ဂျပန်စာ အရည်အချင်းစစ်စာမေးပွဲ ( JLPT N5/N4) မှာအမှတ်ကောင်းကောင်းရအောင်ဘယ်လို ပြင်ဆင်မလဲ?

 စာမေးပွဲမဖြေဆိုခင်မှာ ကြိုတင်ပြင်ဆင်မှုက အင်မတန်အရေးကြီးပါတယ်။ သေသေချာချာနဲ့နည်းမှန်လမ်းမှန် ကြိုတင်ပြင်ဆင်ပါက ရလဒ်ကောင်းကောင်းနဲ့ စာမေးပွဲကိုကျော်ဖြတ်နိုင်မှာပါ။ ဂျပန်စာ အရည်အချင်းစစ်စာမေးပွဲ (JLPT) ကိုပထမဆုံးဖြေမယ့်သူတွေအတွက် လည်း ကြိုတင်ပြင်ဆင်မှုက ပို၍အရေးကြီးပါသေးတယ်။ ဒီဆောင်းပါမှာတော့ JLPT အတွက် ဘယ်လိုပြင်ဆင်ရမလဲဆိုတာနဲ့ ကျွန်တော်ကိုယ်တိုင် JLPT ဖြေခဲ့တုန်းက ပြုလုပ်ခဲ့တဲ့ နည်းလမ်းတချို့ကို မျှဝေသွားပါ့မယ်။ ဂျပန်စာလေ့လာနည်းနဲ့ပတ်သက်ပြီး ပြောစရာ မကုန်လောက်အောင်များပြားပေမယ့် ဒီတခေါက်မှာတော့ JLPT အတွက်စာလေ့လာနည်းဆိုပြီး ချုံ့ ပြီး ရှင်းပြပါ့မယ်။ N3,N2 ကိုတော့ ဒီဆောင်းပါးမှာ ဖတိရှုနိုင်ပါတယ်။

မာတိကာ

စာမေးပွဲလျှောက်လွှာ လက်ခံတဲ့ကာလ နဲ့ပတ်သက်ပြီး သတိပြုရမည့်အချက် 

အရင်ဆုံး စာမေးပွဲရဲ့ဖွဲ့စည်းပုံကို နားလည်ထားရအောင်။

ဘာသာစကား စွမ်းရည်စစ်ဆေးခြင်း (言語知識)ပိုင်းကိုဘယ်လိုပြင်ဆင်မလဲ 

Readingအတွက်ပြင်ဆင်နည်း

Listening အတွက် ဘယ်လိုပြင်ဆင်မလဲ 

လေ့ကျင့်ဖို့အတွက် ဘယ်လိုစာအုပ်တွေကိုအသုံးပြုရမလဲ။

အနှစ်ချုပ် 

စာမေးပွဲလျှောက်လွှာ လက်ခံတဲ့ကာလ နဲ့ပတ်သက်ပြီး သတိပြုရမည့်အချက် 

စာမေးပွဲလျှောက်လွှာတင်တဲ့ ကာလက မြန်မာနဲ့ ဂျပန် အချိန်ကာလ ကွာခြားပါတယ်။ မြန်မာ မှာတော့ Myanmar Association of Japan Alumni (MAJA) Facebook Page ကနေတဆင့် ကြော်ညာပေမယ့် ဂျပန်မှာတော့ JLPT Website ကနေတဆင့် ကြည့်ပြီး လျှောက်လွှာတင်နိုင်ပါတယ်။ ဂျပန်မှာတော့ လျှောက်လွှာ ဖောင်ကိုဝယ်စရာမလိုဘဲ အွန်လိုင်းကနေတဆင့်တင်နိုင်ပါတယ်။ မြန်မာနဲ့ ယှဥ်ရင်တော့ စျေးပိုကြီးပြီး Certificate ထုတ်တဲ့အခါမှာလဲ ပိုက်ဆံပေးပြီး ထုတ်ရပါတယ်။ ဒီအပိုင်းကတော့ စာမေးပွဲလျှောက်လွှာနဲ့ Certificate နဲ့ပတ်သက်တဲ့အပိုင်းပါ။ ဒါဆို စာမေးပွဲအတွက် ပြင်ဆင်ပုံအပိုင်ကို စတင်ကြရအောင်။ 

