ဂျပန်နိုင်ငံရဲ့ Ramen အကြောင်းနဲ့ ထူးဆန်းသော ဂျပန် Ramen ဆိုင်များ

ဂျပန်စာလေ့လာနေတဲ့သူတွေအတွက်Ramen ဆိုတဲ့စကားလုံးကို လူတိုင်းကြားဖူးကြလိမ့်မယ် ထင်ပါတယ်။ Ramenက ဂျပန်လူမျိုးတွေ ကြားထဲမှာလဲ လူကြိုက်များပြီး ကျွန်တော်တို့ မြန်မာ တွေအတွက်လဲ စားသောက်ရလွယ်တဲ့ မြန်မာပါးစပ်နဲ့ ကိုက်ညီတဲ့ အစားစာ တမျိုးဖြစ်ပါတယ်။ထို့အပြင် နှစ်စဥ်နှစ်တိုင်း နိုင်ငံခြားသားတွေ ကြိုက်တဲ့ ဂျပန်ရိုးရာအစားစာ စာရင်းမှာလဲ ရာမင်က ထိပ်ဆုံးက ပါဝင်လေ့ရှိပါတယ်။ ဒီဆောင်းပါးမှာတော့ ရာမင်ရဲ့ သမိုင်းကြောင်းကို လေ့လာပြီး ယခုလက်ရှိ ဂျပန်နိုင်ငံအတွင်းမှာ ဘယ်လိုရာမင်မျိုးအစားတွေ ရှိလဲဆိုတာကို ရှင်းပြသွားပါ့မယ်။ နောက်ပြီး ဂျပန် နိုင်ငံအတွင်းက ထူးဆန်းပြီး စိတ်ဝင်စားစရာကောင်းတဲ့ ရာမင်အမျိုးအစားတွေကိုမိတ်ဆက်ရင်း မြန်မာနိုင်ငံမှာ ရာမင်စားနိုင်မယ့် ဆိုင်တွေအကြောင်း မိတ်ဆက်ပေးသွားပါ့မယ်။

