ်၃၀ လောက်သာ ဆိုနိုင်တဲ့ အချိန်တို အမျိုးအစားတွေလဲရှိပါတယ်။ အဲဒါကြောင့်မို့လို့ မြန်မာနိုင်ငံကာရာအိုကေတွေနဲ့ စာရင် စျေးအနည်းငယ်ကြီးနိုင်ပေမယ့် အသုံးပြုနိုင်တဲ့ အချိန်နှင့် Course အမျိုးအစားစုံလင်မှုကလဲ ဂျပန်နိုင်ငံရဲ့ ကာရာအိုကေရဲ့ဆွဲဆောင်မှုရှိတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ 

တစ်ယောက်တည်းသီးသန့် ကာရာအိုကေ ရှိခြင်း 

မြန်မာနိုင်ငံက ကာရာအိုကေမှာလဲ တစ်ယောက်တည်း ကာရာအိုကေ ကိုသွားလို့ရပါတယ်။ ဒါပေမယ့် တစ်ယောက်တည်းအတွက် သီးသန့် ကာရာအိုကေ အခန်းဆိုပြီး သီးသန့် ဝန်ဆောင်မှုမျိုးမရှိပါဘူး။ ဒါကြောင့် မို့လို့ တယောက်တည်း ကာရာအိုကေ ရှိတဲ့ အချက်ကလဲ ဂျပန်နိုင်ငံရဲ့ ကာရာအိုကေရဲ့ ထူးခြားချက်လို့ဆိုနိုင်ပါတယ်။ ကျွန်တော်ကတော့ အမြဲတမ်း သူငယ်ချင်းတွေနဲ့ အပြင်လျှောက်လည်လို့ ချိန်ထားတဲ့ အချိန်ထက်စောတဲ့ အချိန်တွေ၊ အတူတူကာရာအိုကေ သွားနေကျ သူငယ်ချင်းတွေ မအားတဲ့ အချိန်တွေမျိုးမှာဆိုရင် အမြဲတမ်းတစ်ယောက်တည်းသီးသန့် ကာရာအိုကေ ကိုအသုံးပြုလေ့ရှိပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် ကာရာအိုကေ သွားဖို့အတွက် သူငယ်ချင်းတွေနဲ့ လူစုပြီး ညှိနှိုင်းပြီး စုံမှသွားလေ့ရှိပေမယ့် ဂျပန်မှာတော့ သွားချင်တဲ့ အချိန်မှာ တစ်ယောက်တည်းထသွားနိုင်တဲ့ အတွက်ကြောင့်မို့လို့ အရမ်းအဆင်ပြေပါတယ်။ 

ဂျပန်နိုင်ငံရဲ့ ကာရာအိုကေ ဆိုင်များနှင့် စနစ်များ။

ကာရာအိုကေ စျေးနှုန်းများ 

ကာရာအိုကေ စျေးနှုန်းတွေကနေ နေရာနှင့်အချိန်ကိုလိုက်ပြီး ကွဲပြားနိုင်ပါတယ်။ ဥပမာ လူစည်ကားတဲ့နေရာတွေမှာဆို ပိုပြီး စျေးကြီးနိုင်သလို နေ့ဘက်နှင့် ညဘက် ဆိုရင် ညဘက်တွေမှာ ကာရာအိုကေ စျေးကပိုပြီး ကြီးပါတယ်။ အခြေခံ ကာရာအိုကေ စျေးနှုန်းတွေကိုကြည့်လိုက်ကြရအောင်။စျေးနှုန်းတွေကိုတော့ နာမည်ကြီးတဲ့ Karaoke ဆိုင်ဖြစ်တဲ့ Big Echo ကိုဥပမာအနေနဲ့ ကြည့်လိုက်ကြရအောင်။ 