အရင်ဆုံး စာမေးပွဲရဲ့ဖွဲ့စည်းပုံကို နားလည်ထားရအောင်။

日本語能力試験の問題構成 (JLPT မေးခွန်းပုံစံ) 

ဘယ်စာမေးပွဲပဲ ဖြေဖြေ စာမေးပွဲမှာ ဘယ်လိုအကြောင်းအရာပါမလဲဆိုတာက အင်မတန်အရေးကြီးပါတယ်။ JLPTမှာလဲ သတ်မှတ်ထားတဲ့ စာမေးပွဲ ပုံစံရှိလို့ စာမေးပွဲမဖြေခင် စာမေးပွဲမေးခွန်းပုံစံကိုအသားကျအောင် ကြည့်ထားသင့်ပါတယ်။

ဒီတခါက်ပြောမယ့် N5 နှင့် N4 ကတော့ မေးခွန်းပုံစံ အရမ်းမကွာခြားတာကြောင့် ပေါင်းပြီး ရှင်းပြပါမယ်။

မေးခွန်းပုံစံနဲ့ ရင်းနှီးပြီးသားသူတွေကတော့ ဒီအပိုင်းကိုကျော်ဖတ်လို့ရပါတယ်။ 

 အကြမ်းအားဖြင့် မေးခွန်းကိုအပိုင်း ၂ ပိုင်းခွဲခြားထားပါတယ်။

ဘာသာစကား စွမ်းရည်စစ်ဆေးခြင်း (言語知識) မိနစ် ၈၀ 

ပထမအပိုင်းကတော့ ဘာသာစကား စစ်ဆေးခြင်းစွမ်းအရည်ပိုင်းဖြစ်ပါတယ်။ ဒီအပိုင်းကို အသေးစိတ် ပြန်ထပ်ခွဲရရင်တော့ 

  • ပထမအပိုင်းမှာ တော့ ခန်းဂျိ နဲ့ ဝေါဟာရ နဲ့ပတ်သက်တဲ့မေးခွန်းတွေဖြစ်ပြီး

  • ဒုတိယအပိုင်းမှာတော့ သဒ္ဒါစွမ်းရည်အပိုင်း၊ အဖတ်စွမ်းရည်အပိုင်း ဖြစ်ပါတယ်။

ဒုတိယ အပိုင်းကတော့ အကြားစွမ်းရည် စစ်ဆေးတဲ့အပိုင်းဖြစ်ပါတယ်။ 

နောက်ပိုင်းမှာ မေးခွန်းတွေအကြောင်းအသေးစိတ်ကိုရှင်းပြရင်း ကြိုတင်ပြင်ဆင်ရမယ့် နည်းလမ်းတွေကို ရှင်းပြပါ့မယ်။

ဘာသာစကား စွမ်းရည်စစ်ဆေးခြင်း (言語知識)ပိုင်းကိုဘယ်လိုပြင်ဆင်မလဲ 

ဆင်တူရိုးမှား ခန်းဂျိတွေကို သတိထားပြီး ကြည့်ပါ 

紛らわしい漢字 (တူနေသောခန်းဂျိများ)

ဘာသာစကား စွမ်းရည်စစ်ဆေးခြင်းအပိုင်းမှာပါဝင်တဲ့ပထမဆုံးမေးခွန်းကတော့ ခန်းဂျိဖတ်ပုံဖတ်နည်း မေးခွန်း ဖြစ်ပါတယ်။ခန်းဂျိ လေ့လာနည်းကိုပြောပါဆိုရင် သတိထားရမယ့်အချက်တွေက ပြောလို့မကုန်အောင်များပြားပါတယ်။ ယခုဆောင်းပါးမှာတော့ စာမေးပွဲအတွက် အဓိကပြောသွားမှာပါ။ ပိုမိုအသေးစိတ်ကျတဲ့ ခန်းဂျိလေ့လာနည်း နဲ့ပတ်သက်ပြီး ခန်းဂျိကိုထိထိရောက်‌ရောက် ဘယ်လိုလေ့လာကြမလဲဆိုတဲ့ဆောင်းပါးမှာဖတ်ကြည့်ပါ။