Ramenရဲ့သမိုင်းကြောင်း 

Ramenမှာ ပါဝင်သော ပါဝင်ပစ္စည်းများ

Ramen အမျိုးအစားများ

ဒေသအပေါ် လိုက်ပြီး ကွဲပြားသောRamenအမျိုးအစားများ

အသင့်စား Ramen များ

ဂျပန်နိုင်ငံမှ ထူးဆန်းသော Ramen ဆိုင်များ

မြန်မာပြည်မှာစားနိုင်မယ့် Ramen ဆိုင်များ

Ramen ရဲ့သမိုင်းကြောင်း 

Ramen လို့ပြောလိုက်တာနဲ့ တရုတ် အစားစာလား၊ ဂျပန်အစားစားလား ဝေခွဲရခက်တဲ့အစားစာ တမျိူးလို့ လူသိများကြပါတယ်။သမိုင်းကြောင်းကိုပြန်ပြီး ဆက်ရရင် ဂျပန်နိုင်ငံမှာ တရုတ်ရိုးရာ ခေါက်ဆွဲကို ၁၅ ရာစုကတည်းက စားကြတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။ သို့သော် ဒီအချိန်တုန်းကတော့ သာမန်ပြည်သူတွေကြားထဲ လုံးဝ မရောက်လာသေးပါဘူး။ အဲ့လိုခေတ်တွေပြီးပြီး ဂျပန်နိုင်ငံဟာ တံခါးပိတ်ဝါဒကို ဖျက်သိမ်းပြီး နိုင်ငံခြားက ရိုးရာယဥ်ကျေးမှူတွေ အစားအသောက်တွေ လွမ်းမိုးမှူ စတင်လာပါတော့တယ်။ ဒီလို လွှမ်းမိုးမှု တွေထဲမှာ တရုတ်ရိုးရာ ခေါက်ဆွဲကလဲ ထိပ်ဆုံးက ပါဝင်လာပါတယ်။ ၁၈၇၀ ခုနှစ်မှာတော့ Yokohama မှာ ဂျပန်နိုင်ငံရဲ့ပထမဆုံး တရုတ်ရိုးရာစားသောက်ဆိုင် ဖွင့်လှစ်တယ်လို့ မှတ်တမ်းတွေ အရသိရပါတယ်။ သို့သော် သာမန်ပြည်သူတွေကြားထဲပျံ့နှံ့စပြုလာတာကတော့ Meiji ခေတ်မှာ တရုတ်နိုင်ငံ က ပညာတော်သင် ကျောင်းသားတွေတိုးပွားလာပြီး ရာမင်ဆိုင်တွေလဲတိုးပွားလာပါတော့တယ်။ ဒီခေတ်တုန်းကတော့ လမ်းလေးမှာ တွန်းလှည်း နဲ့‌ရောင်းတဲ့ရာမင် ဆိုင်တွေ တနိုင်ငံလုံးမှာ တွေ့ရလာပြီး ဒေသအလိုက် ထွက်ကုန်ပစ္စည်းတွေကို အသုံးပြုပြီး ‌ဒေသအလိုက် တမူထူးခြားတဲ့ Ramen မီနူးတွေကိုစတင်တီထွင်ထာကြတာ ယနေ့အထိအတိုင်ပါ။ ဒါကြောင့် Ramen ရဲ့ မူလ ဒေသကိုပြောပါဆိုရင် တရုတ်နိုင်ငံမှာ မွေးဖွားပြီး ဂျပန်နိုင်ငံမှာ ကြီးပြင်းတဲ့အစားစာ လို့ သုတေသန စာတမ်းတွေ ပညာရှင်တွေက ဖော်ညွှန်းလေ့ရှိကြပါတယ်။ 

Ramenမှာ ပါဝင်သော ပါဝင်ပစ္စည်းများ

拉麺の具材 (Ramen မှာပါဝင်ပစ္စည်းများ)

 အပေါ်မှာလဲ ဖော်ပြခဲ့သလိုမျိုး တရုတ်နိုင်ငံကနေ စတင်ဝင်ရောက်လာခဲ့တဲ့ Ramen ကခေတ်အဆက်ဆက် ကိုလိုက်ပြီး ပြောင်းလဲလာခဲ့တာဖြစ်ပါတယ်။ ဒီလိုပြောင်းလဲလာတဲ့အခါမှာ ပါဝင်ပစ္စည်းတွေကလဲ အမျိုးမျိုးပြောင်းလဲလာပါတော့တယ်။ ဒီနေရာမှာတော့  Ramen မှာပါဝင်တဲ့ အခြေခံ ပါဝင်ပစ္စည်းတွေကို ဖော်ပြသွားပါမည်။  Ramen မှာ အရေးကြီးဆုံးပါဝင်ပစ္စည်း ၅မျိုးရှိတယ်လို့ပြောကြပါတယ်။ ဒီ၅မျိုးကတော့ ခေါက်ဆွဲ၊ ဒရှိ(ဂျပန်ရိုးရာဟင်းခတ်အမှန့်)၊Tare ‌ဆော့စ်၊ အဆီ၊ တခြားအဖြည့်စွက်စ္စည်း တွေပဲဖြစ်ပါတယ်။ တခြားအဖြည့်စွက်စ္စည်းတွေအနေနဲ့တော့ သတ်သတ်မှတ်မှတ်မရှိပေမယ့် ဝက်သားပြား၊ မျှစ်ချဉ်၊ ကြက်သွန်မြိတ်၊ ကြက်ဥ၊ ပဲပင်ပေါက်၊ ရေညှိ၊ ဟင်းနုနယ်ရွက်၊ နရုတို၊ ပြောင်းဖူးစသဖြင့် ပါဝင်ပစ္စည်းတွေကိုလဲချက်ပြုတ်လေ့ရှိပါတယ်။ 

Ramen အမျိုးအစားများ

ラーメンの種類 (Ramen အမျိုးအစားများ)

