ဂျပန်စာ တိုးတက်လာစေမယ့် ဖုန်းအက်ပလီကေးရှင်းများ

ဂျပန်စာလေ့လာတဲ့ အချိန်မှာ App တွေကို အသုံးပြုပြီးလေ့လာမယ်ဆိုရင် ပိုပြီးတော့ ရှေ့ရောက်မှာဖြစ်ပြီး ပိုပြီးတော့ ထိရောက်မှာဖြစ်ပါတယ်။ App တွေကလဲ အများကြီးရှိတဲ့ အတွက်ကြောင့်မို့လို့ ဘယ်လို App တွေကို အသုံးပြုပြီးလေ့လာရင် အဆင်ပြေမလဲ ဆိုတာကို သိနိုင်ဖို့ကလဲ ခက်ခဲပါတယ် ။ ဒါကြောင့် ဒီဆောင်းပါးမှာတော့ ဂျပန်စာလေ့လာတဲ့ အချိန်မှာ အဆင်ပြေနိုင်မယ့် App တွေနှင့် ကိုယ်တွေ့ အသုံးပြုခဲ့တဲ့ App တွေကိုဖော်ပြသွားမှာဖြစ်ပါတယ်။ 

မာတိကာ 

  1. ဘယ်လိုအချိန်မျိုးမှာ App တွေကိုသုံးမလဲ။ 
  2. App တွေအသုံးပြုပြီး ဂျပန်စာလေ့လာတဲ့ အချိန်မှာ သတိထားရမယ့်အချက်များ။ 
  3. ဂျပန်စာ စလေ့လာမယ့် သူတွေအတွက် အသုံးဝင်တဲ့ App များ။
  4. Kanji အတွက် အသုံးဝင်မယ့် App များ။
  5. JLPT နှင့် တခြား App များ။
  6. စကားပြောအတွက် အသုံးဝင်မယ့် App များ။
  7. အကျဥ်းချုပ် 

ဘယ်လိုအချိန်မျိုးမှာ App တွေကိုသုံးမလဲ။ 

ပထမဆုံး App တွေကိုဘယ်အချိန်မှာ အသုံးပြုလေ့ရှိလဲဆိုတော့ သင်ပြီးသားစာတွေကို ပြန်ပြီး ကြည့်ဖို့အတွက်သုံးလေ့ရှိသလို၊ ကိုယ်ဘာသာ သင်ယူဖို့အတွက် အသုံးပြုတဲ့ အခါတွေလဲရှိကြပါတယ်။ နောက်ပြီးတော့ စာမေးပွဲအတွက် မေးခွန်းတွေကို ပြင်ဆင်တဲ့ အချိန်မှာလဲ အသုံးပြုလေ့ရှိကြသလို၊ ဂျပန်စာလေ့လာနေတဲ့ သူတွေအတွက် အခက်တွေ့လေ့ရှိကြတဲ့ Kanji ကိုမှတ်သားဖို့အတွက်လဲ App တွေကိုအသုံးပြုရင် ပိုပြီးတော့ ထိထိရောက်ရောက် နဲ့ မှတ်မိနိုင်ပါတယ်။ တချို့ သူတွေကတော့ ဂျပန်စာကို ပြောဖို့ ပိုပြီးယုံကြည်မှုရှိလာအောင် ပြောအကျင့်ရှိလာအောင် App တွေကိုအသုံးပြုပြီး Native တွေနဲ့ ပြောဆို ဆက်ဆံလေ့ရှိကြပါတယ်။ 

တချို့ App တွေကတော့ ဂျပန်စာ စတင်ပြီးလေ့လာနေတဲ့ သူတွေအတွက် အသုံးဝင်နိုင်သလို တချို့ App တွေကတော့ ဂျပန်စာလေ့လာနေတာကြာပြီဖြစ်တဲ့သူတွေအတွက် အသုံးဝင်တဲ့ Appတွေလဲ အများကြီးရှိပါတယ်။ ကိုယ့် Level နဲ့ ကိုက်ညီတဲ့ App တွေကို ရွေးချယ်ဖို့လဲ အရေးကြီးပါတယ်။ ကိုယ့်ဂျပန်စာ အရည်အချင်းနဲ့ ကိုက်ညီတဲ့ App ကိုအသုံးပြုမှသာ ပိုပြီးတော့ ထိရောက်မှုရှိပြီး ဂျပန်စာလဲ တိုးတက်မှာဖြစ်ပါတယ်။ 

