ကျိုတိုမြို့ရဲ့နွေရာသီမှာလည်ပတ်စရာနေရာများနှင့် လုပ်စရာနေရာများ။

ကျိုတိုမြို့ကတော့ ဂျပန်နိုင်ငံရဲ့ ရှေးဟောင်းမြို့တော်ဖြစ်ပြီးတော့ လည်ပတ်စရာ ဘုရားကျောင်းတွေနတ်ကွန်းတွေ အပြင် တစ်နှစ်ပတ်လုံး ရာသီမမ‌ရွေး အလှတွေနဲ့ ပြည့်နှက်နေတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ အများအားဖြင့် နွေဦးရာသီ ချယ်ရီပန်းနှင့် ဆောင်းဦးရာသီမှာ မေပယ်လ်ရွက်တို့ပွင့်တဲ့ အချိန်မှာ ဆိုရင် ခရီးသွားတွေနဲ့ ပြည့်နှက်နေပြီး အမြဲတမ်းဂျပန်နိုင်ငံရဲ့ ထိပ်တန်း ခရီးသွားနေရာအဖြစ်ဖော်ပြခံရတဲ့နေရာဖြစ်ပါတယ်။ နွေရာသီမှာလဲ ပွဲတော်တွေအပြင် နွေရာသီရဲ့ အလှကို ခံစားနိုင်တဲ့ နေရာတွေလဲ အများကြီးရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ ကျိုတိုမြို့မှာ ၁ နှစ်နေပြီးတော့ ကျိုတိုမြို့ရဲ့နွေရာသီမှာ အမြဲတမ်း ကျိုတိုကို လည်ပတ်လေ့ရှိတဲ့ အတွက်ကြောင့်မိုလို့ ကိုယ်ပိုင်အတွေ့အကြုံတွေကနေပြီးတော့ နွေရာသီရဲ့ တိုကျိုမြို့ရဲ့ အလှပတွေကို ဖော်ပြသွားမှာဖြစ်ပါတယ်။ 

မာတိကာ 

  1. ကျိုတိုမြို့ရဲ့ နွေရာသီ အပူချိန်။
  2. ကျိုတိုမြို့ရဲ့ နွေရာသီ လှပတဲ့ ရှုခင်းများနှင့်
  3. ကျိုတိုမြို့ရဲ့ နွေရာသီမှာ လုပ်ရမယ့် အရာများ။
  4. အကျဥ်းချုပ်။

ကျိုတိုမြို့ရဲ့ နွေရာသီ အပူချိန်။

ကျိုတိုမြို့ကတော့ နွေရာသီမှာလဲ တခြားမြို့တွေ ထက်ပိုပြီးတော့ ပူတယ်ဆိုပြီး လူပြောများကြပါတယ်။ တောင်တွေ ဝန်းရံထားပြီးတော့ မြေပြန့်ဒေသဖြစ်တဲ့ အတွက်ကြောင့်မိုလို့ ကပုံမှန်ဒေသ တွေထက်ပိုပြီးတော့ပူတယ်လို့ပြောကြပါတယ်။ အပူဆုံးကာလတွေကတော့ ဇွန်လ၊ ဇူလိုင်လ၊ သြဂုတ်လ တို့ဖြစ်ပါတယ်။ ဒီ ၃ လအတွင်း အပူချိန်တွေကို ၃ နှစ်တာ ဖော်ပြလိုက်ပါတယ်။ 

ခုနှစ် →

↓လ

2021 ခုနှစ် 2022 ခုနှစ် 2023 ခုနှစ်
ဇွန်လ  23.9℃ 24.4℃ 27.9℃
ဇူလိုင်လ  27.9℃ 28.1℃ 29.1℃
သြဂုတ်လ 27.7℃ 29.0℃ 30.3℃

※ ကိုကား - ဂျပန်နိုင်ငံ မိုးလေဝသ ဝန်ကြီးဌာန 

နွေရာသီမှာ ကျိုတိုကိုသွားမယ်ဆိုရင်တော့ အပူရှုပ်တာကိုကာကွယ်နိုင်ေအာင်သေချာဂရုစိုက်ရမှာဖြစ်ပါတယ်။ အဝတ်အစားတွေကိုလဲ အပူချိန်ကို စဥ်းစားပြီးတော့ သေချာပြင်ဆင်ပါ။ နောက်ပြီးတော့ Sun screen ကိုလဲ မပျက်မကွက်လိမ်းဖို့ လိုအပ်ပါတယ်။ ဒီလိုပြင်ဆင်မှုတွေသချာ ပြုလုပ်ပြီးတော့မှ ခရီးသွားဖို့ တိုက်တွန်းချင်ပါတယ်။ ဂျပန်နိုင်ငံရဲ့ နွေရာသီအကြောင်းနှင့် အပူရှုပ်ခြင်းကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေအကြောင်းကိုလဲ တခါတည်းဖတ်ထားဖို့ အကြံပြုအပ်ပါတယ်။