JLPTမှာတော့ ခန်းဂျိမေးခွန်းကိုပိုင်နိုင်အောင်ဖြေဆိုနိုင်ဖို့အတွက် ခန်းဂျိကို ဖတ်တတ်အောင် လေ့လာထားဖို့ အရေးကြီးပါတယ်။

မေးခွန်းတွေဖြေဆိုရာမှာလဲ ဆင်တူရိုးမှား ခန်းဂျိတွေကို သတိထားပြီး ကြည့်ဖို့အရေးကြီးပါတယ်။

Image Credit : JLPT 

ဥပမာ ပုံထဲမှာပြထားတဲ့မေးခွန်းတွေကို ကြည့်မယ်ဆို ဆင်တူရိုးမှားခန်းဂျိ၄ လုံးကို ရွေးခိုင်းထားတာတွေ့ရမှာပါ။ မေးခွန်းကလွယ်ပေမယ့် အဖြေတွေကတူလွန်း‌နေတာကြောင့် သတိလက်လွှတ်ပြီးမှားသွားတတ်ပါတယ်။‌ဒုတိယ မေးခွန်းကိုကြည့်မယ်ဆိုလဲ လက်တွေ့ မှာမရှိတဲ့ခန်းဂျိတွေလဲပါဝင်နေတတ်ပါတယ်။ ဒါကြောင့်သတိကြီးကြီးနဲ့ သေချာရွေးဖို့အကြံပေးချင်ပါတယ်။

တချို့ ဝါစင်္ဂအစိတ်အပိုင်းတွေကိုList ထုတ်ထားကြရအောင် 

‌ဝေါဟာရတွေကိုလေ့လာတဲ့အချိန်မှာ ဝါစင်္ဂအစိတ်အပိုင်းတွေကို Noteထုတ်ထားဖို့အကြံပေးချင်ပါတယ်။ အဓိကအကြံပေးချင်တာကတော့ ကြိယာဝိသေသနနှင့်ဝါကျဆက် စကားလုံး အစိတ်အပိုင်းတွေကိုပါ။ ဥပမာအနေနဲ့ တချို့ ဝေါဟာရတွေကို List လုပ်ပြထားပါတယ်။ 

初級副詞リスト (ဂျပန်စာ ကြိယာဝိသေသနများ)

ဆန့်ကျင်ဘက်စကားလုံးတွေနဲ့တွဲလေ့လာပါ

ဝေါဟာရတွေကို လေ့လာမှတ်သားတဲ့အခါမှာ ဆန်ကျင်ဘက်စကားလုံးတွေနဲ့ တွဲမှတ်တာ အလေ့အကျင့်ကောင်းတစ်ခုပါ။အဲလိုမျိုး တွဲပြီး မှတ်သားခြင်းအားဖြင့် ဝေါဟာရလဲ တိုးပွားသလို စာမေးပွဲမှာလဲ အသုံးဝင်ပါတယ်။ ကျက်မှတ်ပြီးသားဝေါဟာရ တွေကိုလဲပြန်မှတ်မိစေပါတယ်။

ဥပမာ 

  • ちいさい → おおきい

  • たかい → やすい

  • ねます → おきます

  • きらいな → すきな

 

