အိုဆာကာမြို့ရဲ့ နာမည်ကြီးအစားအသောက်များနဲ့ လည်ပတ်စရာနေရာများ

အိုဆာကာ လို့ပြောလိုက်ရင် ဂျပန်နိုင်ငံရဲ့ အနောက်ဘက်မှာ အကြီးဆုံးမြို့ဖြစ်ပြီး ဂျပန်နိုင်ငံတစ်နိုင်ငံလုံးမှာဆိုရင် တိုကျိုဒေသ ပြီး နောက်ထပ် အကြီးဆုံးမြို့တစ်မြို့ဖြစ်ပါတယ်။ အိုဆာကာ မြို့တည်ရှိရာဒေသကို ခန်းဆိုင်းဒေသ လို့ခေါ်ပါတယ်။ ခန်းဆိုင်းဒေသမှာဆိုရင် လည်ပတ်စရာတွေလဲ များပြားပြီး အစားအသောက်၊ ရိုးရာယဥ်ကျေးမှုတွေ ပေါများကြွယ်ဝတဲ့ ဒေသတစ်ခုလဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဒီလိုခန်းဆိုင်းဒေသေရဲ့ အချက်အချာဖြစ်တဲ့ အိုဆာကာ ရဲ့ လည်ပတ်စရာတွေနဲ့ အစားအသောက်တွေ ကို ဖော်ပြသွားပါ့မယ်။ 

မာတိကာ

အိုဆာကာမြို့ 

၂၀၁၉ ခုနှစ်မှာ ခရီးသွားတွေ အများဆုံးလည်ပတ်တဲ့ဒေသ တွေထဲမှာ တိုကျိုပြီးရင် အိုဆာကာဖြစ်ခဲ့ပါတယ်။ ဂျပန်နိုင်ငံရဲ့ ခရီးသွားဝန်ကြီးဌာန  (JNTO) ရဲ့ အချက်အလက်တွေအရ  38.6% သော နိုင်ငံခြားသားခရီးသွားတွေက အိုဆာကာ ကိုလည်ပတ်ခဲ့တယ်လို့သိရပါတယ်။ ၂၀၁၁ ကနေ ၂၀၁၉ခုနှစ်အတွင်း အချက်အလက်တွေကိုကြည့်ရသလောက်လဲ အိုဆာကာ က ဒုတိယ သို့မဟုတ် တတိယ နေရာမှာရှိနေပါတယ်။ နောက်ပြီး ခန်းဆိုင်ဒေသ ကတော့ မြန်မာလူတွေမျိုးတွေလဲ အလုပ်၊ ကျောင်း စတဲ့အခြေအနေတွေနဲ့ တဖြည်းဖြည်း စုဝေးလာတဲ့နေရာတစ်ခုလဲဖြစ်ပါတယ်။ အိုဆာကာရဲ့နိုင်ငံခြားသား ခရီးသွားတွေကိုဆွဲဆောင်တဲ့ အချက်တွေလဲ အများကြီးရှိပါတယ်။ ပထမ အချက်ကတော့ အစားအသောက်တွေ ဖြစ်ပြီး ဒုတိယ အချက်ကတော့ အိုဆာကာမြို့တွေရဲ့ အဆောင်အုံမှာရှိတဲ့ စိတ်ဝင်စားစရာ ဆိုင်းဘုတ်တွေဖြစ်ပါတယ်။ နောက်ပြီး လည်ပတ်စရာနေရာတွေ အများပြားရှိခြင်း တို့ဖြစ်ပါတယ်။ ဒါဆို တချက်ချင်းစီကို အသေးစိတ်ကြည့်လိုက်ကြရအောင်။ 