ကျိုတိုမြို့နွေရာသီရဲ့ လှပတဲ့ ရှုခင်းများ

ကျိုတိုမြို့ကတော့နွေရာသီမှာပူပေမယ့် ဒီအပူတွေကို လုံးဝ မေ့သွားပြီး ရင်ထဲအေးမြစေ့မယ်ရှုခင်းတွေ အများကြီးရှိပါတယ်။ ဂျပန်နိုင်ငံရဲ့ မိုးရာသီရောက်လာတာနဲ့ ရှုခင်း တစ်ခွင်လုံး စိမ်းလန်းစိုပြေပြီးတော့ လှပနေလျက်ရှိပါတယ်။ ဂျပန်လိုတော့ 新緑 (Shinryoku) လို့ခေါ်ပြီးတော့ လန်းဆန်းတဲ့ အစိမ်းရောင်ဆိုပြီးတော့ အဓိပ္ပာယ်ရပါတယ်။ကျိုတို အတွင်းမှာလဲ ဒီလို အစိမ်းရောင်ပတ်ဝန်းကျင်မြင်ကွင်းတွေကို ကြည်ရှုနိုင်မယ့်နေရာတွေ အများကြီးရှိပါတယ်။ နွေရာသီမှာ သွားရောက်လည်ပတ်နိုင်တဲ့ နေရာတွေကို ဖော်ပြလိုက်ပါတယ်။

Arashiyama 

Arashiyama ကတော့ ကျိုတိုမြို့ရဲ့ နာမည်ကြီး ခရီးသွားနေရာတစ်ခုဖြစ်ပြီးတော့ ဂျပန်နိုင်ငံမှာ ဝါးတောတွေအပြင် စားသောက်ဆိုင်တန်းတွေ၊ လှပတဲ့ မြစ်တွေနှင့် ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ နေရာဖြစ်ပါတယ်။ Arashiyama ကတော့ ရာသီ ၄ မျိုးစလုံးမှာ ဆွဲ‌ဆောင်မှု ကိုယ်စီရှိပြီးတော့ နွေရာသီမှာဆိုရင်လဲ ရေစီးဆင်းအသံလေးနှင့် နွေရာသီကို အပြည့်အဝခံစားနိုင်မယ့် နေရာ တစ်ခုဆိုလဲ မမှားပါဘူး။  Arashiyama အတွင်းမှာတော့ ဘုရားကျောင်းတွေ၊ နတ်ကွန်းတွေ လဲရှိတဲ့ အတွက်ကြောင့်မို့လို့ ဘုရားကျောင်းတွေကို ကြိုက်တဲ့ သူတွေ အတွက်လဲ အဆင်ပြေတဲ့ နေရာဖြစ်ပါတယ်။  Arashiyama ကိုသွားဖို့ဆိုရင်တော့ 嵯峨嵐山駅 (Saga arashiyama)ဘူတာဖြစ်ပြီးတော့ ဒီဆောင်းပါးမှာတော့ Saga arashiyama ကိုဗဟိုပြုပြီးတော့ အနီးအနားမှာရှိတဲ့ နွေရာသီမှာလည်ပတ်နိုင်တဲ့ နေရာလေးတွေကို ဖော်ပြလိုက်ပါတယ်။ 

竹林の小径 (Chikurin no shōkei) - ဝါးတောလမ်း

 ဝါးတောလမ်းကတော့ Arashiyama ကနေပြီးတော့ လမ်းလျှောက် ၅ မိနစ်သာကြာပြီးတော့ ဝါးတောကြီးထဲမှာ အေးအေးဆေးဆေးနှင့် လမ်းလျှောက်နိုင်တဲ့ နေရာလေးဖြစ်ပါတယ်။ နွေရာသီမှာ အစိမ်းရောင်နှင့် အေးမြတဲ့ အရိပ်ကို ခိုချင်တဲ့သူတွေအတွက် သင့်တော်တဲ့နေရာလေးဖြစ်ပါတယ်။ နောက်ပြီးတော့ ဝင်ကြေးကလဲ အခမဲ့ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ကုန်ကျကြေးငွေလဲအကုန်ကျသက်သာတဲ့ နေရာလေးတစ်ခုလဲဖြစ်ပါတယ်။ 