အဓိပ္ပာယ်တူ ဝေါဟာရတွေနဲ့တွဲမှတ်ပါ။

နောက်ထိရောက်မယ့်နည်းလမ်းတစ်ခုကတော့ အဓိပ္ပာယ်တူ ဝေါဟာရတွေနဲ့တွဲမှတ်နည်းလမ်းပါ။  ဥပမာမီးဖိုချောင်ကို 台所လို့လဲပြောသလို キッチンလို့လဲ ပြောလို့ရပါတယ်။ ဒီဝေါဟာရနှစ်ခုစလုံးက Beginner အဆင့်မှာ တွေ့ရမယ့် ဝေါဟာရတွေဖြစ်ပါတယ်။ နောက်တစ်ခုက တော့ တစ်ချို့ စကားလုံးတွေကို လွယ်ကုရိုးရှင်းတဲ့ ဂျပန်ဘာသာစကားနဲ့ ပြန်ပြောင်းပြောတဲ့နည်းလမ်းလေးကို လိုက်လုပ်သင့်ပါတယ်။ဒီလိုမျိုး လွယ်ကူရိုးရှင်းတဲ့ ဂျပန်စာနဲ့ ပြန်ပြောတတ်တဲ့အလေ့အထကိုမွေးမြူခြင်းအားဖြင့် စာမေးပွဲအတွက်လဲ အသုံးဝင်သလို မိမိရဲ့ ဝေါဟာရ ကိုလဲတိုးပွားစေပါတယ်။

ဥပမာ 

  • つとめます → しごとをします

  • けさ → きょうのあさ

 

ဥပမာစာကြောင်းနဲ့တွဲလေ့လာပါ

‌‌ဝေါဟာရတွေကိုရော၊သဒ္ဒါတွေကိုပါ ဥပမာစာကြောင်းတွေနဲ့တွဲမှတ်တာက အလွန်ထိရောက်တဲ့နည်းလမ်းတစ်မျိုးပါ။ ဥပမာ စာကြောင်းနဲ့တွဲမှတ်တာက ဝေါဟာရ၊သဒ္ဒါ တွေရဲ့အဓိပ္ပာယ်တွေကို ပိုပြီး တိကျနိုင်သလို မိမိရဲ့စကားပြောစွမ်းရည်လဲ တိုးတက်နိုင်ပါတယ်။သို့သော် သတိထားသင့်တာက ခက်ခဲတဲ့ စာကြောင်းတွေမဟုတ်ဘဲ လွယ်ကူရိုးရှင်းတဲ့ စကားလုံးတွေနဲ့ မှတ်သားဖို့အကြံပြုချင်ပါတယ်။

Conjugation အပိုင်းတွေကို သေချာ ကြည့်ပါ

Beginner Level မှာ အ‌‌‌ရေးကြီးဆုံး အပိုင်းက Conjugation အပိုင်းပါ။ Conjugation တွေကို ကျွမ်းကျင်ပိုင်နိုင်နေပါက Grammar, Listening, Reading, Writing အပိုင်း‌‌‌‌တွေ ကိုပါပိုပြီးကျွမ်းကျင်လာမှပါ။ နောက်ပြီး နောက် Level မြှင့်လာတဲ့အချိန်မှာလဲ Conjugation ကတော်တော် အရေးကြီးပါက။ ဒါကကြောင့် စလေ့လာကတည်ူက ကျွမ်းကျင်ပိုင်နိုင်

နေဖို့ အရေးကြီးပါတယ်။ Beginner level မှာ တွေ့ရတဲ့ Conjugationတွေကိုအောက်မှာဖော်ပြထားပါတယ်။

初級日本語活用形 (ဂျပန်စာ Form ပြောင်းနည်းများ)

