ဂျပန်ရိုးရာ ဆူမို (Sumo) အားကစားသမိုင်းကြောင်းနှင့် စည်းမျဥ်းစည်းကမ်းများ

ဆူမိုအားကစားမျိုးကတော့ ဂျပန်အရှေးကျဆုံးရိုးရာ အားကစားတစ်မျိုးဖြစ်ပြီးတော့ လက်ရှိလဲ ဂျပန်မှာကျော်ကြားတဲ့ အားကစားနည်းတစ်ခုအဖြစ်တန်ဖိုးထားခြင်းခံထားရပါတယ်။ ဒီဆောင်းပါးမှာတော့ ဆူမိုနဲ့ ပတ်သက်ပြီးတော့ သမိုင်းကြောင်း၊ အရင်းအမြစ်နှင့် ဆူမိုအားကစားသမားတွေရဲ့ အဆင့်တွေအကြောင်းကို မျှဝေပေးသွားပါ့မယ်။

မာတိကာ 

  1. ဆူမိုအားကစားရဲ့ မူလ အရင်းအမြစ်။
  2. ဆူမိုအားကစားရဲ့ စည်မျဥ်းစည်းကမ်းများ။
  3. ဆူမိုအားကစားသမားအမျိုးအစားများ။
  4. ဆူမိုအားကစားသမားအဆင့်များ။
  5. ဆူမိုပြိုင်ပွဲများ။

ဆူမိုအားကစားရဲ့ မူလ အရင်းအမြစ်။

ရှေးယခင်တုန်းက ဆူမိုအားကစားပွဲတွေကို နတ်ဘုရားတွေကို ကောက်ပဲသီးနှံ အထွက်တိုးစေဖို့အတွက်ဆုတောင်းတဲ့ ပွဲတွေမှာ ကျင်းပလေ့ရှိကြပါတယ်။ Nara ခေတ်မှာ ဆူမိုကို နန်တွင်းပွဲတော်တစ်မျိုးအဖြစ် မိတ်ဆက်ပြီးတော့ အဲဒီအချိန်ကနေစပြီးတော့ နှစ်စဥ်နှစ်တိုင်း ဆူမိုကို ကျင်းပလာကြပါတော့တယ်။ အစပိုင်းမှာတော့ ဆူမိုကတော့ ယနေ့ခေတ် အားကစားနည်းလိုမျိုး စည်းမျဥ်းတွေ မဟုတ်ဘဲ ကြမ်းတမ်းပြီး လက်‌ဝှေ့ထိုးတဲ့အားကစားနည်းနဲ့ ခပ်ဆင်ဆင်ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ‌တော့ စည်းမျဥ်းစည်းကမ်းတွေပြောင်းလဲလာပြီးတော့ ယနေ့ခေတ်လိုမျိုး စည်းမျဥ်းစည်းကမ်းတွေဖြစ်လာကြပါတယ်။ Kamakura ခေတ်ကနေစပြီးတော့ ဆူမိုအားကစားပိုပြီးတော့ ဖွံ့ဖြိုးတိုးတက်လာပြီးတော့ ဆူမို အဖွဲ့တွေဖွဲ့လာကြပြီး ဂျပန်နိုင်ငံရဲ့ ရိုးရာအားကစားအဆင့်တစ်ခုအနေနဲ ဆင့်ကဲပြောင်းလဲ လာပါတယ်။ အဲဒိုခေတ်မှာ ဂျပန်နိုင်ငံ ဆူမို အဖွဲ့အစည်းကြီးကို စတင်ပြီးတော့ ဖွဲ့စည်းခဲ့ပါတယ်။ ဆူမိုအားကစားသမားတွေကိုတော့ 力士 (rikishi) လို့ခေါ်ကြပါတယ်။ဒါကြောင့်မို့လို့ ဆူမိုကို ဂျပန်နိုင်ငံရဲ့ အရှေးကျဆုံး အားကစားနည်းတစ်ဖြစ်ပြီး နှစ်ပေါင်း ၁၅၀၀ ကျော်လောက်ကတည်းက စတင်လာတဲ့ ရိုးရာ အားကစားနည်းတစ်ရပ်ဖြစ်ပါတယ်။ 

ဆူမိုအားကစားရဲ့ စည်မျဥ်းစည်းကမ်းများ။

ဆူမိုအားကစားနည်းကတော့ ရှင်းလင်းပြီးလွယ်ကူပါတယ်။ ဆူမို အားကစားသမားတွေက 土俵 (dohyo) လို့ခေါ်တဲ့ ဝိုင်းကြီးထဲကိုဝင်ပြီးတော့ ဆူမိုအားကစားနည်းကို ကစားကြရပါတယ်။ 土俵 (dohyo) ကတော့ ၂ ပေမြင့်ပြီးတော့ ၁၈ ပေကျယ်ပြီးတော့ မျက်နှာပြင်ကိုတော့ သဲတွေနဲ့ ဖုံးထားပါတယ်။ 