野宮神社 (Nomiya jinja)

နောက်ထပ်နေရာလေးကတော့ Nomiya နတ်ကွန်းဖြစ်ပြီးတော့ အစိမ်းရောင် သစ်ပင်တွေနဲ့ဝိုင်းရံထားတဲ့ နတ်ကွန်းဖြစ်ပါတယ်။ နာမည်ကြီးနတ်ကွန်းဖြစ်ပြီးတော့ လမ်းလျှောက် ဘူတာကနေပြီးတော့၁၀မိနစ်ခန့်ဖြစ်ပါတယ်။ဂျပန်နိုင်ငံရဲ့ရှေးဟောင်းဆောက်လုပ်ပုံစံတွေ့ကို

လေ့လာနိုင်ပြီးတော့ နွေရာသီမှာလဲ အေးမြတဲ့ အရိပ်ခိုနိုင်မယ့်‌နေရာလေးဖြစ်ပါတယ်။

渡月橋 (Togetsukyo) 

Togetsukyo ကတော့ Arashiyama လို့ပြောလိုက်ရင် ပြေးမြင်ကြတဲ့ နေရာဖြစ်ပြီးတော့ ရာသီဥတု အလိုက် အလှအပ အမျိုးမျိုးကိုခံစားနိုင်တဲ့နေရာလဲဖြစ်ပါတယ်။ အနီးအနားမှာလဲ စားသောက်ဆိုင်တွေအများကြီးရှိပြီးတော့ နွေရာသီမှာအစားအသောက်တွေကိုလဲ စားသောက်နိုင်ပါတယ်။ နွေရာသီရောက်ရင်တော့ နွေရာသီမှာပဲလုပ်နိုင်တဲ့ အရာတွေလဲ အများကြီးရှိနိုင်ပါတယ်။ 

三千院 (sansenin)

နွေရာသီမှာ နောက်ထပ် အပန်းဖြေနိုင်မယ့်နေရာကတော့ ဗုဒ္ဓဘာသာဘုရားကျောင်းကို ကြိုက်နှစ်သက်တဲ့ သူတွေအတွက် အရမ်းကိုအဆင်ပြေတဲ့နေရာလဲဖြစ်ပါတယ်။ ဘုရားကျောင်းတစ်ခုလုံးမှာလဲ အစိမ်းရောင်းသစ်ပင်တွေနဲ့ ပြည့်နှက်နေပြီးတော့ စိတ်ကိုယ်နှလုံးကိုအေးချမ်းစေတဲ့ ဘုရားကျောင်းလဲဖြစ်ပါတယ်။ နောက်ပြီးတော့ မိုးရာသီမှာဆိုရင်လဲ မိုးဦးပန်းလေးတွေပွင့်တဲ့ နေရာလေးလဲဖြစ်ပါတယ်။ 

ဘုရားကျောင်းဖွင့်ချိန် - 

  • 《မတ်လ 〜အောက်တိုဘာလ》9:00〜17:00
  • 《နိုဝင်ဘာလ》8:30〜17:00
  • 《ဒီဇင်ဘာလ 〜 ဖေဖော်ဝါရီလ》9:00〜16:30

ဝင်ကြေး - ပုံမှန် 700 ယန်း 、အလယ်တန်းကျောင်း 400 ယန်း、မူလတန်းနှင့် အောက် 150 ယန်း။

ဝက်ဘ်ဆိုက် - http://www.sanzenin.or.jp/

美山 (Miyama) 

美山 Miyama ကလဲ နွေရာသီမှာ သွားလည်သင့်တဲ့ ကျိုတိုရဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ကျိုတိုကနေ ခပ်လှမ်းလှမ်းဘက်မှာရှိပေမယ့် နာမည်အတိုင်း လှပတဲ့ တောင် တစ်တောင် ဝိုင်းရံထားတဲ့ ရွာလေးတစ်ရွာဖြစ်ပါတယ်။ ကျိုတိုရဲ့ မြောက်ဘက်မှာရှိပြီးတော့ နွေရာသီမှာဆိုရင်တော့ လှပတဲ့ ပန်းရောင်စုံလေးတွေပွင့်လန်းတဲ့ နေရာဖြစ်တဲ့ အတွက်ကြောင့်မို့လို့ စိတ်ပျော်ရွှင်မှုရရှိနိုင်မယ့်နေရာဖြစ်ပါတယ်။ 