အစားအသောက် 

အိုဆာကာလို့ပြောလိုက်ရင် အစားအ‌သောက်ကတော့ အထိပ်ဆုံးကနေ ပါဝင်လာတဲ့ အချက်၁ချက်ဖြစ်ပါတယ်။ အိုဆာကာရောက်ရင် အစားစာတွေကို စားရင်းနဲ့ လမ်းလျှောက်တဲ့ အစီအစဥ်ကို လုံးဝမမေ့ဖို့အကြံပေးချင်ပါတယ်။ အိုဆာကာမှာနာမည်ကြီးတဲ့ အစားအသောက်တွေကို ကြည့်လိုက်ကြရအောင်။ 

Takoyaki 

Takoyaki ဆိုတဲ့ ရေဘဝဲလုံးလေးတွေကတော့ အိုဆာကာရဲ့ အထင်ကရ အစားစာတစ်ခုဖြစ်ပြီး အိုဆာကာရောက်ရင် မဖြစ်မနေ စားသောက်ရမယ့် အစားစာတစ်ခုဖြစ်ပါတယ်။ Takoyaki ပို အိမ်မှာလဲ အလွယ်တကူလုပ်နိုင်ပြီး Takoyaki လုပ်တဲ့စက်တွေကိုလဲ အလွယ်တကူဝယ်နိုင်ပါတယ်။ အိုဆာကာမှာလဲ Takoyaki ဆိုင်တွေများပြားလှပြီး လမ်းတစ်လျှောက်လုံး ကြိုက်တဲ့ဆိုင်မှာ ဝယ်စားနိုင်ပါတယ်။ ဒါပေမယ့် လုံးဝ Takoyaki အရသာစစ်စစ်ကိုစားချင်တယ်ဆိုရင်တော့ Aizuya မှာစားဖို့အကြံပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ Aizuya  ကတော့ Takoyaki ကိုစပြီးတီထွင်ခဲ့တဲ့ဆိုင်မို့လို့ပါ။ ယနေ့ခေတ်မှာတော့ အိုဆာကာတဝိုက်မှာ Aizuya ဆိုင်ခွဲတွေ အများကြီးရှိတာကြောင့် အလွယ်တကူဝယ်စားနိုင်ပါတယ်။ 

Okonomiyaki

နောက်တစ်ခုက‌တော့ Okonomiyaki ဆိုတဲ့ ဂေါ်ဖီ၊ ကြက်ဥ၊ ဂျုံမုန့်၊ ရေဘဝဲ၊ ပုဇွန်စတဲ့အရာတွေ ရောစပ်ပြီး ကင်ထားတဲ့ ပန်ကိတ်တစ်မျိုးဖြစ်ပါတယ်။ Okonomiyaki ကလဲ အရသာရှိပြီး တကယ်စားလို့ကောင်းတဲ့အရာတစ်ခုဖြစ်တဲ့တအတွက်ကြောင့်မို့လို့ မဖြစ်မနေ စားရမယ့် အစားအသောက်တစ်မျိုးဖြစ်ပါတယ်။ အိုဆာကာမှာ နာမည်ကြီးတဲ့အစားအသောက်တစ်ခုဖြစ်လို့ အိုဆာကာ ရဲ့ နေရာတိုင်းအလိုလိုမှာ Okonomiyaki ဆိုင်တွေကိုတွေ့နိုင်ပါတယ်။

အိုဆာကာမှာတော့ Mizuno လို့ခေါ်တဲ့ Okonomiyaki ဆိုင်နာမည်ကြီးပါတယ်။ Mizuno ကတော့ နေ့တိုင်း၁၁ နာရီကနေ ည ၁၀ နာရီအထိဖွင့်ပြီး နာမည်ကြီးဆိုင်ဖြစ်လို့ တော်တော်လူတန်းစီရပါတယ်။ နေရာကတော့ Namba ဘူတာ၊ Midosuji မြေအောက်ရထားလိုင်းကနေ ၅ မိနစ်လမ်းလျှောက်ရင် ရောက်ပါတယ်။