ဝိုင်းထဲဝင်တဲ့ အားကစားသမားတွေကတော့ 廻しလို့ခေါ်တဲ့ ခါးပတ်တစ်မျိုးကိုသာ ဝတ်ဆင်ခွင့်ရှိပါတယ်။ 

အနိုင်အရှုံးသတ်မှတ်ပုံကလဲ အင်မတန်ကို ရိုးရှင်းပါတယ်။ 

 土俵 (dohyo) အတွင်းဝင်ပြီးတာနဲ့ ဝိုင်းတွင်းမှာရှိတဲ့ 仕切り線 (shikiri sen) လို့ခေါ်တဲ့ အဖြူရောင်မျဥ်းပေါ်မှာ ရပ်ကြပြီး ハッケヨイ ဆိုတဲ့အသံပြုပြီးတော့ စပြီးတော့ပြိုင်ကြပါတယ်။ ခြေထောက် ကနေလွဲပြီးတော့ ကျန်တဲ့ အစိတ်အပိုင်းတစ်ခုခု ဝိုင်းအပြင်ကိုထွက်သွားတဲ့ အားကစားသမားက ပြိုင်ပွဲကို ရှုံးနိမ့်ကြောင်းသတ်မှတ်ပါတယ်။ 

ပြိုင်ပွဲအတွင်းမှာတော့ အောက်ပါအကြောင်းအရာတွေကို လုပ်ခွင့်မပြုပါ။

  • ဆံပင်ဆွဲခြင်း။
  • မျက်လုံးကို ထိုးခြင်း။
  • လက်သီးဖြင့်ထိုးခြင်း။
  • လည်ပင်ညစ်ခြင်း။
  • ခါးပတ်ကို ကိုင်ညစ်ခြင်း။

ဆူမိုအားကစားသမားအမျိုးအစားများ။

ဆူမိုအားကစားသမားတွေကို

  • 大相撲 (oozumo)
  • アマチュア相撲 (amachuazumo) ဆိုပြီး အမျိုးအစား ၂ မျိုးခွဲခြားနိုင်ပါတယ်။ 

大相撲 (oozumo)

大相撲 (oozumo) ကတော့ ပြိုင်ပွဲတွေမှာပြိုင်နေတဲ့ ဆူမိုအားကစားသမားတွေဖြစ်ပြီး ဂျပန်နိုင်ငံရဲ့ ဆူမိုအဖွဲ့ အစည်းတွေမှာပါဝင်တဲ့ ဆူမိုအားကစားသမားတွေဖြစ်ပါတယ်။ နာမည်ကိုတော့ 力士 (rikishi) လို့ခေါ်လေ့ရှိကြပြီးတော့ မိန်းကလေးတွေကတော့ ပါဝင်ယှဥ်ပြိုင်ခွင့်မပေးထားပါဘူး။ 力士 (rikishi) တွေကတော့ 力士 (rikishi) တွေကတော့ ちょんまげ (chomage) လို့ခေါ်တဲ့ ဆံပင်ပုံစံနဲ့ဖြစ်ပြီးတော့ အများအားဖြင့် ယုကတကိုဝတ်ဆင်လေ့ရှိကြပါတယ်။

アマチュア相撲 (amachuazumo) 

アマチュア相撲 (amachuazumo) ကတော့ ကျောင်းသားတွေနဲ့ လုပ်သားအဖွဲ့အစည်းတွေမှာ ပါဝင်နေတဲ့ ဆူမိုတွေဖြစ်ပြီးတော့ ပရော်ဖက်ရှင်နယ် အနေနဲ့ ဆူမိုကိုမကစားတဲ့ သူတွေကိုဆိုလိုတာဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေပါ ပါဝင်ပြီးကစားလေ့ရှိကြပါတယ်။ နောက်ပြီးတော့ アマチュア相撲 (amachuazumo) ကနေပြီးတော့ တဆင့် 大相撲 (oozumo) ကိုရောက်သွားတဲ့ ချန်ပီယန်တွေလဲ အများကြီးရှိပါတယ်။ ဒါပေမယ့် ဒီလို ဆူမိုအားကစားသမားတွေကိုတော့ 力士 (rikishi) လို့မ‌ခေါ်ကြပါဘူး။

