ဂျပန်မှာတော့ တစ်နေရာနှင့် တစ်နေရာသွားဖို့အတွက် ရထားကိုအသုံးပြုလေ့ရှိကြပြီးတော့ ဒီရထားလက်မှတ်တွေကလဲ နေ့တိုင်း ပုံမှန်အတိုင်းဝယ်မယ်ဆိုရင်စျေးကြီးပါတယ်။ ဒါကြောင့် 定期券(teikiken) လို့ခေါ်တဲ့ လနဲ့ချီပြီးဝယ်လို့ရတဲ့ ရထားလက်မှတ်ကို အသုံးပြုမယ်ဆိုရင်တော့ စျေးသက်သက်သာသာနဲ့ ကျောင်း၊ အလုပ်ကို အဆင်ပြေပြေသွားနိုင်မှာဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ဒီလို 定期券(teikiken) တွေဝယ်ပုံဝယ်နည်းနဲ့ 定期券(teikiken) တွေရဲ့ ကောင်းကွက်တွေကို ဖော်ပြသွားမှာဖြစ်ပါတယ်။
မာတိကာ
- 定期券(teikiken) ဆိုတာဘယ်လိုလက်မှတ်မျိုးလဲ။
- 定期券(teikiken) ကိုဘယ်လိုဝယ်လို့ရလဲ။
- 定期券(teikiken) ပျောက်သွားရင် ဘယ်လိုလုပ်ရမလဲ။
- အကျဥ်းချုပ်။
定期券(teikiken) ဆိုတာဘယ်လိုလက်မှတ်မျိုးလဲ။
定期券(teikiken) ဆိုတာကတော့ ရထား သို့မဟုတ် ဆက်သွယ်ရေးစနစ်တစ်ခုခုကို စျေးသက်သက်သာသာနဲ့ အသုံးပြုနိုင်တဲ့ လက်မှတ်တစ်မျိုးဖြစ်ပါတယ်။ 定期券(teikiken) ကိုတော့ အထူးသဖြင့် လမ်းကြောင်းတစ်ခုကို ပုံမှန်အသုံးပြုနေတဲ့ သူတွေ အသုံးပြုလေ့ရှိကြပါတယ်။ ဥပမာ ကျောင်းသားတွေကတော့ အိမ်ကနေ ကျောင်းကိုနေ့စဥ် ရထား၊ ဘတ်စ်ကားဖြင့် အသွားပြန်လုပ်ရသလို၊ ရုံးတက် အလုပ်လုပ်နေတဲ့ သူတွေကလဲ အိမ်နဲ့ အလုပ်ကိုအသွားအပြန်လုပ်ကြရပါတယ်။ ပုံမှန် အသွားအပြန်အတွက် ရထား၊ ဘတ်စ်ကားစီးမယ်ဆိုရင် တစ်လစာ အများကြီးကုန်ကျမှာဖြစ်ပါတယ်။ ဒါပေမယ့် 定期券(teikiken) ကိုဝယ်လိုက်မယ်ဆိုရင်တော့ ပိုပြီးတော့စျေးသက်သက်သာသာနဲ့ တစ်လစာကို ဝယ်ယူနိုင်မှာဖြစ်ပြီး ဝယ်ယူထားတဲ့ သတ်မှတ်လမ်းကြောင်းကို သတ်မှတ်ကာလ အတွင်း အခမဲ့စီးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ 定期券(teikiken) ကတော့ ကျောင်းသားတွေနဲ့ အလုပ်သွားနေရတဲ့သူတွေအတွက်တော့ ကယ်တင်ရှင်ကြီးဖြစ်ပါတယ်။ နောက်ပြီးတော့ ကိုယ်ဝယ်ထားတဲ့ လမ်းကြောင်းအတွင်းက ရထားလိုင်းတွေကိုလဲ 定期券(teikiken) ကိုအသုံးပြုပြီးတော့ အခမဲ့သွားနိုင်ပါတယ်။ ဥပမာ A ဘူတာကနေ D ဘူတာအထိ 定期券(teikiken) ဝယ်ထားတယ်ဆိုရင်တော့ A ဘူတာ ကနေ C ဘူတာအထိကိုလဲ အခမဲ့သွားနိုင်မှာဖြစ်ပါတယ်.