伊根 (Ine)

နွေရာသီ ကျိုတိုမှာ ပင်လယ်ကိုသွားပြီးတော့ နွေရာသီ ရဲ့ အငွေ့ အသက်ကိုအပြည့်အဝခံစားချင်တယ်ဆိုရင်တော့ Ine ဆိုတဲ့ ရွာလေးကိုတော့ မသွားမဖြစ်သွားရမယ့် နေရာလေးဖြစ်ပါတယ်။ Ine ကတော့ ဂျပန်မှာ ပင်လယ်နဲ့ အနီးစပ်ဆုံးမှာ နေထိုင်တဲ့ နေရာလို့ပြောကြပြီးတော့ ရေကြည်လင်ပြီးတော့ ရေနဲ့ အနီးစပ်ဆုံးနေရာမှာ အိမ်တွေတည်ဆောက်ထားတဲ့ရွာလေးလဲဖြစ်ပါတယ်။ ပင်လယ်စာလဲ အရသာရှိလှတဲ့ အပြင် ရွာလေးကို လမ်းပတ်လျှောက်ရတာကလဲ စိတ်ကြည်နူးဖွယ်ကောင်းလှပါတယ်။

貴船 (Kibune)

ကျိုတိုမြို့ရဲ့ နွေရာသီလို့ပြောလိုက်ရင် လုံးဝ ချန်ထားလို့မရတဲ့ နေရာကတော့ Kibune ဆိုတဲ့ တောင်တွေနှင့် သစ်ပင်တွေ ဝိုင်းရံထားတဲ့ ရွာလေးဖြစ်ပါတယ်။ ဒီရွာလေးမှာဆိုရင် နာမည်ကျော် Kibune နတ်ကွန်းရှိပြီးတော့ ဒီနတ်ကွန်းရဲ့ ဝင်ပေါက်ကတော့ ရာသီ ၄ မျိုးစလုံးမှာ အလှကိုယ်စီရှိပေမယ့် အထူးသဖြင့် နွေရာသီရဲ့ အစိမ်းရောင်သစ်ပင် တွေနှင့် အနီးရောင် တိုင်လေးတွေကြားထဲမှာ လိုက်ဖက်ညီညီနဲ့ လှပနေလျက်ရှိပါတယ်။ နောက်ပြီးတော့ ဒီနတ်ကွန်းမှာဆိုရင်လဲ နာမည်ကြီး ရေဗေဒင်လဲ တည်ရှိတဲ့ နေရာလဲဖြစ်ပါတယ်။ ဂျပန်ရိုးရာ ဗေဒင် ကြိုက်နှစ်သက်တဲ့ သူတွေအတွက် လုံးဝ လက်မလွတ်သင့်တဲ့ နေရာလေးလဲဖြစ်ပါတယ်။ ဒါ့အပြင် နတ်ကွန်းအနီးအနားတဝိုက်မှာဆိုရင်လဲ နွေရာသီနဲ့ လိုက်ဖက်တဲ့ စားသောက်ဆိုင်တွေအများကြီးရှိတဲ့ နေရာလဲဖြစ်ပါတယ်။ 

 鴨川 (Kamogawa)

Kamogawa လို့ခေါ်တဲ့ ကျိုတိုမြို့တွင်းကိုဖြတ်ပြီးတော့ စီးဆင်းနေတဲ့ Kamogawa ကတော့ နွေရာသီမှာ ထိုင်လို့ကောင်းတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် နွေရာသီ ရဲ့ နေလည်ဘက်တွေမှာထိုင်တာမျိုးတွေမဟုတ်ဘဲ ညနေခင်းဘက်တွေမှာ သူငယ်ချင်းတွေနဲ့ အတူတူထိုင်ပြီးတော့ လေညှင်းခံတဲ့သူတွေလဲ အများကြီးရှိပါတယ်။ ညဘက်ရောင်ရင် မြစ် အနီးမှာရှိတဲ့ ဆိုင်တွေဖွင့်ပြီးတော့ ရောင်စုံမီးတွေနဲ့ အရမ်းကို အသက်ဝင်တဲ့ ညကိုဖြတ်သန်းနိုင်ပါတယ်။