App တွေအသုံးပြုပြီး ဂျပန်စာလေ့လာတဲ့ အချိန်မှာ သတိထားရမယ့်အချက်များ။ 

ရည်ရွယ်ချက်ကို ကြိုချထားပါ။

App တွေနဲ့ ဂျပန်စာလေ့လာတဲ့ အချိန်မှာ ဘယ်လိုရည်ရွယ်ချက်နဲ့ App တွေကိုအသုံးပြုမလဲဆိုတဲ့ အချက်ကိုအရင် ကွဲကွဲပြားပြားလုပ်ထားတာပိုကောင်းပြီး ပိုထိရောက်ပါတယ်။ ဥပမာ JLPT အတွက်လေ့ကျင့်မလို့လား၊ ဒါမှမဟုတ် အပို ကိုယ့်ဘာသာကို လေ့ကျင့်ချင်လို့လား ဆိုတဲ့ရည်ရွယ်ချက်မျိုးတွေကိုသတ်သတ်မှတ်မှတ်ရှိထားထာပိုပြီးကောင်းတယ်လို့ ထင်ပါတယ်။ ကျွန်တော့် ကိုယ်ပိုင်အမြင်ရပြောရမယ်ဆိုရင်တော့ အပိုဆောင်းပြီး ဂျပန်စာတွေကိုလေ့လာချင်တယ်ဆိုရင်တော့ တခြား Resources တွေဖြစ်တဲ့ Youtube, Podcasts တွေ၊ Anime နှင့် ရုပ်ရှင်တွေကနေ လေ့လာတာပိုပြီးတော့ ထိရောက်ပါတယ်။ 

အချိန်ကို သတ်မှတ်ထားပါ။ 

Native Speaker တွေနဲ့ ဆက်သွယ်နိုင်တဲ့ App တွေကလွဲရင် တခြား JLPT အတွက်လေ့ကျင့်တဲ့ App တွေမျိုးဆိုရင်တော့ အချိန်တွေ သတ်မှတ်ထားပြီး စနစ်တကျလုပ်ဖို့ အကြံပေးချင်ပါတယ်။ နောက်ပြီးတော့ App တွေနဲ့ လေ့ာလာတဲ့ အချိန်မှာ ဖုန်းနဲ့ လေ့လာရတဲ့ အတွက်ကြောင့်မို့လို့ တခြား App တွေကတော့ပြီးတော့ စာတွေဝင်လာပြီးတော့ အနှောက်အယှက်ဖြစ်တာမျိုးတွေရှိနိုင်ပါတယ်။ ဒါကြောင့်မို့လို့ Notification ကို ပိတ်ပြီးလုပ်တာမျိုးကို အကြံပေးချင်ပါတယ်။ 

ဂျပန်စာ စလေ့လာမယ့် သူတွေအတွက် အသုံးဝင်တဲ့ App များ။

ဒါဆိုရင် ဂျပန်စာ စလေ့လာနေတဲ့ သူတွေအတွက် အသုံးဝင်မယ့် App တွေကိုကြည့်လိုက်ကြရအောင်။ ဂျပန်စာ စပြီးတော့ လေ့လာမယ့် သူတွေအတွက်ပထမဆုံး အရေးကြီးတာကတော့ Hiragana/ Katakana တို့လိုမျိုး စကားလုံးတွေဖြစ်တဲ့ အခြေခံစကားလုံးတွေကို လေ့လာဖို့လိုအပ်ပါတယ်။ ဒါကြောင့် ဒီလို အခြေခံ အဆင့်မှာ အသုံးဝင်မယ့် App တွေကိုကြည့်လိုက်ကြရအောင်။ 