အပေါ်မှာ ပြောခဲ့သလိုပဲ Ramenမှာအရေးကြီးဆုံး ပါဝင်ပစ္စည်း ၅ မျိုးရှိပါတယ်။ အဲဒါဆို ဘယ်လိုအကြောင်းအရာတွေကို ကြည့်ပြီး Ramen အမျိုးအစားခွဲခြားပါလိမ့်။ အခြေခံအားဖြင့် Ramen အမျိုးအစားကို ခွဲခြားတဲ့နေရာမှာ အချက်၃ချက် ကိုကြည့်လေ့ရှိပါတယ်။ အဲဒါတွေကတော့ ‌ဆော့စ်၊ စွတ်ပြုတ်၊ စတိုင်လ် တို့ပဲဖြစ်ပါတယ်။ab

‌ဆော့စ် အရ ခွဲသောRamen အမျိုးအစား

 ‌ဆော့စ်က Ramen ရဲ့အရေးကြီးတဲ့ ပါဝင်ပစ္စည်းထဲကတစ်ခုဖြစ်ပါတယ်။ Ramen အမျိုးအစားခွဲခြားတဲ့အချိန်မှာလဲ အသုံးပြုတဲ့ ‌ဆော့စ် ကိုမူတည်ပြီးခွဲခြားလေ့ရှိကြပါတယ်။ အသုံအများတဲ့ ‌ဆော့စ် တွေအနေနဲ့တော့ ငန်ပြာရည် ဆော့စ်၊ ဆား ဆော့စ် ၊ မိဆို ဆော့စ် တို့ဖြစ်ပြီး Ramen အမျိုူအစားကိုလဲ 

ငန်ပြာရည် Ramen ( Shoyu Ramen) ၊ ဆား Ramen (Shio Ramen)၊ မိဆိုရာမင် (Miso Ramen)ဆိုပြီး ခွဲခြားလေ့ရှိပါတယ်။ 

‌စွတ်ပြုတ် အရ ခွဲသောRamen အမျိုးအစား

 ‌စွတ်ပြုတ်ရည်အပေါ် မူတည်ပြီးလဲ Ramen အမျိုးအစားကို ခွဲခြားကြပါတယ်။ အဓိကအားဖြင့်တော့ ဝက်ရိုးပြုတ်ရည်၊ ကြက်စွတ်ပြုတ်ရည်၊ ၂ မျိုးတွေ့ရများပါတယ်။

စတိုင် အရ ခွဲသော Ramen အမျိုးအစား

 စတိုင်အပေါ် မူတည်ပြီးလဲ ခွဲတဲ့ Ramen မှာတော့ အဓိက အားဖြင့် အရည်နဲ့ ခေါက်ဆွဲသန့်သန့်စားတဲ့ Tsukemen (つけ麺) နဲ့ အရည်မပါပဲစားလေ့ရှိတဲ့ Mazesoba (なぜそば)တို့ဖြစ်ပါတယ်။

 အပေါ်မှာ ဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကိုအကျဥ်းပြန်ချုပ်ရရင် အခြေခံအားဖြင့် Ramen ကို ‌ဆော့စ်အပေါ်မူတည်ပြီး ၃မျိုး ၊ ‌စွတ်ပြုတ်အပေါ်မူတည်၂မျိုး ၊ စတိုင် အပေါ်မူတည် ၂မျိုး စုစုပေါင်း ၇မျိုး ခွဲခြားနိုင်ပါတယ်။