ကျိုတိုမြို့နွေရာသီမှာ လုပ်စရာ အရာများ

နွေရာသီမှာ သွားရောက်နိုင်တဲ့ နေရာတွေအပြင် ကျိုတိုမြို့အတွင်းမှာ နွေရာသီမှာလုပ်နိုင်တဲ့ အရာတွေလဲ အများကြီးရှိပါတယ်။ ဒီတခေါက်မှာတော့ ကျိုတိုမြို့အတွင်းမှာလုပ်နိုင်မယ့် အရာတွေကို ဖော်ပြလိုက်ပါတယ်။

川床 (Kawadoko)

ပထမဆုံးအနဲ့ ကျိုတိုမှာ နွေရာသီရောက်ရင် လူကြိုက်များပြီးတော့ နွေရာသီမှာသာ လုပ်နိုင်တဲ့ 川床 (Kawadoko) လို့ခေါ်တဲ့ စားသောက်ဆိုင်လေးတွေကိုဖော်ပြလိုက်ပါတယ်။ 川床 (Kawadoko)ဆိုတာကတော့ ဂျပန်ရိုးရာ နွေရာသီမှာ မြစ်နံဘေး သို့မဟုတ် မြစ်အပေါ်တွေမှာ ထိုင်ပြီးတော့ စားသောက်နိုင်တဲ့ နေရာဖြစ်ပါတယ်။ နွေရာသီမှာ ညနေခင်းလေညှင်းခံပြီးတော့ နွေရာသီ အစားအသောက်တွေကို စားသောက်နိုင်ပါတယ်။ ကျိုတိုမြို့အတွင်းမှာလဲ 川床 (Kawadoko) စားသောက်ဆိုင်တွေ အများကြီးတည်ရှိရာနေရာဖြစ်ပြီးတော့ နွေရာသီရောက်ရင် 川床 (Kawadoko)ဆိုင်တွေစပြီးတော့ဖွင့်ပါတယ်။ နွေရာသီမှာသာ ဖွင့်တဲ့ အတွက်ကြောင့်မို့လို့ လာရောက်တဲ့ သူတွေလဲ များပါတယ်။ ဒါကြောင့်မို့လို့ ကြိုတင်ဘိုကင်တင်ဖို့လိုအပ်ပါတယ်။ အများအားဖြင့် Kibune ရွာနှင့် Kamogawa မြစ်အနားမှာ အများကြီးတွေ့နိုင်ပါတယ်။ Kibune ရွာမှာဆိုရင်တော့ မြစ်အပေါ်မှာဆောက်ထားတဲ့ 川床 (Kawadoko) Kamogawa မြစ်တစ်လျှောက်မှာဆိုရင်တော့ ဆိုရင်တော့ မြစ်တစ်လျှောက်မှာ ဆောက်ထားတဲ့ 川床 (Kawadoko) ကိုတွေ့နိုင်ပါတယ်။

風鈴まつり(Fūrin matsuri)- နွေခေါင်းလောင်းပွဲတော် 

ခေါင်းလောင်းလေးတွေကတော့ ဂျပန်နိုင်ငံရဲ့ နွေရာသီကို ကိုယ်စားပြုတဲ့ အရာလေးတစ်ခုဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာတော့ နွေရာသီရောက်တဲ့ အချိန်မှာဆိုရင် ခေါင်းလောင်းလေးတွေကို အိမ်အဝင်ဝမှာထားပြီး အလှဆင်လေ့ရှိကြပါတယ်။ ဒီလိုမျိုး ခေါင်းလောင်းလေးတွေအများကြီးကို တပ်ဆင်ပြီးတော့ အလှဆင်ထားတဲ့ ပွဲတော်ကြီးတွေလဲ အများကြီးရှိတဲ့ ပွဲတော်ကို ကျိုတိုမှာလဲ ရှိပါတယ်။ ကျိုတိုမြို့ရဲ့ 正寿院 (shoujuin) ဆိုတဲ့ ဘုရားကျောင်းမှာပြုလုပ်တဲ့ပွဲဖြစ်ပြီးတော့ ခေါင်းလောင်းပေါင်း ၂ ထောင်ကျော်ရှိတဲ့ ခေါင်းလောင်းတွေကို အလှဆင်ပြီးတော့ ဒီခေါင်းလောင်းတွေမှာလဲ ဂျပန်နိုင်ငံ တစ်နိုင်ငံလုံးမှာရှိတဲ့ ခေါင်းလောင်းအမျိုးအစားနှင့် အသံတွေကိုလဲ ကြည့်ရှုလေ့လာနိုင်ပါတယ်။ ဖွင့်လှစ်ပြသတဲ့ အချိနိကတော့ ဇွန်လ လစကနေပြီးတော့ စက်တင်ဘာလ အဆုံးအထိပွဲတော်ကို ကျင်းပပါတယ်။ 