Hiragana Memory Hint

ပထမဆုံး ဂျပန်စာလေ့လာနေတဲ့ သူတွေအတွက် အခြေခံမှာတွေ့ရမှာကတော့ Hiragana တွေကိုမှတ်ရမှာဖြစ်ပါတယ်။ Hiragana တစ်လုံးချင်စီကို သင်္ကေတတစ်ခုချင်းစီနှင့် ပိုမှတ်ရလွယ်ကူပြီးတော့ စိတ်ထဲ ပိုစွဲစေမယ့် App လေးဖြစ်ပါတယ်။ နောက်ပြီးတော့ ဂျပန်ဖောင်ဒေးရှင်းကနေ ထုတ်ထားတဲ့ App ဖြစ်ပြီးတော့ အင်္ဂလိပ်လို တစ်ခုတည်းမဟုတ်ဘဲ တခြားဘာသာစကားတွေနဲ့ပါထုတ်ထားပါတယ်။ လောလောဆယ် (၂၀၂၄ ခုနှစ် ဧပြီလအထိ) မှာတော့မြန်မာလိုနဲ့ App ကိုမထုတ်သေးပါဘူး။

Katakana Memory Hint

နောက်ထပ် အပေါ်ကမိတ်ဆက်ပေးခဲ့တဲ့ App ကို Katakana version ဖြစ်ပါတယ်။ ဒီ App ကလဲ ဂျပန်ဖောင်ဒေးရှင်းကနေ ထုတ်ထားတဲ့ App ဖြစ်ပြီးတော့ အင်္ဂလိပ်လို တစ်ခုတည်းမဟုတ်ဘဲ တခြားဘာသာစကားတွေနဲ့ပါထုတ်ထားပါတယ်။ လောလောဆယ် (၂၀၂၄ ခုနှစ် ဧပြီလအထိ) မှာတော့မြန်မာလိုနဲ့ App ကိုမထုတ်သေးပါဘူး။

KANJI Memory Hint

နောက်ထပ် အခြေခံအဆင့်မှာ တွေ့ရတဲ့ Kanji တွေကို ပုံတွေနဲ့ အလွယ်တကူမှတ်နိုင်တဲ့ App တွေဖြစ်ပြီးတော့ KANJI Memory Hint 1နှင့် KANJI Memory Hint 2 ဆိုပြီးတော့ ၂ ခုတွေ့နိုင်ပါတယ်။ App ထဲမှာတော့ စာလုံးတွေကို မှတ်တဲ့ အပိုင်းနှင့် ဂိမ်းနှင့် ပြန်ပြီးတော့ လေ့ကျင့်ခန်း ပြန်လုပ်လို့ရတဲ့ အပိုင်း ဆိုပြီး ၂ ပိုင်းပါဝင်ပါတယ်။ နောက်ပြီး ခန်းဂျိအလုံးတွဲများနဲ့ မိမိ ဂျပန်စာ Level နဲ့ကိုက်ညီတဲ့ ဥပမာစာကြောင်းတွေကိုပါ တွဲပြီးတော့ လေ့လာနိုင်ပါတယ်။ နောက်ပြီးတော့ အရေးကြီးဆုံးနဲ့ အကောင်းဆုံးဖြစ်တဲ့ အပိုင်းကတော့ စကားလုံးတစ်လုံးချင်းစီကို ပုံရိပ်တစ်ခုချင်းစီနဲ့အတူတူတွဲပြီးလေ့လာနိုင်ပါတယ်။ Kanji Table ဆိုတဲ့ စာမျက်နှာရှိပြီးတော့ လေ့လာရမယ့် Kanji တွေကိုတော့ တစ်မျက်နှာထဲမှာ တွေ့မြင်နိုင်ပါသေးတယ်။ 

Duolingo 

ဘာသာစကားလေ့လာတဲ့ App ဖြစ်တဲ့ Duolingo ကိုတော့လူတိုင်းသိကြမှာဖြစ်ပါတယ်။ Duolingo App မှာဆိုရင်တော့ အခြေခံစကားလုံးတွေကို လေ့လာနိုင်မယ့် သင်ခန်းစာတွေအပြင် ဂျပန်စကာကို အခြေခံကနေပြီးတော့ တခြား အဆင့်တွေအထိ စကားလုံး၊ စကားပြောတွေကိုလေ့လာနိုင်ပါသေးတယ်။ နောက်ပြီးတော့ စာလုပ်ဖို့အတွက် Remind လုပ်ပေးလေ့ရှိတဲ့အတွက်ကြောင့်မို့လို့ စာကိုလဲ အချိန်မှန် လုပ်ဖြစ်ပါတယ်။ အခြေခံဂျပန်စာလေ့လာနေတဲ့ သူတွေအတွက် ပိုပြီးတိုးတက်လာဖို့အတွက် ‌‌ရွေးချယ်ဖို့ သင့်တော်တဲ့ App တစ်ခုဖြစ်ပြီး ဂျပန်စာအပြင် တခြားဘာသာစကားတွေကိုလဲလေ့လာနိုင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ ဂျပန်စာကို ဒီ App ကနေ လေ့လာဖူးပြီးတော့ အထူးသဖြင့် စကားလုံးတွေကို လေ့လာတဲ့ အချိန်မှာ Repetitive Methods နဲ့ စကားလုံးတွေကို ပိုပြီးတော့ မှတ်မိလွယ်စေပါသေးတယ်။ 