ဒေသအပေါ် လိုက်ပြီး ကွဲပြားသော Ramen အမျိုးအစားများ

 Ramen အမျိုးအစားတွေကို ခွဲခြားပြလာပေမယ့် အဓိက အသေးစိတ်ခွဲမယ်ဆို ‌ရေတွက်လိုပင် မကုန်နိုင်ပါ။ ဘာလို့လဲ ဆိုတော့ Ramen ရဲ့ ပါဝင်ပစ္စည်းတွေကို ဒေသတွင်း ထွက်ကုန်ပစ္စည်းတွေကိုအသုံးပြုပြီး တမူထူးခြားအောင် ဖန်တီးလာကြလို့ပါ။ ဒီအချက်ဟာလဲ ဂျပန်နိုင်ငံရဲ့ တမူထူးခြားတြ့အချက်ဖြစ်ပါတယ်။ ဒါကြောင့် ဒေသအပေါ်လိုက်ပြီး ကျော်ကြားတဲ့  Ramen အမျိုးအစားကို ဖော်ပြပါမယ်။ ဒိလိုမျိုး နေရာ ဒေသ အတွင်း တီထွင်ထားတဲ့ မီနူးတွေစာ  Ramen တမျိုးတည်းမဟုတ်ပဲ တခြား အစားအသောက်တွေမှာလဲ ရှိပါတယ်။ ဒိလိုမျိုး ယဥ်ကျေးမှုကို ဂျပန်နိုင်ငံမှာတော့ ご当地グルメလို့အမည်တပ် ခေါ်လေ့ရှိပါတယ်။ ဒီလိုမျိုး ‌ဒေသအလိုက်တီထွင်ထားတဲ့ မီနူးတွေကတော့ ‌ထိုဒေသရဲ့ သမိုင်းအကြောင်း၊ ‌ဒေသထွက် ပစ္စည်းတွေ ရဲ့ထူးခြားမှူတွေကိုလဲဖော်ပြနေတတ်ပါတယ်။ မြန်မာနိုင်ငံမှာဆို မုန့်ဟင်ခါးရဲ့ မီနူးက ဒေသအပေါ်လိုက်ပြီး ကွဲပြားသွားတာမျိုးနဲ့တူပါတယ်။ ဂျပန်မှာတော့ ခရိုင်၊ ဒေသအပေါ် လိုက်ပြီး  Ramen အမျိုးမျိုး ရှိတာမို့ အများကြီးထဲကမှ နာမည်ကီုးကျော်ကြားတဲ့  Ramen အမျိုးအစားတွေကိုဖော်ပြသွားပါ့မယ်။ Rank1ကဖော်ပြထားတဲ့ ၂၀၂၂ ခုနှစ်ရဲ့ Top 10 ဒေသ Ramen တွေကို ဖော်ပြသွားပါ့မယ်။ 

Kitakata Ramen ( Fukushima ခရိုင်)

 Fukushima ခရိုင် Kitakata မြို့ က Kitakata Ramen ဂျပန်နိုင်ငံရဲ့ အဓိက အကျဆုံး  Ramen ၃မျိုး အဖြစ် ပြောလေ့ရှိကြပါတယ်။ ဝက်ရိုးပြုတ်အရည် Ramen အမျိုးအစားဖြစ်ပြီး ဝက်သားပြား၊ မျှစ်၊ နာရုတို၊ ကြက်သွန်မြိတ် စသည့် ပါဝင်ပစ္စည်းတွေကို အဓိက အသုံးပြုလေ့ရှိကြပါတယ်။ 

Hakata Ramen ( Fukuoka ခရိုင်)

 Fukuoka ခရိုင် Fukuoka မြို့ မှာ အဓိက တွေ့ရလေ့ရှိတဲ့ Hakata Ramen လည်း ဂျပန်နိုင်ငံ ရဲ့အဓိက အျက်ဆုံး Ramen ၃မျိုးထဲမှာပါဝင်ပါတယ်။ 

Sapporo Ramen ( ဟိုကိုင်းဒိုး)

 

ဟိုကိုင်းဒိုးဒေသ Sapporoမြို့က Sapporo Ramen ကလဲ ဂျပန်နိုင်ငံ ရဲ့အဓိက အျက်ဆုံး Ramen ၃မျိုးထဲမှာပါဝင်ပါတယ်။ Sapporoမြို့ တမြို့ တည်းမှာတင် မဟုတ်ပဲဟိုကိုင်းဒိုး ဒေသ တစ်ခုလုံးမှာ ရနိုင်ပါတယ်။ 