အချိန် 

တစ်ဦးချင်းစီအလိုက်‌စျေးနှုန်း

နေ့တိုင်း ည ၆ နာရီအထိ 

မိနစ် ၃၀ - ၂၂၀ ယန်း

ကြားနေ့များ ည ၆ နာရီအထိ 

မိနစ် ၃၀ - ၃၈၀ ယန်း

ပိတ်ရက်များ ည ၆ နာရီအထိ

မိနစ် ၃၀ - ၄၅၀ ယန်း

※Big Echo, ”Nakano Station Branch"

အချိန် 

တစ်ဦးချင်းစီအလိုက်‌စျေးနှုန်း

နေ့တိုင်း ည ၆ နာရီအထိ 

မိနစ် ၃၀ - ၂၂၀ ယန်း

ကြားနေ့များ၊ တနင်္ဂနွေနေ့၊ ပိတ်ရက်များ ည ၆ နာရီမှစပြီး

မိနစ် ၃၀ - ၅၅၀ ယန်း

သောကြာ၊ စနေနှင့် ပိတ်ရက်မတိုင်ခင်ညများည ၆ နာရီမှစပြီး

မိနစ် ၃၀ - ၆၈၀ ယန်း

※Big Echo, "Shinjuku East Exit Branch"

ဒီနှစ်ခုကိုကြည့်လိုက်တာနဲ့ ဂျပန်က ကာရာအိုကေတွေရဲ့ စျေးကနေရာ နှင့် အချိန်အပေါ်မူတည်ပြီးမတူညီတာတွေ့ရမှာဖြစ်ပါတယ်။ နောက်ပြီး ပိတ်ရက်ရှည်တွေဖြစ်တဲ့ ဇူလိုင်လနှင့်သြဂုတ်လတွေမှာဆိုရင် အထူးစျေးတွေနဲ့ရနိုင်တာမျိုးရှိပါတယ်။ ကျောင်းသား၊ အဖွဲ့လိုက်၊ အဖွဲ့ဝင် အစသဖြင့် လျော့စျေးတွေလဲရှိတတ်ပါတယ်။

One Drink စနစ် 

ဂျပန်က ကာရာအိုကေ ဆိုင်တွေအများပြားမှာ One Drink စနစ် ကိုတော်တော်များများတွေ့ရပါတယ်။ One Drink စနစ် ဆိုတာကတော့ ကျိန်းသေပေါက် သောက်စရာ တစ်ခွက်မှာရမယ့် စနစ်ကိုဆိုလိုပါတယ်။ ကိုယ်မှာတဲ့ သောက်စရာအတွက်လဲ ပိုက်ဆံ သန့်သန့် ထပ်ပေးရမှာဖြစ်ပါတယ်။ 

အစားအသောက်များမှာယူနိုင် 

ဂျပန်က ကာရာအိုကေ မှာလဲ မြန်မာနိုင်ငံမှာလိုပဲ အစားအသောက်တွေကိုမှာယူနိုင်ပါတယ်။ အစားအသောက်တွေကို ဖုန်းနှင့်တဆင့်ဖြစ်စေ၊ Touch Panel တွေကနေ တဆင့်ဖြစ်စေ မှာယူနိုင်ပါတယ်။ 