Kanji အတွက် အသုံးဝင်မယ့် App များ။

Kanji ကတော့ Kanji မရှိတဲ့ ဘာသာစကားဖြစ်တဲ့ မြန်မာလူမျိုးတွေအတွက် ခက်ခဲတဲ့ အပိုင်းဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ သေသေချာချာနှင့် အများကြီးလေ့ကျင့်ပေးဖို့လိုအပ်ပါတယ်။ ဒါကြောင့်မို့လို့ ဖုန်းကနေပြီးတော့ Kanji တွေကို လေ့လာနိုင်မယ့် App တွေကိုဖော်ပြသွားပါ့မယ်။ 

小学生手書き漢字ドリル1026

ဒီ app လေးမှာတော့ ဂျပန်နိုင်ငံက မူလတန်း ၆ နှစ်အထိ သင်ရတဲ့ Kanji တွေကိုအားလုံးကို တစ်စုတစ်စည်းတည်း လေ့လာနိုင်ပါတယ်။ ဒီ app မှာတော့ Kanji တွေကိုရေးနိုင်တဲ့ လေ့ကျင့်ခန်းတွေနှင့် ဖတ်ခိုင်းတဲ့ လေ့ကျင့်ခန်း နောက်ပြီးတော့ ၄ လုံးတွဲ၊ ဆန့်ကျင့်ဘက်စကားလုံး၊ အဓိပ္ပာယ်တူစကားလုံးတွေကိုပါ လေ့ကျင့်နိုင်ပါတယ်။ ဒါကြောင့်မိုလို့ Kanji တွေအပြင် ကိုယ့်ရဲ့ ဝေါဟာရ ကြွယ်ဝမှုအပိုင်းရော သိသိသာသာတိုးတက်လာမှာပါ။ ကျွန်တော်လဲ ဒီ app ကို JLPT စာမေးပွဲအတွက် အသုံးပြုတာမျိုးမဟုတ်ဘဲနဲ့ ဂျပန်နိုင်ငံက ကလေးတွေ ဘယ်လို Kanji တွေ‌လေ့လာနေလဲ ဆိုတာကိုသိလိုစိတ်နဲ့ လေ့လာခဲ့ပေမယ့် စာမေးပွဲ အတွက်သာမက တကယ့် လက်တွေ့ အသုံးချရမယ့် နေရာတွေကို တကယ် အသုံးဝင်ခဲ့ပါတယ်။ 

大人の脳トレ!ど忘れ漢字クイズ

Kanji ကို မြင်ဖူးနေပေမယ့် ဘယ်လိုဖတ်ရမလဲ ရုတ်တရက်မေးသွားသလိုမျိုး၊ Kanji ဖတ်ပုံဖတ်နည်း ထူးခြားတဲ့ စကားလုံးတွေ နှင့် ရေးပုံရေးနည်းကို မေ့လွယ်တဲ့ Kanji ၊ ဒီလိုမျိုး Kanji တွေအားလုံးကို System တစ်ခုတည်းမှာ အားလုံး တစ်စုတစည်းထဲ နဲ့ လေ့လာလို့ရတဲ့ app လေးဖြစ်ပါတယ်။ အားတဲ့ အချိန်မှာဖြစ်စေ၊ နောက်ပြီးတော့ ခေါင်းကို အလုပ်ပေးချင်တဲ့ အချိန်မှာဖြစ်စေ အရမ်းသင့်တော်တဲ့ app လဲဖြစ်ပါတယ်။ ဒီ app ကိုကျွန်တော်ကတော့ အမြဲတမ်း ဘတ်စ်ကားစီးတဲ့ အချိန်နှင့် သူငယ်ချင်းတွေကို စောင့်နေတဲ့ အချိန်တွေမျိုးမှာ အမြဲတမ်းအသုံးပြုလေ့ရှိပါတယ်။ 