Toyama Black Ramen ( Toyama ခရိုင် )

 

 Toyama ခရိုင်ရဲ့ နာမည်ကြီးဖြစ်တဲ့ Toyama Black Ramen ကလဲ တော်တော် နာမည်ကြီးတဲ့ Ramen ဖြစ်ပါတယ်။ Black Ramen တိုတဲ့အတိုင်းပဲ အနက်ရောင် စွတ်ပြုတ်ရည် နဲ့ ထူးခြားဖွယ် တွေ့မြင်နိုင်မှာဖြစ်ပါတယ်။

Hakodate Ramen ( ဟိုကိုင်းဒိုး)

 အအေးလွန်ကဲတဲ့  ဟိုကိုင်းဒိုးဒေသ မှာတွေ့ရတဲ့ Ramen ကတော့ တခြားဟိုကိုင်းဒိုး Ramenတေါနဲ့မတူဘဲ အပူဓာတ်နည်းတဲ့ Ramen လို့ပြောကြပါတယ်။

Onomichi Ramen (ဟိရိုးရှီးမား)

 ဟိရိုရှီးမား ခရိုင် ရဲ့ နာမည်ကြီးOnomichi Ramen ကလဲလူကြိုက်မျာတဲ့ Ramen ထဲကတစ်မျိုးပါ။ 

Yokohama Iekei Ramen (Kanagawa ခရိုင်)

 Kanagawa ခရိုင်က Yokohama Iekei Ramenကလဲ နာမည်ကြီး Ramen အမျိုးအစားတမျိုးပါ။ အရည်အမျိုးအစား က နည်းနည်းပြစ်ပြီး ထမင်းနဲ့စားတာ တော်တော်လိုက်ဖက်ပါတယ်။ 

Tokushima Ramen (Tokushima ခရိုင် )

 Tokushima ခရိုင် ရဲ့ Tokushima Ramen ကတော့ စွတ်ပြုတ် ၃မျိုး ခွဲခြားထားပြီး နည်းနည်း အစပ်ဖက်သွားတဲ့ အရသာမျိုးဖြစ်ပါတယ်။

Katsuura Tan Tan Men (Chiba ခရိုင်)

 Chiba ခရိုင်အတွင်းနာမည်ကြီးတဲ့ Katsuura Tan Tan Menကတော့ Katsuura မြို့ ရဲ့  Ramen ဖြစ်ပါတယ်။ ဝက်သားနဲ့ အရည်ကိုလဲ အနီရောင် ဘက်သွားတဲ့ အရောင်မျိုးတွေ့မြင်ရမှာပါ။

Tamana Ramen (Kumamoto ခရိုင်)

 Tamana Ramen ကတော့ Kumamoto Ramen ကနေဆင့် ဆင်းသက်လာတဲ့ Ramen အမျိုးအစားဖြစ်ပါတယ်။ ဝက်ရိုးပြုတ်အရည်ကို အဓိကသုံးထားပြီး လက်ဆောင်အနေနဲ့လဲနာမည်ကြီးပါတယ်။ 

အပေါ်မှာ တော့ ဂျပန်နိုင်ငံရဲ့ ဒေသအတွင်းမှာ နာမည်ကြီးတဲ့ Ramen အမျိုးအစား၁၀ မျိုးကိုဖော်ပြလိုက်ပါတယ်။ ဒီဆောင်းပါးမှာတော့ ဒေသပေါင်းစုံက Ramen တွေကို မဖော်ပြနိုင်လို့  Ramen နဲ့ပတ်သက်ပြီး နာမည်ကြီးတဲ့ SUSURU TV ဆိုတဲ့ Youtube Channel တစ်ခုကိုပါ မိတ်ဆက်ပေးလိုက်ပါတယ်။ ဒီ Channel မှာဆို ရင် ဒေသ အမျိုးမျိုးက Ramen တွေကိုစားပြတဲ့ ဗီဒီယို တွေကိုကြည့်ရှုနိုင်မှာပါ။ ဒီ Channel က Youtuber က ယခုလက်ရှိအထိ  Ramen ပွဲ‌ရေ ၆၀၃ ပွဲတောင် စားပြပြီးဖြစ်ပါတယ်။ စိတ်ဝင်စားရင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ 