定期券(teikiken) အမျိုးအစားဘယ်နှမျိုးရှိလဲ။
定期券(teikiken) အမျိုးအစားကိုတော့ အဓိကအားဖြင့် ၂ မျိုးတွေ့နိုင်ပါတယ်။
-
通学定期券 (tsūgakuteikiken) - ကျောင်းအသွားအပြန်အတွက်လက်မှတ်။
-
通勤定期券 (tsūkinteikiken) - အလုပ်အသွားအပြန်အတွက်လက်မှတ်။
通学定期券 (tsūgakuteikiken)
通学定期券 (tsūgakuteikiken) ကတော့ ကျောင်းသားတွေအတွက်လက်မှတ်ဖြစ်ပြီးတော့ ပိုပြီးတော့ စျေးသက်သာပြီး ဝယ်ပုံဝယ်နည်းလဲ ကွာပါတယ်။ လိုအပ်တဲ့ စာရွက်စာတမ်းတွေလဲ ကွာခြားပါတယ်။ ဒါပေမယ့် တခြားအရာတွေကတော့ အတူတူဖြစ်ပါတယ်။ အများအားဖြင့် ဝယ်ယူနိုင်တဲ့ ကာလကတော့ ၁လ၊ ၃လ နှင့် ၆လကြာတို့ဖြစ်ပါတယ်။
通勤定期券 (tsūkinteikiken)
နောက်တစ်ခုကတော့ အလုပ်သွားတဲ့ သူတွေအတွက်အသုံးပြုတဲ့ လက်မှတ်ဖြစ်ပါတယ်။ အများအားဖြင့် ဝယ်ယူနိုင်တဲ့ ကာလကတော့ ၁လ၊ ၃လ နှင့် ၆လကြာတို့ဖြစ်ပါတယ်။
စာရေးသူရွေးချယ်သောဆောင်းပါး
定期券(teikiken) ကိုဘယ်လိုဝယ်လို့ရလဲ။
အဲဒါဆိုရင် 定期券(teikiken) ကိုဘယ်လို ဝယ်ရမလဲဆိုတဲ့ ဝယ်နည်းကို ကိုကြည့်လိုက်ကြရအောင်။ ဝယ်နည်းကတော့ အကြမ်းအားဖြင့် ၂ မျိုးရှိပါတယ်။
ဘူတာတွေမှာရှိတဲ့ လက်မှတ်စက်တွေမှာ ဝယ်နည်း။
ပထမနည်းကတော့ ဘူတာတွေမှာရှိတဲ့ လက်မှတ်စက်တွေမှာ ဝယ်နည်းဖြစ်ပါတယ်။ လက်မှတ်စက်တိုင်းမှာ မရှိပေမယ့် လက်မှတ်စက်ကိုကြည့်ပြီးတော့ 定期 (teiki) လို့ရေးထားတဲ့ လက်မှတ်စက်မှာဝယ်ယူရမှာဖြစ်ပါတယ်။ နောက်ပြီးတော့ ကိုယ်ဝယ်မယ့် 定期券(teikiken) အမျိုးအစားကိုရွေးချယ်ပြီးနိုင်ပါတယ်။ 通学定期券 (tsūgakuteikiken) ဝယ်မယ်ဆိုရင်တော့ ကျောင်းသားကဒ်ယူသွားဖို့မမေ့ပါနဲ့။ အသုံးပြုနေတဲ့ 定期券(teikiken) ကိုဝယ်မယ်ဆိုရင်လဲ ဒီအတိုင်း လက်မှတ်စက်မှာတိုးလိုက်ရုံးပဲဖြစ်ပါတယ်။
ဘူတာတွေမှာရှိတဲ့ ရုံးတွေမှာဝယ်နည်း။
နောက်တစ်နည်းကတော့ ရုံးတွေမှာဝယ်နည်းဖြစ်ပါတယ်။ ဘူတာမှာရှိတဲ့ ရုံးတွေကိုတိုက်ရိုက်သွားပြီးတော့ ဝယ်တဲ့နည်းဖြစ်ပြီးတော့ ဘူတာရုံဝန်ထမ်းတွေကို တိုက်ရိုက်ကူညီပေးမှာဖြစ်ပါတယ်။ 通学定期券 (tsūgakuteikiken) ဝယ်မယ်ဆိုရင်တော့ ကျောင်းသားကဒ်ယူသွားဖို့မမေ့ပါနဲ့။ ဘူတာတိုင်းမှာမရှိတဲ့ အတွက်ကြောင့်မို့လို့ ကိုယ့်နဲ့ အနီးဆုံးဘူတာမှာ မရှိရင် ရှိတဲ့ဘူတာအထိသွားပြီး ဝယ်ရမှာဖြစ်ပါတယ်။
တချို့ရထားလိုင်းတွေမှာတော့ အွန်လိုင်းကတော့ ဘိုကင်တင်လို့ရတဲ့ စနစ်တွေ၊ စမတ်ဖုန်းကနေ အချက်အလက်တွေကိုဖြည့်ပြီးတော့ လက်မှတ်ကို ရထားဘူတာသွားယူလို့ရတဲ့ဝန်ဆောင်မှုတွေလဲ ရှိတတ်ပါတယ်။ ကျောင်းသားဆိုရင်တော့ ကျောင်းအသွားအပြန်လက်မှတ်ကို ကျောင်းဘက်မှာ တောင်းဖို့အတွက်လိုအပ်ပါတယ်။ နောက်ပြီးတော့ တချို့ရထားလိုင်းတွေကတော့ ငွေသားသာလက်ခံတဲ့ အတွက်ကြောင့်မို့လို့ ကြိုတင်ပြီးတော့ ငွေပေးချေနည်းကို သေချာကြည့်ထားဖို့လိုအပ်ပါတယ်။