ကာရာအိုကေ မှာ အဆိုများသော ဂျပန်သီချင်းများ။

သိတဲ့ အတိုင်းပဲ ကာရာအိုကေမှာဆိုရင် လူသိများတဲ့ သီချင်းတွေကို အားလုံးနှင့်အတူတူဆိုရတာက ပျော်စရာကောင်းတြံ အချက်တစ်ချက်ဖြစ်ပါတယ်။ ဒါကြောင့် ဂျပန်မှာ ကာရာအိုကေမှာ ဆိုလေ့ရှိတဲ့ သီချင်းတွေကို သိထားတာကောင်းပါတယ်။ ကာရာအိုကေ မှာတော့ ဂျပန်သီချင်းတွေရော၊ အင်္ဂလိပ် သီချင်းတွေ ဆိုနိုင်ပါတယ်။ ဂျပန်သီချင်းတွေ ထဲမှာတော့ အဆိုများတဲ့ သီချင်းတွေကိုတော့ Dam ရဲ့ နှစ်အလိုက်၊ လအလိုက်၊ အပတ်အလိုက် Karaoke Ranking ကနေ ဝင်ကြည့်နိုင်ပါတယ်။ လူကြိုက်များပြီး ကာရာအိုကေမှာ အဆိုများတဲ့ သီချင်းတွေကို သိထားရင် သူငယ်ချင်းတွေနဲ့ ကာရာအိုကေ သွားရတာ ပိုပြီးတော့ ပျော်ဖို့ကောင်းမှာဖြစ်ပါတယ်။ 

ကာရာအိုကေ အတွေ့အကြုံနှင့် ထင်မြင်ချက်များ။

ကျွန်တော်ကိုယ်တိုင်ကလဲ ကာရာအိုကေ ကိုတစ်လ ၂ ကြိမ်နှင့်အထက် သွားလေ့ရှိပါတယ်။ ကိုယ်တိုင် သီချင်းတွေကို ကြိုက်လို့ ဖြစ်တဲ့ အပြင် တခြားအကြောင်းပြချက်တွေပါ ပါဝင်တဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ ဒါဆို ကာရာအိုကေ နှင့် ကိုယ်တိုင်အမြင် တွေကိုဖော်ပြသွားပါ့မယ်။ 

ဂျပန်စာ လေ့လာနိုင်ခြင်း

သီချင်းတွေကတော့ ဂျပန်စာလေ့လာတာကလဲ အကျိုးသက်ရောက်မှု တစ်ခု ရှိကိုရှိပါတယ်။ ဒါပေမယ့် သီချင်းတွေကနေ ဂျပန်စာလေ့လာတဲ့ အချိန်မှာ သတိထားသင့်တဲ့ အချက်လေးတွေရှိပါတယ်။ ဒီနေရာမှာတော့ ကာရာအိုကေသွားတဲ့ အချိန်မှာ သီချင်းကနေ ဂျပန်စာလေ့လာနိုင်တဲ့ အားသားချက် ၂ ချက်ကိုပြောပြပါ့မယ်။ 

ပထမ အချက်ကတော့ သီချင်းစားသားတွေကို ကြည့်ပြီးဆိုနိုင်တဲ့ အတွက်ကြောင့် ပုံမှန်အချိန်ထက် ပိုပြီးတော့ ဂျပန်စာ စကားလုံးတွေ မှန်မှန်ကန်ကန် မှတ်နိုင်ခြင်းဖြစ်ပါတယ်။ ပုံမှန်အချိန်မှာဆို အများအားဖြင့် စားသားကိုမကြည့်ဘဲ ဒီအတိုင်းသီချင်းတွေကိုနားထောင်လေ့ရှိကြပါတယ်။ ဒါကြောင့် တစ်ချို့ ဂျပန်စာစကားလုံးတွေကို မကြားနိုင်တာတို့၊ အမှတ်မှားတာတို့ ၊ အဓိပ္ပာယ်ကိုမသိဘဲ ဒီအတိုင်းမှတ်ထားထာတို့ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကာရာအိုကေမှာဆိုရင်တော့ သီချင်းစာသားကိုကြည့်ပြီးဆိုနိုင်တဲ့ အတွက်ကြောင့်မိုလို့ စကားလုံးတွေကိုပိုပြီးမှတ်မိလာနိုင်တဲ့ အပြင် တချို့ စကားလုံးတွေရဲ့ အဓိပ္ပာယ်ကို မှန်မှန်ကန်ကန်နှင့် သေသေချာချာ မှတ်နိုင်ပါတယ်။ ကျွန်တော့် ကိုယ်တိုင်လဲ ကာရာအိုကေမှာ သီချင်းဆိုနေရင်း မသိတဲ့ စကာလုံးတွေပါလာရင်ဖြစ်စေ၊ စိတ်ဝင်စားစရာကောင်းတဲ့ စကားလုံးတွေကိုဆို အဓိပ္ပာယ်ကိုချက်ချင်းရှာဖွေပြီး မှတ်ထားလေ့ရှိပါတယ်။ 