ဆူမိုအဖွဲ့အစည်းမှာ ဘယ်သူတွေပါဝင်လဲ။

ဆူမိုအဆင့်သတ်မှတ်ထားတာကတော့ အများအားဖြင့် 大相撲 (oozumo) မှာဖြစ်ပါတယ်။ 大相撲 (oozumo) တွေကတော့  JAPAN SUMO ASSOCIATION  မှအဖွဲ့ အဝင်တွေဖြစ်ပြီးတော့ လက်ရှိမှာတော့ 力士 (rikishi) ပေါင်း ၆၀၀ ကျော်ရှိတယ်လို့ဆိုကြပါတယ်။  JAPAN SUMO ASSOCIATION တွေမှာတော့ ချယ်ပီယန် ဆူမိုတွေ အပြင် 

  • နည်းပြတွေဖြစ်တဲ့  親方(oyakata)
  • ဒိုင်တွေဖြစ်တဲ့ 行司 (gyouji)
  • ဆူမိုတွေရဲ့ နာမည်ကိုခေါ်တဲ့ 呼出 (yobidashi)
  • ဆူမိုရဲ့ ခါးပတ်ကိုပတ်တဲ့ 床山 (tokoyama) အစသဖြင့် လူတွေလဲရှိပါတယ်။ 

ဆူမိုတွေက ဘယ်လိုနေရာမှာ နေထိုင်လေ့ရှိလဲ။

ဆူမိုတွေကတော့ 相撲部屋(sumo beya)လို့ခေါ်တဲ့ လေ့ကျင့်ရေး နေရာတွေမှာ နေလေ့ရှိပြီးတော့ လေ့ကျင့်ရေးစခန်းတွေကိုတော့ နည်းပြနာမည်တွေတပ်ပြီးတော့ ခေါ်လေ့ရှိကြပါတယ်။ လေ့ကျင့်ရေးစခန်းတွေကလဲ တစ်နေရာနဲ့ တစ်နေရာမတူညီကြပါဘူး။ အများအားဖြင့် နေထိုင်တဲ့နေရာ၊ ဆူမိုအရေအတွက်တွေလဲ တစ်နေရာနဲ့ တစ်နေရာ မတူညီကြပါဘူး။

ဆူမိုအားကစားသမားအဆင့်များ။

ဆူမိုအားကစားလောကမှာတော့ အဆင့်သတ်မှတ်ချက်တွေကတော့အရေးပါဆုံးဖြစ်ပါတယ်။ ဒီလိုအဆင့်တွေကိုတော့ 番付 (Bandsuke) လို့ခေါ်ကြပြီးတော့ ပြိုင်ပွဲအကြီးတစ်ခုပြီးတိုင်း Rank ကိုခဏခဏ ပြန်ခွဲလေ့ရှိကြပါတယ်။ 

番付 (Bandsuke) ကိုတော့ အားကစားသမားတစ်ယောက်ချင်းစီမှာ အဆင့်သတ်မှတ်ချက်ရှိပါတယ်။ အမြင့်ဆုံးအဆင့်ကိုတော့ 幕内(maku uchi)လို့ခေါ်ပြီးတော့ အောက်ပါအတိုင်း သတ်မှတ်ချက်တွေရှိပါတယ်။

  1. 横綱 (Yokoduna)
  2. 大関 (Ozeki)
  3. 関脇 (Sekiwake)
  4. 小結 (Komusubi)
  5. 前頭 (Maegashira)

ဒီသတ်မှတ်ချက်တွေကိုရောက်တဲ့သူတွေကိုတေ့ အပေါ်ဆုံးမှာ စီထားပြီး ဒီ၅ ဆင့်အတွင်းရောက်လာတဲ့ အားကစားသမားတွေကတော့ နာမည်ကျော်ပြီးတော့ ခံစားခွင့်တွေလဲ အများကြီးရှိပါတယ်။ ဥပမာ - 十両 (juryo) နှင့် အပေါ်က 幕内(maku uchi) အဆင့် ၅ ဆင့်ကို ထပ်ပေါင်းပြီးတော့ 関取(sekitori)လို့ခေါ်ပြီးတော့ တခြားအားကစားသမားတွေနဲ့မတူတဲ့ ဆံပင်ပုံစံ 大銀杏まげ (oicho mage) ထားနိုင်သလို ပြိုင်ပွဲအတွင်းမှာဝတ်တဲ့ ခါးပတ်ကလဲ ရောင်စုံ၊ ဒီဇိုင်းကာလ အစုံနဲ့ ဝတ်ဆင်နိုင်ပါတယ်။ နောက်ပြီးတော့ သူတို့နာမည်တွေကိုလဲ 〇〇関 (zeki) လို့တပ်ခေါ်လေ့ရှိကြပါတယ်။ 