အသင့်စား Ramen များ

 Ramen အကြောင်းပြောတော့မယ်ဆို အသင့်စား Ramen တွေကိုတော့ ချန်ထားလို့မဖြစ်ပါဘူး။ ဂျပန်လူမျိုးတွေဟာ အသင့်စား Ramen ‌တွေကို တော်တော် ကြိုက်ကြတဲ့လူမျိုးတွေပါ။ ဒိလို အသင့်စား ခေါက်ဆွဲတွေကို Convenience Store တွေ မှာအလွယ်တကူဝယ်နိုင်ပါတယ်။ 

ဂျပန်နိုင်ငံရဲ့ အသင့်စား Ramenတွေဟာ အရသာလဲရှိပြီး ‌ပေးရတဲ့ စျေးနဲ့လဲတန်ပါတယ်။ အသင့်စား Ramenဖြစ်ပေမယ့် ပါဝင်ပစ္စည်းတွေကို မလျှော့ ထားဘဲ ဆိုင်မှာ စားရတဲ့အရသာအတိုင်း စားနိုင်ပါတယ်။

ဆိုဒ်ကလဲ အစုံအလင်ရှိပြီး မိမိကြိုက်နှစ်သက်တဲ့ အရွယ်အစားကို ရွေးချယ်ပြီး ဝယ်နိုင်ပါတယ်။ တချို့ နာမည်ကြီး Ramen ဆိုင်တွေလည်း အသင့်စား Ramenတွေ ထုတ်ရောင်းတော့ဆိုင်သွားစရာ မလိုပဲ အိမ်မှာ စားရတာ တော်တော်အဆင်ပြေပါတယ်။ အမျိုးအစားတွေကလဲစုံလင်လှတော့ တနေတမျိုး စားကြည့်ဖို့ အကြံပေးချင်ပါတယ်။

ဂျပန်နိုင်ငံမှ ထူးဆန်းသော Ramen ဆိုင်များ

 ဂျပန်နိုင်ငံတဝိုက် ထူးခြားတဲ့ Ramenဆိုင်တွေလဲ အများပြားရှိပါတယ်။ စိတ်ဝင်စားဖိူ့ကောင်းတာမို့ နာမည်ကြီး တမူထူးခြားတဲ့ Ramen ဆိုင် ၃ ဆိုင်ကို မိတ်ဆက်ပေးချင်ပါတယ်။ 

KIPPOSHI 

かわいらしいラーメン店 (ချစ်စရာကောင်းသော Ramen ဆိုင် )

KIPPOASHI

ဒီဆိုင်လေးကတော့ တိုကျိုရဲ့ မြို့လယ်ဖြစ်တဲ့ Shibuya မှာရှိတဲ့ဆိုင်လေးဖြစ်ပြီး ကြက်သားစွတ်ပြုတ်ရည် Ramen တွေကိုအေရာင်အသွေးစုံစုံ လင်လင်နဲ့ မှာယူနိုင်ပါတယ်။ ဆိုင်ရြ့ အပြင်အဆင်ကလဲ တမူထူးခြားပါတယ်။

中華そば フラン軒

 ဒီဆိုင်ကတော့ ပြီးခဲ့တဲ့နှစ်ကမှ Ice-cream ထည့်ထားတဲ့ Ramen ပုံလေးနဲ့ နာမည်ကြီးသွားပါတယ်။ အိုဆာကာ မှာ ရှိတဲ့ ဆိုင်ရှိပြီး Ice-cream ထည့်ထားတဲ့ Ramen အပြင် တခြား မီနူး တွေလဲ ထူးခြားလှပါတယ်။

Menbaka (Fire Ramen)