ဒုတိယ အချက်ကတော့ ခန်းဂျိတွေကို သင်ယူနိုင်ခြင်းဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ ကာရာအိုကေမှာကတော့ ခန်းဂျိတွေရဲ့ ဖတ်ပုံဖတ်နည်းတွေကို ရေးပြထားတဲ့ အတွက်ကြောင့်မိုလို့ သီချင်းဆိုရင်း ခန်းဂျိ တွေကိုအလွယ်တကူမှတ်မိနိုင်ပါတယ်။ ဒါကြောင့်မို့လို့ သီချင်းဆိုရင်း JLPT အတွက်ပါ ခန်းဂျိ လေ့ကျင့်နိုင်ပါသေးတယ်။ 

သီချင်းကို အမှတ်ပေးတဲ့ စနစ်ပါရှိခြင်း 

ဒီအချက်ကလဲ တချို့ ကာရာအိုကေကြိုက်တဲ့ သူတွေကိုဆွဲဆောင်တဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ သို့သော် အမှတ်တွက်တဲ့ အချိန်ကြာတဲ့ အတွက်ကြောင့်မို့လို့ ဒီ function ကိုသိပ်မကြိုက်တဲ့ သူတွေလဲရှိပါတယ်။ ကျွန်တော်ကတော့ အများအားဖြင့် သူငယ်ချင်းတွေအများကြီးနှင့် အတူတူသွားပြီး အချိန်အကန့်အသတ်မရှိတဲ့ Course ကိုအသုံးပြုတဲ့ အချိန်မှာ ဒီ function ကိုအသုံးပြုလေ့ရှိပါတယ်။ 

မိမိနှင့်ကိုက်ညီတဲ့ ကီးကိုပြောင်းနိုင်ခြင်း

မြန်မာနိုင်ငံက ကာရာအိုကေတွေမှာတော့ ဒီစနစ် မပါပေမယ့် ဂျပန်ကကာရာအိုကေတွေမှာတော့ ကိုယ်နဲ့ ကိုက်ညီတဲ ကီးကိုပြောင်းပြီး သီချင်းဆိုနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ကီးမြင့်တဲ့ သီချင်းတွေကိုလဲ ကိုယ့်ဘာသာ ကီးပြောင်းပြီး အေးဆေး သီဆိုနိုင်ပါတယ်။ ဒိအချက်ကလဲ ဂျပန်နိုင်ငံရဲ့ ကာရာအိုကေရဲ့ ကောင်းမွန်တဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။

အကျဥ်းချုပ် 

ဒီ‌ဆောင်းပါးမှာတော့ ဂျပန်နိုင်ငံရဲ့ ကာရာအိုကေတွေအကြောင်းကိုဖော်ပြလိုက်ပြီး ထူးခြားချက်တွေနှင့်သိထာသင့်တဲ့ အချက်တွေကို တစ်စုစည်းတည်းဖော်ပြလိုက်ပါတယ်။ နောက်ပြီး ကိုယ်တိုင်အတွေ့အကြူံတွေကိုပါ ပေါင်းစပ်ပြီး ဖော်ပြခဲ့တဲ့ အတွက်ကြောင့်မို့လို့ ကိုယ်တိုင် ကာရာအိုကေကိုသွားတဲ့ အချိန်မှာ အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်။

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ယဥ်ကျေးမှု/ ဂျပန်လူမျိုး၏နေ့စဉ်ဘဝ/ ဂျပန်နိုင်ငံရဲ့ ကာရာအိုကေ ဆိုင်များနှင့် ထူးခြားချက်များ

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