祇園祭 (Gion Matruri)

ဂျပန်စာ သင်နေတဲ့ သူဆိုရင် ဂျပန်စာစာအုပ်တွေထဲမှာ ခဏခဏ 祇園祭 (Gion Matruri) ဆိုတဲ့စကားလုံးကို ခဏခဏ ကြားဖူးနေကြမှာဖြစ်ပါတယ်။ ဒီပွဲတော်ကတော့ ကျိုတိုမြို့မှာအရမ်းနာမည်ကြီးပြီး တစ်နိုင်ငံလုံးကလူတွေ လာရောက်လည်ပတ်တဲ့ ပွဲတော်ဖြစ်ပြီး ဇူလိုင်လမှာ တစ်လလုံးကျင်းပတဲ့ ပွဲတော်ဖြစ်ပါတယ်။ 祇園祭 (Gion Matruri) ကတော့ ရှေးယခင်ကတည်းက ကျင်းပလာတဲ့နှစ် ၁၀၀၀ကျော်ရှိ သမိုင်းဝင်ပွဲတော်ကြီးဖြစ်ပြိးတော့ မကောင်းဆိုးဝါးတွေကိုနှင်ထုတ်ဖို့ အတွက် စတင်ပြီးတော့ ကျင်းပတဲ့ ပွဲဖြစ်ပါတယ်။ ယနေ့ခေတ်တိုင်တဲ့ အထိ ကျင်းပနေတဲ့ ပွဲတော်ဖြစ်ပြီးတော့ ဇူလိုင်လ တစ်လလုံးမှာ ကျင်းပနေဆဲဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာတော့ ယုနက်စကိုရဲ့ ယဥ်ကျေးမှုအမွေနှစ်အဖြစ်မှတ်ပုံတင်ခံရပြီးတော့ ဂျပန်နိုင်ငံရဲ့ အကြီးဆုံး ပွဲတော် ၃ ခုထဲက တစ်ပွဲလဲဖြစ်ပါတယ်။ စင်တွေဆောက်လုပ်ပြီးတော့ လှည့်ပတ်ခြင်း၊ ညဘက်မီးထွန်းပြသခြင်း၊ တီးခတ်ခြင်းတို့ကို ပြုလုပ်လေ့ရှိပါတယ်။ စင်ပေါ်မှာထိုင်ဖို့အတွက် နှစ်စဥ် ကျိုတိုဒေသခံယောကျာ်းလေးတွေကို ရွေးချယ်ပြီးထိုင်ပြီးလှည့်လေ့ရှိပါတယ်။ နာမည်ကတော့ Gion ပွဲတော်ဆိုပေမယ့် Gion ရပ်ကွက်မှာကျင်းပတာမျိုးမဟုတ်ပေမယ့် ကျိုတိုရဲ့ နာမည်ကြီး Kamogawa မြစ်ရဲ့တစ်ဖက်ကမ်းဖြစ်တဲ့Karasuma နှင့် Shijo တစ်လျှောက်မှာကျင်းပတာဖြစ်ပါတယ်။ Gion ပွဲတော်ကိုတော့ ဇူလိုင်လတစ်လလုံးကျင်းပတာဆိုပေမယ့် ဒီတစ်လလုံးထဲမှာ အဓိကသွားရောက်လေ့လာသင်တဲ့ပွဲကတော့ ၃ ပွဲရှိပါတယ်။ 

  • 山鉾巡行 (Yamaboko Junko) 
  • 宵山 (Yoiyama)
  • 神輿(Mikoshi Togyo)

山鉾巡行 (Yamaboko Junko)

 