ဆူမိုအားကစားသမားတွေမှာ လစာရလား။ 

ပုံမှန်အားဖြင့် အဆင့်၇ ဖြစ်တဲ့ 幕下(maku shita)ကနေ အောက်ပိုင်းကသူတွေဆိုရင် လုံးဝ လစာမရရှိပါဘူး။ 関取(sekitori) အတွင်းမှာ ရှိနေတဲ့ ဆူမိုသမားတွေကတော့ တစ်လကို ယန်း သောင်း ၁၀၀ ကနေ သောင်း ၂၈၀ အထိ လစာရရှိလေ့ရှိကြပါတယ်။ ဒါပေမယ့် 幕下(maku shita)ကနေ အောက်ပိုင်းကသူတွေထဲမှာလဲ လူအပေါ်မူတည်ပြီးတော့ ယန်း ၇ သောင်းကနေ ၁၅ သောင်းအထိရရှိတဲ့ သူတွေလဲရှိကြပါတယ်။ ဆူမိုစခန်းမှာ နေတဲ့သူတွေကတော့ အစားအသောက်နဲ့ အဝတ်အစားကို အခမဲ့ထောက်ပံ့ထား‌လေ့ရှိပါတယ်။ ဘာလို့ အဲလောက် လစာနိမ့်ရလဲ ဆိုတာကတော့ 関取(sekitori) အတွင်းမှာမပါဝင်တဲ့ အဆင့်တွေဖြစ်တဲ့ 幕下(maku shita)လို့ခေါ်တဲ့ 

  • 幕下 (makushita)
  • 三段目 (san danme)
  • 序二段 (jonidan)
  • 序の口 (jonokuchi) အစရှိတဲ့ အဆင့်တွေကတော့ ပညာသင်ယူတဲ့ အဆင့်အနေနဲ့ သတ်မှတ်ထားတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ 

ဆူမိုပြိုင်ပွဲများ။

ဆူမိုပြိုင်ပွဲတွေရှိရင် စခန်း ကိုယ်စီကနေပြီးတော့ ဆူမိုအားကစားသမားတွေယှဥ်ပြိုင်ရပါတယ်။ ဆူမိုပြိုင်ပွဲတွေကိုတော့ ၁ နှစ်မှာ ၆ ကြိမ်ကျင်းပလေ့ရှိကြပါတယ်။ မ ဂဏန်းလတွေမှာကျင်းပလေ့ရှိပြီးတော့ ၁ လပိုင်း၊ ၃ လပိုင်း၊ ၅ လပိုင်း၊ ၇ လပိုင်း၊ ၉ လပိုင်း၊ ၁၁ လပိုင်း တို့မှာကျင်းပလေ့ရှိကြပါတယ်။ တခေါက်ကျင်းပရင် ၁၅ ရက်လောက်ကြပြီးတော့ အားကစားသမား တစ်ဦးကို ၁ ရက် ၁ ပွဲယှဥ်ပြိုင်ရပြီး နောက်ဆုံးမှာ ၁၅ ရက်ကြာပြီးနောက်မှာ အနိုင်ရတဲ့ သူကိုဆုံးဖြတ်ပါတယ်။ 

တစ်နှစ် ၆ ကြိမ်ထဲကနေ ၃ကြိမ်ကို ၁ လပိုင်း၊ ၅ လပိုင်းနှင့် ၉ လပိုင်းတို့မှာ တိုကျိုမှာကျင်းပပြီးတော့ ကျန်တဲ့ ၃ လပိုင်းနှာ အိုဆာကာ၊ ၇ လပိုင်းမှာ နာဂိုယာ၊ ၁၁ လပိုင်းမှာ ကျူးရှုးတို့မှာ ကျင်းပလေ့ရှိပါတယ်။ 