IC card ကိုလဲ 定期券(teikiken) အဖြစ်အသုံးပြုနိုင်။
【お知らせ】本日より、記名の「PASMO」「Suica」カードの発売を一時中止しております。お手持ちの「PASMO」カードは通常通りご利用いただけます。便利な「モバイルのPASMO」もぜひご利用ください。#PASMO #パスモ pic.twitter.com/pJ23hJQ1Pt
— PASMO 【公式】 (@pasmonorobot) August 2, 2023
IC card တွေကတော့ ရထား၊ဘတ်စကားတွေစီးနဲ့ အချိန်အပြင် စျေးဝယ်တဲ့ အချိန်မှာလဲ အသုံးဝင်ပါတယ်။ IC card ကိုလဲ 定期券(teikiken) အနေနဲ့ အသုံးပြုနိုင်ပါတယ်။ ဝယ်နည်းကလဲ ပုံမှတ်လက်မှတ်လိုပဲ ရထားစက်တွေမှာ IC card ကဒ်ပါတဲ့ခလုတ်ကိုရွေးပြီးတော့ ဝယ်ယူနိုင်ပါတယ်။ နောက်ဆုံးမှာတော့ လက်ရှိအသုံးပြုနေတဲ့ ကတ်ကို အသုံးပြုမလား၊ အသစ်ကိုဝယ်မလားဆိုတာကိုလဲ ရွေးချယ်နိုင်ပါတယ်။ ဒါကြောင့်မလို့ လက်ရှိရှိပြီးသားကတ်ကိုလဲ 定期券(teikiken) အနေနဲ့အသုံးပြုနိုင်ပါတယ်။
ဒါမှမဟုတ်Mobile ကနေ အသုံးပြုနေတဲ့ Suica, Pasmo, Icoca တို့ဆိုရင်တော့ မိုဘိုင်းဖုန်းကနေတဆင့်လုပ်နိုင်ပါတယ်။ ဝယ်နည်းအသေးစိတ်ကိုတော့ အောက်ပါအတိုင်းကြည့်ရှုနိုင်ပါတယ်။
- Mobile Suica မှတဆင့် 定期券(teikiken) ဝယ်နည်း
- Mobile Pasmo မှတဆင့် 定期券(teikiken) ဝယ်နည်း
- Mobile Icoca မှတဆင့် 定期券(teikiken) ဝယ်နည်း
定期券(teikiken) ပျောက်သွားရင် ဘယ်လိုလုပ်ရမလဲ။
Mobile မှာထည့်ထားရင်တော့ ပျောက်သွားစရာကိစ္စသိပ်မရှိပေမယ့် တခြား စက္ကူလက်မှတ်ဆိုရင်တော့ ပျောက်နိုင်ချေရှိပါတယ်။ ပျောက်သွားတဲ့ အချိန်မှာတော့နီးစပ်ရာမှာရှိတဲ့ ရဲစခန်းကိုသွားပြီးတော့ အကြောင်းကြားရမှာဖြစ်ပါတယ်။ တကယ်လို့ ရဲစခန်းကနေလဲ ပြန်ပြီးတော့ မတွေ့ဘူးဆိုရင်တော့ လက်မှတ်ဝယ်ခဲ့တဲ့ ဘူတာကိုသွားပြီးတော့ ပျောက်ဆုံးကြောင်းနဲ့ အသစ်ပြန်လိုချင်ကြောင်းပြောရင်တော့ 定期券(teikiken) ကိုထုတ်ပေးမှာဖြစ်ပါတယ်။ နောက်ပြီးတော့ 定期券(teikiken) အဟောင်းကတော့ သုံးလို့ရတော့မှာမဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ ပြန်တွေ့ရင်တော့ အသုံးဝင်တော့မှာမဟုတ်ပါဘူး။
အကျဥ်းချုပ်။
ဒီတခေါက်မှာတော့ ဂျပန်နိုင်ငံမှာ ကျောင်းတက်၊ ရုံးအလုပ်တို့ကိုသွားဖို့အတွက် ပုံမှန်လမ်းကြောင်းကို အမြဲတမ်းအသုံးပြုနေတဲ့သူတွေအတွက် အဆင်ပြေမယ့် 定期券(teikiken) လို့ခေါ်တဲ့ ရထားလက်မှတ်တွေအကြောာင်းကို ပုံစံအမျိုးမျိုးနဲ့ အသုံးပြုနိုင်အောင်ဖော်ပြလိုက်ပါတယ်။