祇園祭 (Gion Matruri) ရဲ့ အဓိကကြည့်ရှုစရာအနေနဲ့ကတော့ ငြမ်းစင်တွေဖြစ်ပါတယ်။ ဒီငြမ်းစင်တွေကို အမျိုးအစား ၂ မျိုးခွဲခြားပြီးတော့ 山(yama) 鉾(hoko) ဆိုပြီးတော့ ခွဲခြားထားပါတယ်။ 山鉾巡行(Yamaboko Junko) ဆိုတာကတော့ မြို့ထဲမှာပတ်ပြီးတော့ ဒီလို စင်တွေကို လှည့်ပတ်ခြင်းဖြစ်ပါတယ်။ နေ့ဘက်ကြီးမှာလှည့်ပတ်တာဖြစ်ပြီးတော့ လှည့်ပတ်တဲ့ နေရာတွေမှာဆိုရင် လမ်းပိတ်ပြီး လာရောက်လည်ပတ်တဲ့ သူတွေလဲ အများကြီးရှိပါတယ်။ တမြို့လုံးနှင့် သတင်းတွေကိုလဲ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ တိုက်ရိုက်ထုတ်လွှင့်တာမျိုးတွေရှိတဲ့ အတွက်ကြောင့်မိုလို့တော်တော်လေးကို စည်ကားသိုက်မြိုက်လို့နေပါတယ်။ လူတွေ အရမ်းများပြီးပူတဲ့ ကာလဖြစ်တဲ့ အတွက်ကြောင့်မို့လို့ တော်တော်လေးသတိထားဖို့လိုအပ်ပါတယ်။ နှစ်စဥ် လဲ ပွဲလာကြည့်တဲ့သူတွေထဲမှာ အပူရှပ်ပြီးတော့ ဆေးရုံကိုသယ်သွားရတဲ့သူတွေ အများပြားရှိတဲ့ အတွက်ကြောင့်မိုလို့ ကြိုတင်ကာကွယ်မှုတွေလုပ်ပြီးမှသွားရောက်စေချင်ပါတယ်။ 祇園祭 (Gion Matruri) ကိုအ‌ရှေ့ပိုင်းနှင့် အနောက်ပိုင်း နှစ်ပိုင်းခွဲထားတဲ့ အတွက်ကြောင့်မို့လို့ 山鉾巡行(Yamaboko Junko) ကိုလဲ နှစ်ခေါက်ကြည့်ရှုနိုင်ပါတယ်။ ၂၀၂၄ ခုနှစ်ရဲ့ အချိန်ဇယားအရ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • ဇူလိုင်လ ၁၀ ရက်နေ့ 鉾建(前祭)- Hokotate (sakimatsuri)
  • ဇူလိုင်လ ၁၂ ရက်နေ့ 山建(前祭)- Yamatate (sakimatsuri)
  • ဇူလိုင်လ ၁၇ ရက်နေ့ 山鉾巡行(前祭) - Yamaboko Junko (sakimatsuri)
  • ဇူလိုင်လ ၁၇ ရက်နေ့ 山・鉾建(後祭)-Yama/Hokotate (atomatsuri)
  • ဇူလိုင်လ ၂၄ ရက်နေ့ 山鉾巡行(後祭)- Yamaboko Junko (atomatsuri)

宵山 (Yoiyama)

宵山 (Yoiyama) ကတော့ 山鉾巡行(Yamaboko Junko) မတိုင်ခင် ၃ ရက်မှာ လမ်းတွေပိတ်ပြီးတော့ ၃ ရက်တိုင်တိုင်ညဘက်မှာ မုန့်စျေးတန်းတွေနှင့် 山鉾(Yamaboko) တွေကိုလှည့်ပတ်ကြည့်ရှုနိုင်တဲ့ ညဖြစ်ပါတယ်။ ကျွန်တ်ော့အတွေ့အကြုံအရဆိုရင်တော့ 宵山 (Yoiyama)ညကတော့ ပွဲတော်တစ်ခုလုံးမှာ အထိုက်တန်ဆုံးနှင့် သွားသင့်ဆုံးညတစ်ညလို့ထင်ပါတယ်။ ညဘက်ဆိုတော့ နေပူဒဏ်လဲ အဲလောက် မခံရတဲ့ အပြင် မီးပုံးတွေနှင့် ညဘက်မြင်ကွင်းက တွဲဖက်ညီပြီးတော့ လှပလျက်ရှိပါတယ်။ အဆောင်တွေဝယ်ယူခြင်း၊ ယဥ်ကျေးမှူတွေကိုကြည့်ရှုခံစားခြင်းနှင့် ပွဲတော်မှာရောင်းချတဲ့ အစားအသောက်တွေကို ဝယ်ယူခြင်းတို့နဲ့ တော်တော်ပျော်ရွှင်ဖွယ်ရာဖြစ်ပါတယ်။ ပထမပိုင်း ဒုတိယပိုင်း ၂ကြိမ်လုံးကျင်းပတဲ့အတွက်ကြောင့်မို့လို့ 宵山 (Yoiyama) ညကိုလဲ ၆ ညတိုင်တိုင် ခံစားနိုင်ပါတယ်။ ဒီနှစ်အချိန်ဇယားကိုကြည့်လိုက်ကြရအောင်။

