ဂျပန်မှာ ဆာကူရာပန်း အမျိုးအစား ဘယ်နှမျိုးရှိလဲ?

ဂျပန်နိုင်ငံမှာ ဆာကူရာပန်းအမျိုးအစားဘယ်နှမျိုးရှိလဲဆိုတာသိလား? နောက်ပြီး အစိမ်းရောင်ဆာကူရာ၊ အဝါရောင် ဆာကူရာပန်းတွေလဲရှိတယ်ဆိုတာရောသိလား? ဒီဆောင်းပါးမှာတော့ အတွေ့ရများတဲ့ ဆာကူရာ တွေချည်းပဲမဟုတ်ဘဲတွေ့ရခဲတဲ့ ဆာကူရာတွေအကြောင်းကိုပါဖော်ပြပေးသွားပါ့မယ်။ 

မာတိကာ

ဆာကူရာအမျိုးအစားဘယ်နှမျိုးရှိလဲ?

လက်ရှိမှာတော့ ဂျပန်မှာ ဆာကူရာပန်အမျိုးအစား ၆၀၀ ကျော်ရှိပါတယ်။ 

မူလ ကတော့ အမျိုးအစားပေါင်း ၁၀ မျိုးလောကရှိပေမယ့် နောက်တော့ အမျိုးကွဲတွေ ထွက်ပေါ်လာပြီးနောက် အမျ်ုးအစားပေါင်း ၁၀၀ ကျော်လာခဲ့ပါတယ်။ ၁၀၀ ကျော်ကနေ ထပ်ပြီးမျိူးပွားတာတွေလဲမနည်းပါဘူး။ 

အတွေ့ရများတဲ့ ဆာကူရာပန်းအမျိုးအစားများ

Somei-Yoshino

ဒီအမျိုးအစားကတော့ ဂျပန်မှာ အတွေ့ရအများဆုံးနဲ့ လူအသိများဆုံးအမျိုးအစားဖြစ်ပါတယ်။ Somei-Yoshinoကတော့ အပန်းရောင် ပန်းပွင့် ၅ပွင့် ရှိပါတယ်။ နောက်ပြီးအပွင့် သေးသေးလေးနဲ့ အစုလိုက် ပွင့်လေ့ရှိပါတယ်။ ပန်းခိုင်တစ်ခိုင်မှာ အများအားဖြင့် ၅ ပွင့် ပွင့်လေ့ရှိပါတယ်။ ပန်းဝတ်မှုန် ကတော့ အဝါရောင် နဲ့ လိမ္မော်ရောင် လိုအရောင်တွေရှိကြပါတယ်။ 

Somei-Yoshinoဆာကူရာအမျိုးအစားတွေကဂျပန်လူမျိူးတွေရဲ့ ဘဝ ကို တဆင့်ချင်းတဆင့်ချင်း ရှင်သန်ရမယ့်ဆိုတဲ့ အတွေးအခေါ် နဲ့လဲ ထပ်တူဆောင်တဲ့ အဓိပ္ပာယ်ကိုလဲဖော်ဆောင်ပေးပါတယ်။ ဘာလို့လဲဆိုတော့ Somei-Yoshino အမျိုးအစားက ပန်းပွင့်နဲ့ အရွက်ေတွ တချိန်ထဲ ဖူးပွင့်လာတာမျိုးမဟုတ်ဘဲ ပန်းဖူးလေးတွေဝေဆာပွင့်လန်းပြီးမှ အရွက်တွေ ဝေဝေဆာဆာဖူးလာပါတယ်။ ပြီးေတာ့ Somei-Yoshino အမျိုးအစားက တော်တော်အေတွ့ရများတာကြောင့် ဂျပန်နို်ငံမှာ ဆာကူရာပန်းပွင့်တဲ့အချိန်ကို ခန့်မှန်းရင် အမြဲတမ်း Somei-Yoshino ပွင့်ချိန်ကိုသာအခြေခံလေ့ရှိပါတယ်။

Yama-zakura

Yama-zakura ကတော့ ဆာကူရာပန်းအရိုင်းအမျိုးစိတ်တစ်မျိုးဖြစ်ပြီး အများသောအားဖြင့် တောင်တန်းတွေမှာ ပွင့်လေ့ရှိပါတယ်။ ဒါကြောင့် သူ့ကို Yama-zakuraလို့အမည်မှည့်ထားဖြစ်ပါတယ်။ Yama ဆိုတာ ဂျပန်လို တောင်လို့ အဓိပ္ပာယ်ရပါတယ်။ နောက်ပြီး ဒီအမျိုးစိတ်က ဂျပန်မှာ သက်တမ်းအရင့်ဆုံးအမျိုးစိတ်လဲဖြစ်ပါတယ်။ ယနေ့ခေတ် ဂျပန်မှာတွေ့နေရတဲ့ ဆာကူရာအမျိုးစိတ်တော်တော်များရဲ့ ပင်ရင်း မျိုးစိတ်လဲဖြစ်ပါတယ်။ Yama-zakura က အများအားဖြင့် အပန်းရောင် ဖျော့ဖျော့ လေးဖြစ်ပြီး  Somei-Yoshino နဲ့ခပ်ဆင်ဆင်လေးပါ။ မတူတဲ့ အချက်တချက်ကတော့ Yama-zakura က ပန်းပွင့်နဲ့ အရွက် တကြိမ်တည်းပြိုင်တူ ပွင့်တဲ့ အချက်ပါ။