Readingအတွက်ပြင်ဆင်နည်း

Reading လေ့ကျင့်တဲ့ နားလည်မှုစွမ်းရည်ကိုအရင်ဦးစားပေးပါ

 စာမေးပွဲ မှာ Readingကို သေချာဖတ်နိုင်ဖို့စာပိုဒ်တွေအများကြီးဖတ်ပြီးကြိုတင်ပြင်ဆင်ဖို့လိုအပ်ပါတယ်။ ဒါပေမယ့် လူတော်တော်များများက လေ့ကျင့်တဲ့အချိန်မှာ မေးခွန်းတွေကို ဖြေဆိုနိုင်ဖို့ကိုပဲ အာရုံစိုက်ကြလေ့ရှိကြပါတယ်။ ဘာလို့လဲဆိုတော့ စာမေးပွဲမှာ အချိန်ယူဆုံးက Reading ဖြစ်နေလို့ လေ့ကျင့်တဲ့အချိန်မှာလဲ အမြန်နှုန်း ကို ဦးစားပေးမိသွားတတ်ကြပါတယ်။ မေးခွန်းအဖြေမှန်ဖို့အတွက်ပဲ အာရုံစူးစိုက်နေပါက စာပိုဒ်အများကြီးကိုဖတ်ပေမယ့် စာဖတ်နှုန်း တိုးတက်မှုမရှိနိုင်ပါ။ ဒါကြောင့် လေ့ကျင့်တဲ့အခါမှာ နားလည်မှု စွမ်းရည်ကိုဦးစားပေးပြီး နောက်ပိုင်းမှ အမြန်နှုန်းကိုမြှင့်တင်တာက ပိုပြီးထိရောက်ပါတယ်။ ဒါကြောင့် ပြင်ဆင်မှု အပိုင်းမှာအောက်ပါ အချက်တွေကို သတိထားပြီး ဖတ်ဖို့ အကြံပေးချင်ပါတယ်။

  • အရေးကြီးတဲ့စကားလုံး၊ သဒ္ဒါ၊ ခက်ခဲတဲ့ဝါကျ၊ စကားလုံးတွေကို Highlight တားပြီးမှတ်သားပါ။

  • ဝါကျ တစ်ကြောင်းနဲ့တစ်ကြောင်းဆက်စပ်မှု တွေကို နည်းလည်အောင်လုပ်ပါ။ (ဒီနေရာမှာဆို Conjunction တွေကိုသေချာနားလည်ထားဖို့လိုအပ်လာပါတယ်။ဒါကြောင့် အပေါ် မှာပြောခဲ့သလိုConjunctionတွေကိုList လုပ်ထားရင် အဆင်ပြေပါတယ်။ )

  • ခက်ခဲပြီး ရှုပ်ထွေးတဲ့ဝါကျ တည်ဆောက်ပုံတွေကို နားလည်အောင်လုပ်ပါ။ ( အပေါ်မှာပြောခဲ့သလိုပဲ Beginner Levelမှာ အဓိက အကျဆုံးက Conjugateဖြစ်ပြီး စာပိုဒ်ဖတ်တဲ့အချိန်မှာလဲ အဆင့်ပေါင်းမြောက်မြားစွာ ပြောင်းထားတဲ့ စာကြောင်းတွေ ပါဝင်ပါတယ်။ ဒါကြောင့် ဒီလို ရှုပ်ထွေးတဲ့ စာကြောင်းတွေကို သေချာနားလည်အောင် အချိန်ယူပြီး ဖတ်ပါက နားလည်မှုစွမ်းရည်လဲမြှင့်တက်လာနိုင်သလိုလေ့ကျင့်မှုများလာပါက ဖတ်နှုန်းလဲ မြန်လာနိုင်ပါတယ်။)

အစစချင်းမှာ ဒီ၃ချက်တဲ့ ဖြေးဖြေးလေ့ကျင့်ပါက စာဖတ်စွမ်းရည် တိုးတက်လာနိုင်ပါတယ်။

အကျင့်သားရလာပြီဆိုပါက အမြန်နှုန်းကိုဦးစားပေး လေ့ကျင့်ပါ။

読解のルール (Reading ဖတ်နည်း)

 အပေါ်မှာပြောခဲ့တဲ့ နည်းလမ်းတွေကိုသုံးပြီး စာပိုဒ်ဖတ်တာ အကျင့်သားရလာပါက အမြန်နှုန်းကိုဦးစားပေးလေ့ကျင့်ဖို့လိုအပ်ပါတယ်။ ဘာလို့လဲဆို စာမေးပွဲမှာက အချိန်ကန့်သတ်မှုရှိပြီး အချိန်မမှီတဲ့ပြသာနာ ရှိလို့ပါ။