漢字検定・漢検漢字チャレンジ

ခန်းဂျိစာမေးပွဲ အတွက် Kanji Kentei အတွက် ခန်းဂျိတွေကိုလေ့လာနိုင်တဲ့ app ဖြစ်ပြီးတော့ အဆင့်အမျိုးမျိုးကိုလေ့လာနိုင်ပါတယ်။ စာမေးပွဲမှာ ပါဝင်တဲ့ ခန်းဂျိအလုံးရေစုစုပေါင်း ၁၅၀၀ နီးပါးကိုလေ့လာနိုင်မှဖြစ်ပြီး စာမေးပွဲရဲ့ level အလိုက် လေ့လာနိုင်တဲ့အတွက်ကြောင့်မို့လို့ အခက်၊ အလွယ် ချိန်ပြီးလေ့လာနိုင်တဲ့ အတွက်ကြောင့်မို့လို့ အဆင်ပြေပါတယ်။ ရေးပုံရေးနည်း၊ ဖတ်နည်းနှင့် ၄ လုံးတွဲ အပြင် ခန်းဂျိအစိတ်အပိုင်းတွေကိုပါလေ့လာနိုင်မယ့် မေးခွန်းတွေပါ ပါဝင်တဲ့ အတွက်ကြောင့်မိုလို့ ခန်းဂျိတွေနဲ့ ရင်းနှီး ကျွမ်းဝင်နိုင်ဖို့အတွက် ကောင်းတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ 

JLPT နှင့် တခြား App များ။

နောက်ပြီးတော့ JLPT စာမေးပွဲအတွက်လဲ app တွေနဲ့ လေ့ကျင့်ရတာ ပိုပြီးတော့ ထိရောက်ပါတယ်။ ဒါကြောင့်မို့လို့ JLPT အတွက်စာလေ့လာတဲ့ အချိန်မှာထိရောက်မယ့် app တွေကို ဖော်ပြသွားမှာပါ။ 

JLPT Free Practice Kanji Vocabulary Grammar N1~N5

IOS  - JLPT Free Practice Kanji Vocabulary Grammar N1~N5

ကျွန်တော်သုံးခဲ့တဲ့ app လေးကတော့ JLPT Free Practice Kanji Vocabulary Grammar N1~N5 ဖြစ်ပြီးတော့ N1 ကနေပြီးတော့ N5 အထိကို Vocabulary, Kanji, Grammar သုံးမျိုးစလုံးကိုလေ့လာနိုင်ပါတယ်။ နောက်ပြီးတော့ လေ့လာနေရင်းတဲ့ တချို့စကားလုံးတွေကိုလဲ အမှတ်အသားတွေနဲ့ မှတ်ထားနိုင်ပါသေးတယ်။ ဒါ့အပြင် Quiz Mode လုပ်ထားရင် အချိန်မှန် Notification ပို့ပေးလေ့ရှိတဲ့ အတွက်ကြောင့်မိုလို့ အချိန်မှန်မှန် စာလုပ်ဖြစ်ပါတယ်။ Ios အတွက်ပဲရှိပါသေးတယ်။ 

Learn Japanese N5~N1 (JPro)

ဒီ app မှာတော့ JLPT အတွက် လေ့ကျင့်ခန်းတွေအပြင် တခြား contents တွေကိုပါအများကြီးတွေ့နိုင်တဲ့ အတွက်ကြောင့်မို့လို့ အရမ်းအသုံးဝင်တဲ့ app တစ်ခုဖြစ်ပါတယ်။ JLPT အတွက်ဆိုရင်တော့ Vocabulary, Kanji, Grammar နဲ့ပတ်သက်တဲ့ သင်ခန်းစာတွေအပြင် Quiz များ တခြား contents တွေအနေနဲ့တော့ သတင်း၊ ဆောင်းပါးတွေကိုပါလေ့လာနိုင်ပါတယ်။ 