Shidare-zakura

Shidare-zakura ကို ဘာသာပြန်ရင် တွဲလျောင်းကျနေတဲ့ ဆာကူရာပန်းပင်လို့ အဓိပ္ပာယ်ရပါတယ်။ မိုးမခ အပင်တွေလိုပုံစံရှိပါတယ်။ ဆာကူရာပန်းပွင့်တဲ့ရာသီရောက်ရင် ပန်းလေးတွေက တွဲ‌ပြီးပွင့်နေတာမို့ ဆာကူရာလိုက်ကာပုံစံလေးလိုဖြစ်နေပြီး အင်မတန်လှပပါတယ်။ 

Edohigan-zakura

Edohigan-zakura ကလဲ Yama-zakura လိုပဲ ဆာကူရာ ပန်းပင်တွေရဲ့ အခြေခံ အမျိုးစိတ်တွေပဲဖြစ်ပါတယ်။ ဂျပန်နိုင်ငံရြ့ အသက်တမ်းအရှည်ဆုံး ဆာကုရာပန်းပင်တွေထဲမှာ Edohigan-zakura အမျိုးစိတ်တွေ တော်တော်များများပါဝင်ပါတယ်။ ဂျပန်နိုင်ငံမှာ သက်တမ်းအရင့်ဆုံးဆာကူရာကတော့  Jindai-zakura ဆိုတဲ့ ဆာကူရာပင်ဖြစ်ပြီး နှစ်ပေါင်း ၂၀၀၀ ကျော်သက်တမ်းရှိပါတယ်။ ဒီအပင်ကြီးကလဲ Edohigan-zakura အမျိုးအစား ဖြစ်ပါတယ်။နောက်ပြီး Edohigan-zakura ပင်တေွက ပန်းအရင်ပွင့်ပြီးမှ သစ်ရွက်ေနာက်မှ ထွက်တဲ့ အမျိုးအစားတမျိုးလဲဖြစ်ပါတယ်။ 

အပွင့်စောတဲ့ဆာကူရာပန်းနဲ့အပွင့်နောက်ကျတဲ့ဆာကူရာပန်းအမျိုးအစားများ

Kawazu-zakura

ဂျပန်နိုင်ငံမှာ အပွင့်စောတဲ့ ဆာကူရာဆို Kawazu-zakura ဖြစ်ပြီး ဖေဖော်ဝါရီလ အစကနေပြီးတော့ မတ်လ အစပိုင်းလောက်ထိပွင့်ပါတယ်။ ပန်းနာမည်ကိုတော့ ပန်းလေးတွေကိုစတင်တွေ့ရှိရာဒေသဖြစ်တဲ့ ရှိဇုအိုကာ ခရိုင်၊ ကာဝဇု မြို့ကို အစွဲပြုပြီး Kawazu-zakura လို့ အမည်မှည့်ထားပါတယ်။ Kawazu-zakura မှာလဲ ပန်းပွင့်ဖတ် ၅ ပွင့်ရှိပြီး ပန်းပွင့်‌လေးတွေက သာမန် ဆာကူရာပွင့်လေးတွေထက်ပိုပြီး ကြီးသယောင်ရှိပါတယ်။ အရောင်တွေကလဲ ပိုပြီး နက်ပြီး အနီဘက်ကိုပိုရောက်ပါတယ်။ အဲဒါကြောင့် Kawazu-zakura ဟာ တခြားဆာကူရာပန်းတွေနဲ့ယှဥ်လိုက်ရင် ပိုပြီးတော့ ထင်ရှားပါတယ်။ 

Yae-zakura

Yae-zakura ကတော့ ပွင့်တာတော်တော် နောက်ကျတဲ့ ဆာကူရာတွေပဲဖြစ်ပါတယ်။ အများသောအားဖြင့် မတ်လ အလယ်ကနေ ဧပြီလ အစောပိုင်းလောက်မှာ ပွင့်တာများပါတယ်။ Shidare-zakura လိုပဲ Yae-zakura ကတော့ ပန်းပွင့်လေးတွေ ၅ ပွင့်ထက် မနည်းရှိပါတယ်။ 