အချိန်မြန်မြန်ဖတ်နိုင်ဖို့အတွက် အ‌ရေးကြီးတဲ့အချက် ၄ချက်ကိုသတိထားသင့်ပါတယ်။ ကျွန်တော်ကတော့ မှတ်ရလွယ်အောင် 4S စည်းမျဥ်းလို့ အမည်ပေးထားပါတယ်။ အသေးစိတ်ကို အောက်မှာ ဖော်ပြပါ့မယ်။

YOSOKU, SUISOKU, SKIMMING, SCANNING 

YOSOKU - သူရဲ့အဓိပ္ပာယ်ကတော့ ကြိုတင် ခန့်မှန်းခြင်းပါ။စာပိုဒ်ကို မဖတ်ခင်မှာ အဲဒီစာပိုဒ်ရဲ့အကြောင်းအရာကို ကြိုတင်ခန့်မှန်းတာက ပိုပြီးမြန်ဆန်စေပါတယ်။JLPT N5/N4 မှာတော့ ကျောင်း၊ အလုပ်အကိုင် နေ့စဥ်ဘဝ နဲ့ပတ်သက်တဲ့အကြောင်းအရာတွေများပြားပါတယ်။ 

SUISOKU - သူရဲ့ဓိပ္ပာယ်ကလဲ ခန့်မှန်းတာပါ။ သို့သော် ကြိုတင်ပြီးမဟုတ်ပဲ မသိသေးတဲ့ စကားလုံးတွရဲ့ အဓိပ္ပာယ်ကိုခန့်မှန်းတာပါ။ စာပိုဒ်ဖတ်ရာမှာ မိမိ မသိသေးတဲ့စကားလုံး အများကြီးပါလာနိုင်ပါတယ်။ ဒီစကားလုံးတွေကို ဒီအတိုင်း မကျော်သွားပဲ ဝါကျတစ်ကြောင်းလုံးကို ခြုံငုံပြီး အဓိပ္ပာယ် ကိုခန့်မှန်းကို အကြမ်းအဖျင်းနားလည်ပါက စာဖတ်နှုန်းမြန်လာနိုင်ပါတယ်။

 SKIMMING- စာဖတ်နှုန်းမြန်စေမယ့် နောက်နည်းလမ်းတစ်ခုကတော့ SKIMMINGပါ။ စာပိုဒ်တစ်ခုလုံးကို အသေးစိတ်မဟုတ်ဘဲ အကြမ်းဖျင်းဖတ်ပြီး စာပိုဒ်ရဲ့အကြောင်းအရာကို အကြမ်းအဖျင်း နားလည်ထားဖို့ လိုအပ်ပါတယ်။ 

 SCANNING - ကတော့ လိုအပ်တဲ့ အကြောင်းအရာကိုပဲသေချာ‌ရွေးဖတ်တဲ့နည်းပါ။ ဒီနည်းလမ်းကလဲ စာဖတ်နှုန်း မြန်ဖို့အတွက် တကယ်အထောက်အကူဖြစ်ပါတယ်။ဒီနေရာမှာ စာမေးပွဲမှာ ဆိုရင် လိုအပ်တဲ့အကြောင်းအရာကို ဘယ်လိုသိနိုင်မလဲဆိုတဲ့မေးခွန်းပေါ်လာမှာပါ။ ဒီမေးခွန်း အတွက်ကတော့ စာပိုဒ်ကိုမဖတ်ခင်မှာ မေးခွန်းကိုကြိုတင် ဖတ်လိုက်ရင်အဆင်ပြေမှာပါ။

Listening အတွက် ဘယ်လိုပြင်ဆင်မလဲ 

聴解試験の準備 ( Listening အတွက်ပြင်ဆင်နည်း)