  • ဇူလိုင်လ ၁၄ - ၁၆ ရက်နေ့ 宵山(前祭))-Yoiyama (sakimatsuri)
  • ဇူလိုင်လ ၂၁-၂၃ ရက်နေ့ 宵山(後祭)- -Yoiyama(atomatsuri)

神輿渡御(Mikoshi Togyo)

祇園祭 (Gion Matruri) ကတော့ ကျိုတိုမြို့ Gion ရပ်ကွက်မှာရှိတဲ့ Yasaka နတ်ကွန်းရဲ့ပွဲတော်ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ 山鉾巡行(Yamaboko Junko) နေ့မှာ Yasaka နတ်ကွန်းရဲ့ 神輿(Mikoshi) ကိုထမ်းပြီးတော့ ကျိုတိုမြို့လယ်ကိုသွားပါတယ်။ ဇူလိုင် ၂၄ ရက်နေ့မှာတော့(Mikoshi) ကိုကျိုတိုမြို့ကိုပြန်လည်ပို့‌ဆောင်ပါတယ်။ 

 京都水族館 - ကျိုတိုငါးပြတိုက် 

နွေရာသီနဲ့ အလိုက်ဖက်ဆုံးနေရာဆိုရင်တော့ ငါးပြတိုက်ဖြစ်ပါတယ်။ ကျိုတိုမြို့မှာတော့ ငါးပြတိုက်ရှိပြီးတော့ကျိုတိုမြို့မှာ နာမည်ကြီးတဲ့နေရာတစ်ခုဖြစ်ပါတယ်။ အဆောက်အအုံကျဥ်းပြီးတော့ Umekoji ပန်းခြံမှာဖွင့်လှစ်ထားပြီး ၂၀၁၂ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ အထပ် ၂ ထပ်ရှိပြီး အခန်းတွေ အမြောက်အမြားရှိတဲ့ အတွက်ကြောင့်မို့လို့ လေ့လာစရာတွေ အများကြီးရှိပါတယ်။ dolphin ရှိုးလဲရှိတဲ့ အတွက်ကြောင့်လို့ စိတ်ဝင်စားတဲ့သူတွေအဆင်ပြေပါတယ်။ အနီးနားမှာလဲ လည်စရာတွေအများကြီးရှိတဲ့ အတွက်ကြောင့်မို့လို့ အဆင်ပြေပါတယ်။ 

  • ဖွင့်တဲ့အချိန် - လအလိုက်ကွာခြား။

※အသေးစိတ်ကိုတော့ ဝက်ဘ်ဆိုက်မှာ ဝင်ကြည့်ပါ။

  • ဝင်ကြေး - ပုံမှန် ၂၄၀၀ ယန်း၊ အထက်တန်းကျောင်းသား ၁၈၀၀ ယန်း၊ အလယ်တန်းကျောင်းသား ၁၂၀၀ ယန်း၊ ၃ နှစ်နှင့်အောက် ၈၀၀ ယန်း။

အကျဥ်းချုပ်။

ကျိုတိုမြို့ကတော့ ရာသီ ၄ မျိုးစလုံးအလှတွေနဲ့ပြည့်နှက်နေတဲ့ အပြင် နွေရာသီမှာဆိုရင်လဲ လှပပြီးတော့ နွေရာသီမှာပဲ လုပ်နိုင်တဲ့ အရာတွေလဲ အများကြီးရှိပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံရဲ့နာမည်ကြီးဆုံး ပွဲတော်ထဲကတစ်ခုဖြစ်တဲ့ 祇園祭 (Gion Matruri) ကိုလဲနွေရာသီမှာ ခံစားနိုင်မှာဖြစ်ပါတယ်။ 

စာရေးသူ

Hein
မင်္ဂလာပါ။ Wexpats မှာ ဂျပန်စာ၊ ဂျပန်နိုင်ငံ၊ ဂျပန်ယဥ်ကျေးမှု အကြောင်းတွေကိုတင်ဆက်ရေးသားနေတဲ့ ဟိန်းပါ။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ခရီးသွား/ ရည်ရွယ်ထားသောနေရာနှင့် အစီအစဉ်/ ကျိုတိုမြို့ရဲ့နွေရာသီမှာလည်ပတ်စရာနေရာများနှင့် လုပ်စရာနေရာများ။

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