JLPT kotoba

နောက်ထပ် JLPT အတွက် Vocabulary သီးသန့်လေ့ကျင့်ချင်တဲ့ သူတွေအတွက် ညွှန်းပေးချင်တာကတော့ JLPT kotoba ဆိုတဲ့ app ဖြစ်ပြီးတော့ N1 ကနေပြီးတော့ N5 အထိကို Vocabulary ကို မြန်မာလိုဘာသာပြန်နဲ့‌လေ့လားနိုင်ပါတယ်။ အထူးသဖြင့် အခြေခံအဆင့်လေ့လာနေသူတွေအတွက် အထူးသဖြင့် အသုံးဝင်မယ်လို့ထင်ပါတယ်။ ကိုယ်ကြိုက်တဲ့ စကားလုံးတွေကို မှတ်ထားတာဖြစ်စေ၊ ကိုယ့်ဘာသာကိုယ့် List တစ်ခုဖန်တီးထားပြီးတော့ သေချာလေ့လာနိုင်ပါသေးတယ်။ အဘိဓာန်အနေနဲ့ဖြစ်စေ နောက်ပြီးတော့ JLPT အတွက် တစ်နေ့ကိုနည်းနည်းချင်းစီလေ့ကျင့်တာမျိုးဖြစ်စေ လေ့ကျင့်ဖို့ အဆင်ပြေပါတယ်။ 

Shirabe Jisho

ဘာသာစကားလေ့လာတဲ့ အချိန်မှာ အဘိဓာန်ကောင်းကောင်းတစ်ခုရှိထားဖို့လဲ အရေးကြီးပါတယ်။ ကျွန်တော် အမြဲတမ်း သုံးဖြစ်တဲ့ အဘိဓာန်လေးကတော့ Shirabe Jisho ဆိုတဲ့ အဘိဓာန်လေးဖြစ်ပြီးတော့ စကားလုံးတွေကို ဂျပန်လို၊ Romaji နဲ့ဖြစ်စေ၊ အင်္ဂလိပ်လိုနဲ့ဖြစ်စေ ရှာနိုင်ပါတယ်။ နောက်ပြီးတော့ ခန်းဂျိတွေကို လက်ရေးနဲ့ ရေးပြီးလဲရှာနိုင်ပါသေးတယ်။ ခန်းဂျိ အစိတ်အပိုင်းအလိုက်ပါရှာဖွေနိုင်တဲ့ အဘိဓာန်လဲ ဖြစ်ပါတယ်။ ရိုးရှင်းပြီး အသုံးဝင်တဲ့ app လေးဖြစ်ပါတယ်။ 

国語辞典・英和辞典 一発表示辞書 

ဂျပန်စာ level မြင့်လာတဲ့ အချိန်မျိုးမှာဆိုရင်တော့ ဘာသာပြန် အဘိဓာန်တွေထက် ဂျပန်လို အဓိပ္ပာယ်ဖွင့်ထားတဲ့ အဘိဓာန်မျိုးဆိုရင် ပိုပြီးတော့ အသုံးဝင်ပြီးတော့ ထိရောက်ပါတယ်။ ကျွန်တော်လဲ N5 ကနေ N3 အထိဆိုရင်တော့ ဘာသာပြန် အဘိဓာန်တွေ အသုံးများပေမယ့် N2 ရောက်လာတာနဲ့ Japanese to Japanese အဘိဓာန်တွေကို အစားထိုးအသုံးပြုခဲ့ပါတယ်။  အများကြီးရှိတဲ့ အထဲမှာမှ အဆင်ပြေတဲ့ app ကတော့ 国語辞典・英和辞典 一発表示辞書 ဆိုတဲ့ app ဖြစ်ပြီးတော့ ဒီ app ထဲမှာဆိုရင် apanese to Japanese အဘိဓာန် တွေအများကြီးပါဝင်ပါတယ်။ ဒါပေမယ့် ဒီ app ကိုတော့ Offline နဲ့ အသုံးပြုလို့မရပါဘူး။