Chishima-zakura

Photo Credit: 根室市観光協会 

Chishima-zakura ကတော့ နောက်ဆုံးပွင့်တဲ့ ဆာကူရာဖြစ်ပြီး ဧပြီလနောက်ဆုံး ဒါမှမဟုတ် မတ်လ အလယ်လောက်မှ ပွင့်လေ့ရှိကြပါတယ်။ အများသောအားဖြင် Chishima-zakura တွေက ဟိုကိုင်းဒိုး၊ ရှိကိုကု၊ ကျူးရှူး စတဲ့ဒေသတွေက ပေါက်ရောက်လေ့ရှိကြပါတယ်။ ဟိုကိုင်းဒိုးရဲ့ နယ်မူရ ဆိုတဲ့ မြို့မှာဆိုရင် Golden Week ပိတ်ရက်ရောက်ရင် Chishima-zakuraကိုကြည့်ဖို့ လာရောက်လည်ပတ်တဲ့ခရီးသွားတွေ တော်တော် များပါတယ်။ 

ဆာကူရာပန်းနဲ့မတူအောင်ထူးခြားတဲ့ ဆာကူရာပန်းများ

Gyoiko

အစိမ်းရောင် ဆာကူရာပန်းလေးတွေကိုမြင်ဖူးလား? Gyoiko အမျိုးအစားဆာကူရာကတော့ အစိမ်းရောင်ရှိပြီးတော့ အများအားဖြင့် မေလကုန်လောက်မှာ ပွင်လေ့ရှိပါတယ်။ ဂျပန်လိုဆို Gyoiko ဆိုတာက ရှင်ဘုရင် ဝတ်စုံလို့ အဓိပ္ပာယ်ရပါတယ်။ သူ့နာမည်ကတော့ ရှေးခေတ်က ဂျပန်နိုင်ငံက ဘဒုရင် မျိုးနွယ် တွေ ဝတ်တဲ့ ဝတ်စုံကတော့ ဆင်းသက်လာပါတယ်။ Gyoiko ကိုတွေ့မြင်နိုင်တဲ့ နေရာတချို့ကတော့ အောက်မှာ ဖော်ပြထားပါတယ်။

yae-zakura

အပေါ်မှာလဲဖော်ပြခဲ့တဲ့ yae-zakura ကတော့ ထပ်ပြီးဖော်ပြလိုက်ပါရစေ။ အများအားဖြင့် ဆာကူရာ ပန်းလို့ပြောလိုက်ရင် Somei-Yoshino အမျိုးအစားလိုမျိုး ပန်းပွင့်တွေကိုသာ စိတ်ထဲ‌ရောက်လာလိမ့်မယ်လို့ထင်ပါတယ်။ဒါပေမယ့် yae-zakura ကတော့ တခြား ဆာကူရာအမျိုးအစားတေါနဲ့ လုံးဝ မတူဘဲ အပွင့်ဖတ်တွေ အများကြီးပါပြီး တမူထူးခြားပါတယ်။ တကယ်တော့ yae-zakura ကို တိုက်ရိုက်အဓိပ္ပာယ်ပြန်ရ ရင် အပွင့်ဖတ်ပေါက်းများစွာ ဆိုတဲ့ သဘောမျိုးသက်‌ရောက်ပါတယ်။ 

Ukon-zakura

Ukon-zakuraကတော့ အတွေ့ရခဲတဲ့ အမျိုးအစားတမျိုးပဲဖြစ်ပါတယ်။ အဝါရောင် နဲ့အစိမ်းရောင် ရောထားတဲ့ အရောင်မျိုးဖြစ်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ အချက်တချက်ကတော့ ဒီပန်းပွင့်လေးတွေဟာ တဖြည်းဖြည်းနဲ့ အပန်းရောင် ပြောင်းသွားလေ့ရှိပါတယ်။ Ukon-zakura အမျိုးအစားကတော့ အများအားဖြင့် ဧပြီလကုန်ပိုင်း‌လောက်မှာ ပွင့်‌လေ့ရှိပါတယ်။ 

အကျဥ်းချုပ်

ဆာကူရာပန်းအမျိုးအစားတွေ အများကြီးရှိတယ်ဆိုတဲ့အကြောင်းကိုသိရတာ တော်တော် စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒီဆောင်းပါးမှာ တော့ ဆာကူရာ အမျိုးအစားပေါင်းများစွာထဲကနေမှာ အမျိုးအစားတချို့ကိုသာဖော်ပြခဲ့တာပါ။ တွေ့ရများတဲ့ ဆာကူရာ တွေကို မိတ်ဆက်ပေးခဲ့တာမို့ ပန်းကြည့်သွားတဲ့အချိန်ရောက်ရင် ဘယ်လို ကိုယ်ကြည့်တဲ့ ဆာကူရာပန်း အမျိုးအစားက ဘယ်လိုအမျိုူအစားလဲဆိုတာကို သိနေရင် ပိုပြီး စိတ်ဝင်စားဖို့ကောင်းမယ်ထင်ပါတယ်၊

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ယဥ်ကျေးမှု/ ဂျပန်သွားရန်ပြင်ဆင်ခြင်း/ ဂျပန်မှာ ဆာကူရာပန်း အမျိုးအစား ဘယ်နှမျိုးရှိလဲ?

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