ကျိုတိုမြို့မှာ ရှိတဲ့ဆိုင်ဖြစ်ပြီး စားသုံးသူရှေ့မှာ တင်မှာ တဟုန်းဟုတ်းတောက်နေတဲ့ မီးနဲ့ အပူပေးတဲ့ ဒီဆိုင်ကတော့ Youtube မှာလဲ တော်တော်နာမည်ကြီးပြီး နိုင်ငံခြားသားတွေကြားမှာလဲ ရေပန်းစားလူကြိက်များပါတယ်။ 

မြန်မာ ပြည်မှာစားနိုင်မယ့် Ramenဆိုင်များ

Ramen အကြောင်း အပြည့်အစုံဖတ်ပြီး Ramen စားချင်စိတ် ဖြစ်လာမယ်ဆိုတာ ခန့်မှန်းမိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ရန်ကုန်က ဘယ်နေရာတွေမှာ  Ramen စားနိုင်မလဲ ဆိုတာကို‌ဖော် ပြပါမယ်။

Ramen Monster

Ramen Moster Yangon Facebook Page

 လှည်းတန်းစင်တာမှာရှိတဲ့ Ramen Monster ကတော့ လူငယ်တွေကြား နာမည်ကြီးတဲ့ ဆိုင်တဆိုင်ဖြစ်ပါတယ်။ ဂျပန်အရသာမဟုတ်ဘဲ မြန်မာလူမျိုးတွေ ရဲ့ ပါးစပ်နဲ့ကိုက်အောင် အစပ်ဖက်နည်းနည်းပါတဲ့ Ramen ဆိုင်ပါ။ ပိုပြီးထူးခြားတာကတော့ Ramen အကြီး တပွဲစားကုန်ရင် တပွဲလက်ဆောင် အစီအစဥ်ကိုလဲလုပ်လေ့ရှိပါ‌သေးတယ်။ အနိုင်ရရင် ဂုဏ်ပြုတဲ့ အနေနဲ့ ဓာတ်ပုံကိုလဲ ဆိုင်မှာကပ်ထားပါသေးတယ်။

Ippudo Myanmar 

Ippudo Myanmar Facebook Page

Ippudo Ramen ကတော့ ဂျပန်နိုင်ငံမှာလဲ တော်တော်နာမည်ကြီး ပါတယ်။ဒီလို နာမည်ကြီးတဲ့ ဆိုင်က ရန်ကုန်မှာလဲ ဖွင့်ထားတယ်ဆိုတော့ Ramen ချစ်သူတွေအတွက်ကတော့ ဝမ်းသာစရာပါ။ Juction City ရဲ့ ၅လွှာ မှာရှိတာကြောင့် လမ်းကြုံရင် စားကြည့်ဖို့အကြုံပြုပါတယ်။

အနှစ်ချုပ် 

ဒီဆောင်းပါးမှာတော့ Ramen အကြောင်းကို အသေးစိတ်ရှင်းပြရင်း စိတ်ဝင်စားစရာ ကောင်းတဲ့ အကြောင်းအရာတွေကိုပါဖော်ပြ လိုက်ပါတယ်။ ဒီအချက်တွေကို သိထားရင် ပိုပြီးတော့ Ramen ကိုကြိုက်လာမယ်ထင်ပါတယ်။ 

စာရေးသူ

Hein
မင်္ဂလာပါ။ Wexpats မှာ ဂျပန်စာ၊ ဂျပန်နိုင်ငံ၊ ဂျပန်ယဥ်ကျေးမှု အကြောင်းတွေကိုတင်ဆက်ရေးသားနေတဲ့ ဟိန်းပါ။ဝါသနာကတော့ ဂျပန်စာလေ့လာတာနဲ့ ဓာတ်ပုံရိုက်တာဖြစ်ပါတယ်။

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်နေထိုင်မှုဘဝ/ အစားအသောက်နှင့်ဈေးဝယ်ထွက်ခြင်း/ ဂျပန်နိုင်ငံရဲ့ Ramen အကြောင်းနဲ့ ထူးဆန်းသော ဂျပန် Ramen ဆိုင်များ

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