ခေါင်းစဥ်မေးခွန်းတွေကို သေချာ အဓိပ္ပာယ်နားလည်အောင်ပြင်ဆင်ပါ

JLPT စစဖြေမယ့်သူတွေအတွက် ခက်ခဲမှု ရှိတာက မေးခွန်းတွင် ဂျပန်ဘာသာစကားနဲ့ရေးထားတဲ့အချက်ပါ။ အဲဒါကြောင့်မေးခွန်းတွေကို သေချာနား လည်အောင်လုပ်ထားဖို့ကတော်တော်အရေးကြီးပါတယ်။ အဲဒါကြောင့် ဖြေပုံဖြေနည်းတွေ သေချာ သိအောင်ကြိုတင်ပြင်ဆင်ဖို့အရေးကြီးပါတယ်။

အဖြေတွေကိုကြိုတင်ဖတ်ပါ

အဖြေတွေကို ဖတ်ဖို့ အချိန်ရှိပါတယ်။ ပေးထားတဲ့အချိန်မှာ ရွေးချယ်ရမယ့် အဖြေတွေကို နားလည်အောင် ဖတ်ပါ။ ဖြေတွေကိုဖတ်ပြီး အချိန်ပိုရင် လုပ်ရမှာကပါလာနိုင်မယ့် စကားလုံးတွေကိုကြိုတင်ခန့်မှန်းပါကြည့်ပါ။ 

ဥပမာ 男の人と女の人はあしたのかいぎについて話しています。

ယောကျာ်းလေးနဲ့ မိန်းကလေးက မနက်ဖြန်လုပ်မယ့် အစည်းအဝေးနဲ့ပတ်သက်ပြီး ပြောနေကြတယ် ဆိုရင် အဲဒါနဲ့ပတ်သက်ပြီး ဘယ်လိုစကားလုံးတွေ ပါလာနိုင်လဲကြိုစဥ်းစားကြည့်ပါ။ ဒီအတိုင်းစဥ်းစားကြည့်မယ်ဆိုရင် かいぎしつ、なんじ、じかん、しりょう、コーピစတဲ့စကားလုံးတွေ ပါလာနိုင်တာကို စဥ်းစားနိုင်ပါတယ်။ ဒိလိုစဥ်းစားထားမယ် ဆိုတာက ပိုပြီး နားထောင်ရလွယ်ကူလာလိမ့်မယ်။

Note မှတ်တဲ့အခါ ကိုယ်ပိုင် အမှတ်အသားကိုအသုံးပြုပါ

Listening နားထောင်တဲ့အချိန်မှာ note မှတ်ထားတဲ့ သူတွေရှိမယ်ထင်ပါတယ်။ အဲလိုဖတ်တဲ့အချိန်မှာ ဝါကျရှည်တွေဆို မှတ်ရတာ ခက်ပါတယ်။ အဲဒါကြောင့် တချို့စကားလုံးတွေ ကို ကိုယ်ပိုင် အမှတ်အသားတွေနဲ့မှတ်တာ ပိုပြီး ထိရောက်မှုရှိပါတယ်။ 

လေ့ကျင့်ဖို့အတွက် ဘယ်လိုစာအုပ်တွေကိုအသုံးပြုရမလဲ။

မြန်မာပြည်မှာတော့ ကျောင်းတော်တော် များများမှာ Minano NIhongo ဆိုတဲ့ စာအုပ်ကိုအသုံးပြူကြပါတယ်။

ဒီစာအုပ်တွေအပြင် ထပ်လေ့ကျင့်ချင်သေးတယ်ဆိုရင်တော့ Try ကိုအသုံးပြုဖို့အကြံပေးချင်ပါတယ်။ 