အပေါ်မှာပြောခဲ့သလိုမျိုး ၁၅ ရက်ကြာ ၁ ရက်၁ ပွဲယှဥ်ပြိုင်ရပြီး ၁၅ ရက်ကြာ ၁၅ ပွဲ ယှဥ်ပြိုင်ရတဲ့ အားကစားသမားတွေကတော့ 関取(sekitori) အားကစားသမားတွေဖြစ်ပြီး, Rank နိမ့်တဲ့ အားကစားသမားတွေ 幕下(makushita) အောက်ကဆူမိုသမားတွေက တော့ ၇ ကြိမ်သာယှဥ်ပြိုင်လေ့ရှိကြပါတယ်။ ၁၅ ပွဲပြိုင်ရတဲ့ အားကစားသမားတွေကတော့ ၈ ပွဲနှင့်အထက်နိုင်ရင် အဆင့်ထပ်တက်ပြီးတော့ ၇ ပွဲပြိုင်ရတဲ့ သူတွေကတော့ ၄ ပွဲနှင့် အထက်နိုင်ရင် အဆင့်တက်ပါတယ်။ ဒါပေမယ့် အပေါ်ဆုံးက အမြင့်ဆုံး အဆင့်တွေဖြစ်တဲ့ 横綱 (Yokoduna) နှင့် 大関 (Ozeki) တို့ မှာတော့ အထူးသတ်မှတ်ချက်တွေရှိပါတယ်။ 

  • ပထမဆုံး 大関 (Ozeki) ဖြစ်လာဖို့အတွက် sanyaku လို့ခေါ်လေ့ရှိတဲ့ (sekiwake, komusubi)ဆိုတဲ့ အဆင့်တွေမှာ ပွဲစဥ် ၃ စဥ်မှာ ၃၃ ကြိမ်အနိုင်ရမှဖြစ်မှာပါ။ နောက်ပြီးတော့ ပြိုင်ပွဲ တစ်ပွဲစီတိုင်းမှာ ၁၀ ပွဲနှင့်အထက် နိုင်ရရှိထားဖို့လဲ လိုအပ်ပါတယ်။ 大関 (Ozeki) အနေနဲ့ ပြိုင်ပွဲတွေပြိုင်နေရင်းနဲ့ ၂ ကြိမ်ဆက်တိုက်ရှုံးရုံနဲ့ အဆင့်ကျနိုင်ပါတယ်။
  • 横綱 (Yokoduna) ကတော့ ဆူမိုအာကစားလောကရဲ့ အမြင့်ဆုံးအဆင့်ဖြစ်ပြီးတော့ လုံးဝ အားကစားလောကမှာဆိုရင် နာမည်ကြီးတော့ လူလေးစားကြတဲ့ နေရာတစ်နေရာလဲဖြစ်ကြပါတယ်။ ဒါ့အပြင် အားကစားသမား အကုန်လုံးကလဲ ဒီနေရာကိုရောက်ဖို့အတွက် မျှော်မှန်းကြတဲ့ သူတွေ ဖြစ်ကြပါတယ်။ သမိုင်းတစ်လျှောက်လုံးမှာ ယနေ့ထက်ထိ ၇၃ ယောက်သာရှိပါသေးတယ်။ ဒီနေရာကိုရောက်ဖို့အတွက်ကတော့ 大関 (Ozeki) အနေနဲ့ ၂ ကြိမ်ဆက်တိုက်အနိုင်င်ရရမှာဖြစ်ပါတယ။ 横綱 (Yokoduna) ကတော့ တစ်ကြိမ်အဲ့နေရာကိုရောက်ပြီးတာနဲ့ ပြန်ပြီးကျလေ့မရှိတော့ပါဘူး။ ဘယ်လောက်ရှုံးရှုံး၊ ဘယ်လောက်နားနား အဆင့်ကျသွားလေ့မရှိပါဘူး။ ဒါပေမယ့် ဆူမိုလောကရဲ့ အထိပ်ဆုံးကိုရောက်လာပြီးဖြစ်တဲ့ အတွက်ကြောင့်မိုလို့ အမြဲတမ်းအနိုင်ရဖို့အတွက်ကိုပဲမျှော်လင့်ခံထားရလေ့ရှိပြီးတော့ အနိုင်မရယြ ခဏခဏအရှုံးနေတဲ့ သူတွေကတော့ ဆူမိုလောကကနေပြီးတော့ အနားယူသွားလေ့ရှိကြပါတယ်။ 

 

စာရေးသူ

Hein
မင်္ဂလာပါ။ Wexpats မှာ ဂျပန်စာ၊ ဂျပန်နိုင်ငံ၊ ဂျပန်ယဥ်ကျေးမှု အကြောင်းတွေကိုတင်ဆက်ရေးသားနေတဲ့ ဟိန်းပါ။ဝါသနာကတော့ ဂျပန်စာလေ့လာတာနဲ့ ဓာတ်ပုံရိုက်တာဖြစ်ပါတယ်။

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ယဥ်ကျေးမှု/ ဂျပန်အားကစား/ ဂျပန်ရိုးရာ ဆူမို (Sumo) အားကစားသမိုင်းကြောင်းနှင့် စည်းမျဥ်းစည်းကမ်းများ

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