Fugu ငါးပူးတင်းအစိမ်း 

ငါးပူးတင်းတွေက အဆိပ်ရှိလို့ မစားနိုင်တဲ့ ငါးတစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် ဂျပန်မှာတော့ ငါးပူးတင်းတွေကို စားလို့ အဆိပ်သင့်မှာ မပူရပါဘူး။ ဘာလို့လဲဆိုတော့ ငါးပူးတင်းတွေကို ကိုင်တဲ့ စားဖိုမှုးတွေက လိုင်စင်ရနိုင်တဲ့ အထိ ၃နှစ်ကြာ ထရိနင်ယူရလို့ဖြစ်ပါတယ်။ ငါးပူတင်းတွေကို ဒီအတိုင်း ပါးလွာအောင်လှီးထားပြီး အစိမ်းလဲ စားနိုင်သလို shabu shabu style ရေနွေးထဲ စိမ်ပြီးလဲ စားနိုင်သလိူ ကြော်ပြီးလဲ စားသောက်နိုင်ပါတယ်။ အိုဆာကာမှာ နာမည်အကြီးဆုံး ငါးပူးတင်း ဆိုင်ကတော့ Zuboraya ဆိုတဲ့ ဆိုင်ဖြစ်ပါတယ်။ ငါးပူးတင်း တွေကို ကိုယ့်အိမ်မှာ အလွယ်တကူ မချက်စားနိုင်တဲ့ ဟင်းမျိုးဖြစ်တဲ့အတွက်ကြောင့်မိုလို့ အချိန်ရရင်သွားဖို့အကြံပေးချင်ပါတယ်။ 

Kushikatsu တုတ်ထိုးအကြော်

နောက်ဆုံး အစားစာ တစ်ခုကတော့ Kushikatsu လို့ခေါ်တဲ့ တုတ်ထိုးအကြော်တွေ ဖြစ်ပါတယ်။ တုတ်ထိုးအကြော်တွေမှာတော့ အများအားဖြင့်အသားတွေရော၊ ဟင်းသီးဟင်းရွက်တွေကိုပါ တုတ်နဲ့ထိုးပြီးကြော်လေ့ရှိပါတယ်။ယနေ့ခေတ်မှာတော့ တုတ်ထိုးအကြော်တွေက ဂျပန်တစ်နိုင်ငံလုံးမှာ နာမည်ကြီးပေမယ့် မူလလက်ရာကတော့ အိုဆာကာမှာရှိတဲ့ Kushikatsu Daruma  ဆိုတဲ့ ဆိုင်ဖြစ်ပါတယ်။ ဒီဆိုင်လဲ မနက် ၁၁ နာရီက‌နေ ည ၁၁ ခွဲအထိဖွင့်ပါတယ်။ Shinsekai နဲ့ Dotonbori တို့မှာ ဆိုင်တွေရှိပြီး ၂ ဆိုင်လဲ နာမည်ကြီးပြီး လူကြိက်များကြပါတယ်။

လည်ပတ်စရာနေရာများ

အိုဆာကာ ကတော့ လည်ပတ်စရာနေရာတွေ အများကြီးရှိတဲ့နေရာတစ်ခုပါ။ ဒီတခေါက်မှာတော့ လည်ပတ်စရာတွေ အများကြီးရှိတဲ့ အထဲမှာမှ မဖြစ်မနေ သွားရောက်သင့်တဲ့ နေရာတွေကို မိတ်ဆက်ပေးသွားပါ့မယ်။ 