စကားပြောအတွက် အသုံးဝင်မယ့် App များ။

ဘာသာစကားလေ့လာတဲ့ အချိန်မှာ Input တမျိုးတည်းမဟုတ်ဘဲ Output ပါထုတ်ပြီး နှစ်မျိုးစလုံး ညီမျှဖို့အရေးကြီးပါတယ်။ ဒါကြောင့်မိုလို့ Output အတွက်လိုအပ်တဲ့ app တွေကိုပါဖော်ပြလိုက်ပါတယ်။ အကောင်းဆုံးကတော့ Native Speaker တွေနဲ့ အတူတူစကားပြောကြည့်တာမျိုးလုပ်တာက ကောင်းတဲ့ အကျင့်တစ်ခုပါတယ်။ ဂျပန်မှာရောက်နေတဲ့ သူတွေအနေနဲ့ကတော့ နေ့ဓူတကွ ဂျပန်စကားနဲ့ ထိတွေ့နေပြီးတော့ Output အတွက်နေ့စဥ်အလေ့အကျင့်ဖြစ်နေပေမယ့် ဂျပန်ပြည်ပမှာရှိနေတဲ့ သူတွေအတွက်ကတော့ Output အတွက် ခက်ခဲပါတယ်။ ဒါကြောင့်မို့လို့ ဂျပန်လူမျိုးတွေနဲ့ ဆက်သွယ်ပြီးစကားပြောနိုင်တဲ့ app တွေကို မိတ်ဆက်ပေးသွားပါ့မယ်။ 

HelloTalk

HelloTalk ကတော့ ဘာသာစကားလေ့လာနေတဲ့သူတွေအတွက် Native Speaker တွေနဲ့ ဆက်သွယ်ပြီးစကားပြောနိုင်တဲ့ app ဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ HelloTalk ကိုအသုံးပြုဖူးပါတယ်။ ဒီ app မှာတော့ Native Speaker တွေအပြင် တခြားဂျပန်စကားလေ့လာနေတဲ့ သူတွေနဲ့ပါ ဂျပန်ဘာသာစကားနဲ့ပြောဆိုဆက်သွယ်နိုင်ပါတယ်။ နောက်ပြီးတော့ HelloTalk အသုံးပြုနေတဲ့ 

Native Speaker တွေကလဲ ဂျပန်စာလေ့လာနေကြတဲ့ နိုင်ငံခြားသားတွေနဲ့ ပြောဆိုဆက်သွယ်ဖို့အတွက် အသုံးပြုနေကြတဲ့ အတွက်ကြောင့်မို့လို့ စကားပြောရတာပိုပြီတော့ အဆင်ပြေပါတယ်။ နောက်ပိုင်းမှာတော့ Voice Room တွေပါပါဝင်လာပါတယ်။ 

HiNative 

HiNative ကလဲ HelloTalk လိုပဲ ဘာသာစကားလေ့လာနေတဲ့သူတွေအတွက် Native Speaker တွေနဲ့ ဆက်သွယ်ပြီးစကားပြောနိုင်တဲ့ app ဖြစ်ပါတယ်။ HelloTalkနဲ့မတူတဲ့ အချက်ကတော့မိမိလေ့လာနေတဲ့ ဘာသာစကားနဲ့ ပတ်သက်ပြီးတော့ မေးခွန်းတွေမေးနိုင်ပြီး Native Speaker တွေဆီကနေ အဖြေတွေရရှိနိုင်ပါတယ်။ 

အကျဥ်းချုပ် 

ဒီဆောင်းပါးမှာတော့ ဂျပန်စာလေ့လာတဲ့ အချိန်မှာ အသုံးဝင်မယ့် ဖုန်းအက်ပလီကေးရှင်းတွေကို မိတ်ဆက်ပေးခဲ့ပြီးတော့ တစ်ခုချင်းစီရဲ့ အသုံးဝင်ပုံနှင့် ထိရောက်မှု တစ်ခုချင်းစီကို ဖော်ပြခဲ့ ပါတယ်။ ဖတ်စာအုပ် တစ်ခုတည်း မဟုတ်ဘဲ အက်ပလီကေးရှင်းကိုအသုံးချပြီး ဂျပန်စာကို အကျိုးရှိရှိလေ့လာနိုင်ဖို့ တိုက်တွန်းချင်ပါတယ်။ 

စာရေးသူ

Hein
မင်္ဂလာပါ။ Wexpats မှာ ဂျပန်စာ၊ ဂျပန်နိုင်ငံ၊ ဂျပန်ယဥ်ကျေးမှု အကြောင်းတွေကိုတင်ဆက်ရေးသားနေတဲ့ ဟိန်းပါ။ဝါသနာကတော့ ဂျပန်စာလေ့လာတာနဲ့ ဓာတ်ပုံရိုက်တာဖြစ်ပါတယ်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်စာလေ့လာခြင်း/ ဂျပန်စာဖြင့်ပျော်ရွင်ခြင်း/ ဂျပန်စာ တိုးတက်လာစေမယ့် ဖုန်းအက်ပလီကေးရှင်းများ

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