N5 Try

N4 Try

နောက်ပြီး စာမေးပွဲအတွက် လေ့ကျင့်ချင်တယ်ဆိုရင်တော့ 合格できる日本語能力試験N4・N5 ဆိုတဲ့ စာအုပ်ကို ညွှန်းချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီစာအုပ်တအုပ်တည်းနဲ့ အကုန်လုံးကို‌‌လေ့ကျင့်နိုင်ပြီး N5,N4 ဆိုပြီးအတွဲလိုက်လေ့ကျင်နိုင်လို့ပါ။ ဒီစာအုပ်နဲ့ဆို စာမေးပွဲအတွက်လုံလုံလောက်လောက် ပြင်ဆင်နိုင်မှာပါ။ စာမေးပွဲမေးခွန်းတွေလဲ လုံလုံလောက်လောက် ပါဝင်တဲ့အတွက်ကြောင့် မေးခွန်းတွေနဲ့လဲ အသားကျလာနိုင်ပါတယ်၊ 

စာမေးပွဲအတွက်ရော သင်လာခဲ့တဲ့ စာတွေကိုနွေးတဲ့သဘောမျိုးနဲ့လေ့ကျင့် ချင်တယ်ဆိုရင်တော့ 読む(Yomu) N5 နဲ့ 読む(Yomu) N4 ကိုသုံးဖို့အကြံပေးပါတယ်။ 読む N5 ကတော့ N5 အတွက်လိုအပ်တဲ့ ဝေါဟာရတွေ၊ သဒ္ဒါပုံစံတွေကို သေချာ စုစည်းပြီးလေ့ကျင့်ခန်း‌မေးခွန်းတွေနဲ့ဖွဲ့ စည်းထားတာမို့လို့ တော်တော် အသုံးဝင်ပြီူ ပြန်လည်လေ့ကျင့်ခန်းအတွက် ထိရောက်တဲ့စာအုပ်တအုပ်ပါ။読む (Yomu)N4လည်းအလားတူပဲ N4 အတွက်လိုအပ်တဲ့ လေ့ကျင့်ခန်းတွေကိုသေချာစုစည်းဖော်ပြထားတာမို့ အသုံးဝင်ပြီး ပြန်လည်လေ့ကျင်တဲ့အချိန်မှာ ထိရောက်မှုရှိတဲ့ စာအုပ်တအုပ်ပါ။ 

読む N5

 

読む N4

အနှစ်ချုပ်

ဒီဆောင်းပါးမှာတော့ ဂျပန်စာအရည်အချင်းစစ်စာမေးပွဲ အတွက် ဘယ်လိုပြင်ဆင်ရမလဲဆိုတဲ့ အကြောင်းကို ပြောပြခဲ့ပါတယ်။ အမှတ်ကောင်းကောင်းနဲ့ အောင်ဖို့ အရေးကြီးဆုံးက ကြိုတင်ပြင်ဆင်မှုပါ။ ဒုတ်ယ အချက်အရေးကြီးတာက နည်းမှန်းလမ်းမှန်မဲ့သုံးဖို့ပါ။ ဒါကြောင့် ဒီဆောင်းပါးကိုဖတ်ပြီး နည်းမှန်လမ်းမှန်နဲ့ စာမေးပွဲအတွက်ကြိုတင်ပြင်ဆင်ပြီး အမှတ်ကောင်းကောင်းနဲ့အောင်မြင်ကြပါစေ။

 

စာရေးသူ

Hein
မင်္ဂလာပါ။ Wexpats မှာ ဂျပန်စာ၊ ဂျပန်နိုင်ငံ၊ ဂျပန်ယဥ်ကျေးမှု အကြောင်းတွေကိုတင်ဆက်ရေးသားနေတဲ့ ဟိန်းပါ။ဝါသနာကတော့ ဂျပန်စာလေ့လာတာနဲ့ ဓာတ်ပုံရိုက်တာဖြစ်ပါတယ်။

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်စာလေ့လာခြင်း/ JLPT/ ဂျပန်စာ အရည်အချင်းစစ်စာမေးပွဲ ( JLPT N5/N4) မှာအမှတ်ကောင်းကောင်းရအောင်ဘယ်လို ပြင်ဆင်မလဲ?

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