အိုဆာကာ ရဲတိုက်

အိုဆာကာ လို့ပြောလိုက်တာနဲ့ အိုဆာကာရဲတိုက်ကတော့ မဖြစ်မနေ လည်ပတ်ရမယ့် နေရာတစ်ခုဖြစ်ပါတယ်။ အိုဆာကာရဲတိုက်ကတော့ ရှောဝခောတ်မှာပြန်လည်တည်ဆောင်ခဲ့ပေမယ့်၊ ခံတပ်အဖြစ်သုံးခဲ့တဲ့ ကျောက်တုံးတွေကတော့အဲဒီုခေတ် ကတည်းကနေ ဒီအတိုင်းကျန်နေဆဲ ဖြစ်ပါတယ်။ အိုဆာကာရဲတိုက်ကတော့ အတွင်းပိုင်းမှာတော့ယနေ့ခေတ်အပြင်အဆင်အတိုင်းဖြစ်နေပြီး အိုဆာကာရဲတိုက်ရဲ့ သမိုင်းကြောင်းကိုလေ့လာနိုင်တဲ့ ပြတိုက်အနေနဲ့ ရှိပါတယ်။ ရဲတိုက်ကတော့ တော်တော်ကျယ် ပြီး ပတ်ပတ်လည်မှာ ပန်းခြံတွေလဲရှိတဲ့ အတွက်ကြောင့်မို့လို့ ပန်းခြံကလဲ တော်တော်ကိုလှပတဲ့ နေရာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ပြတိုက်တစ်ခုတည်းမဟုတ်ဘဲ ပန်းခြံတွေကိုပါ လှည့်ပတ်ပြီး ကြည့်ရှူနိုင်ပါတယ်။ နောက်ပြီး ရာသီ အလိုက်မြင်ကွင်းတွေကိုလဲ ကြည့်ရှူခံစားနိုင်ပါတယ်။ ဆာကူရာပန်းပွင့်တဲ့ အချိန်နဲ့ မေပယ်ရွက်တွေ အရောင်ပြောင်းတဲ့အချိန်မှာဆိုညဘက် သီးသန့် မီးထွန်းပြီး ကြည့်နိုင်ပါတယ်။ 

Shinsekai

Shinsekai ကတော့ အိုဆာကာမှာ စျေးဝယ်ထွက်ဖို့နဲ့ အစားအသောက်တွေစားဖို့ အကောင်းဆုံးနေရာတစ်ခုဖြစ်ပါတယ်။ အပေါ်မှာပြောခဲ့ သလိုပဲ အိုဆာကာ လို့ပြောလိုက်ရင် အစားအသောက်တွေက အထိပ်ဆုံးက ပါဝင်ပါတယ်။ဒါကြောင့်မို့လို့ အိုဆာကာရဲ့ နာမည်ကြီး အစားအသောက်တွေကို တစ်နေရာတည်းမှာ စားရင်း စျေးဝယ် ထွက်မယ်ဆိုရင်တော့ Shinsekai ကိုသွားဖို့ ညွှန်းပါရစေ။ Shinsekaiမှာတော့ အိုဆာကာ ရဲ့ နာမည်ကြီး ဆိုင်းဘုတ်တွေကိုလဲ တခါတည်းကြည့်ရှုရင်း အစားအသောက်တွေကိုလဲ စားနိုင်ပါတယ်။ နောက်ပြီး အိုဆာကာရဲ့ အမှတ်အသားလို့ပြောစမှတ်ပြုကြတဲ့ Tsutenkaku ဆိုတဲ့တာဝါ ရဲ့ အောက်ခြေမှာရှိပါတယ်။ နောက်ပြီး အိုဆာကာရဲ့ တခြားနေရာတွေထက်ပိုပြီးတော့ ရှေးဟောင်းဆန်ပြီး အိုဆာကာ ဆန်ဆန်မြင်ကွင်းတွေကိုလဲကြည့်ရှုခံစားနိုင်ပါတယ်။ 

Shitennoji ဘုရားကျောင်း

Shitennoji ဘုရားကျောင်း ကတော့ အိုဆာကာရဲ့ နာမည်ကြီးဘုရားကျောင်းဖြစ်ပြီး ရှေးဟောင်းလက်ရာကို အပြည့်အဝ ခံစားနိုင်မယ့် နေရာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဘုရားကျောင်းတွေအကြောင်းစိတ်ဝင်စားတဲ့ သူတွေအတွက် လုံးဝ သွားသင့်တဲ့ နေရာတစ်ခု အဖြစ်အကြံပေးချင်ပါတယ်။ ဘုရားကျောင်းပတ်ဝန်းကျင်မှာလဲ ဥယျာဥ် ရှိတဲ့အတွက်ကြောင့် အေးအေးဆေးဆေး လမ်းလျှောက်နိုင်ပါတယ်။ 

Tennoji တိရစ္ဆာန် ဥယျာဥ် 

တကယ်လို့ သင်က တိရစ္ဆာန် လေးတွေ ချစ်တတ်တဲ့ သူဆိုရင်တော့ Tennoji တိရစ္ဆာန် ဥယျာဥ် ကို သွားဖို့အကြံပေချင်ပါတယ။ Tennoji တိရစ္ဆာန် ဥယျာဥ် ကတော့ နိုင်ငံခြားသားတွေကြားထဲမှာလဲ နာမည်ကြီးတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ နာမည်ကြီးပြီး ချစ်စရာကောင်းတဲ့ တိရစ္ဆာန်လေးတွေလဲ အများကြီးရှိပါတယ်။ ဝင်ကြေးကလဲ လူကြီး ၅၀၀ ယန်း၊ ကလေး ၂၀၀ ယန်းဖြစ်ပါတယ်။ ဒါကြောင့်စျေးလဲသိပ်မကြီးပါဘူး။ 

Universal Studios Japan

USJ လို့အတိုကောက်ခေါ်လေ့ရှိတဲ့ Universal Studios Japan ကတော့အိုဆာကာမှာရှိပါတယ်။ လည်စရာပတ်စရာ စီးစရာတွေစုံလင်ပါတယ်။ Jurassic Park, Harry Potter, Nintendo, Minionစတဲ့ ရုပ်ရှင်ထဲက မြင်ကွင်းတွေကို ကိုယ်တိုင်မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ Universal Studios Japanကိုသွားမယ်ဆိုရင်တော့ အချိန်ကို တနေကုန် အသုံးပြုဖို့အကြံပေးချင်ပါတယ်။ 

Namba, Shinsaibashi (Dotonbori)

Dotonbori ကတော့ အိုဆာကာမှာ နာမည်အကြီးဆုံး‌‌ဒေသတစ်ခုလို့တောင်ပြောလို့ရပါတယ်။ စားသောက်ရင်းတဲ့ လမ်းလျှောက်နိုင်သလို လှပတဲ့ မြင်ကွင်းတွေကိုလဲ ကြည့်ရှုနိုင်ပါတယ်။ အပေါ်မှာဖော်ပြခဲ့ တဲ့ ဆိုင်တော်တော်များများကလဲ ဒီနေရာမှာရှိပြီး လူငယ်တွေနဲ့ စျေးဝယ်စင်တာ၊ စားသောက်ဆိုင်အကုန်လုံးကလဲ ဒီနေရာမှာ စုစည်းနေပါတယ်။ နီးနားတဝိုက်မှာလဲ လည်ပတ်စရာနေရာတွေအများကြီးရှိပါတယ်။ ညဘက်ပိုပြီးစည်ကားတဲ့အတွက်ကကြောင့် ညဘက်သွားရတာ ပိုပြီးအဆင်ပြေပါတယ်။ 

အကျဥ်းချုပ် 

ဒီဆောင်းပါးမှာတော့ အိုဆာကာမှာ လည်ပတ်စရာနေရာ၊ အစားအသောက်တွေအကြောင်းကို ဖော်ပြခဲ့ပါတယ်။ အိုဆာကာက‌တော့ အစားအသောက်တွေလဲ တော်တော်အရသာရှိတဲ့အတွက်ကြောင့်မို့လို့ အိုဆာကာမသွားခင် စားမယ့် အစားစာတွေကိုကြိုပြီးတော့ ဆုံးဖြတ်ထားပြီး စားကြည့်ဖို့အကြံပေးချင်ပါတယ် ။ 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ခရီးသွား/ ရည်ရွယ်ထားသောနေရာနှင့် အစီအစဉ်/ အိုဆာကာမြို့ရဲ့ နာမည်ကြီးအစားအသောက်များနဲ့ လည်ပတ်စရာနေရာများ

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