နိုင်ငံအသီးသီးမှာရုပ်သေးအနုပညာရှိကြသလိုပဲဂျပန်မှာလည်ရုပ်သေးတင်ဆက်မှုရှိပါတယ်။ဂျပန်ရုပ်သေးဟာ ၁၆ရာစုနှစ်လောက်က ပေါ်ပေါက်ခဲ့တယ်ဆိုပေမဲ့ ယနေ့ခေတ်မြင်တွေ့ရတဲ့ရုပ်သေးရုပ်ကတော့ ၁၆၈ဝခုနှစ်လောက်မှ တင်ဆက်ခဲ့တာဖြစ်ပါတယ်။ နိုင်ငံတကာက ရုပ်သေးအများစုက ကြိုးဆွဲပြီး ဖျော်ဖြေကြပေမဲ့ ဂျပန်ရုပ်သေးကတော့ 人形遣い Ningyōtsukai လို့ခေါ်တဲ့ရုပ်သေးဆရာသုံးယောက်နဲ့ကိုင်တွယ်ကပြရတာမျိုးပါ။ရုပ်သေးတင်ဆက်မှုကိုကြည့်ရင်ရုပ်သေးရုပ်တစ်ရုပ်ကိုကျွမ်းကျင်စွာကိုင်တွယ်သူသုံးယောက်၊ဇာတ်ကြောင်းတင်ဆက်သူ Tayu နဲ့ တေးဂီတ တီးခတ်သူတွေပါဝင်ပါတယ်။
ရုပ်သေးရုပ်တင်ဆက်မှုတွင်ပါဝင်သူများ
ရုပ်သေးရုပ်တွင်ပါဝင်တဲ့သူများအနေနဲ့အသေးစိတ်တင်ဆက်ရတဲ့အတွက်အရေးကြီးပါတယ်။သက်ဆိုင်ရာနေရာနဲ့ပတ်သက်ပြီးလှုပ်ရှားရတာတွေလည်းရှိပါတယ်။သက်ဆိုင်ရာနေရာများအနေနဲ့အောက်ပါအတိုင်းဖြစ်ပါတယ်။主遣い(Omozukai )ရုပ်သေးရဲ့ ကိုယ်ထည်နဲ့ ညာဘက်လက်ကို ကျွမ်းကျင်စွာ ကိုင်တွယ်ကပြရသူပါ။ရုပ်သေးရဲ့ လှုပ်ရှားမှုကို အဓိကကိုင်တွယ်သူဖြစ်ပါတယ်။足遣い(Ashizukai )ရုပ်သေးရဲ့ ခြေထောက် လှုပ်ရှားမှုကို ကိုင်တွယ်ထိန်းချုပ်ရသူပါ ။左遣い(Hidarizukai)ရုပ်သေးရဲ့ ဘယ်ဘက်လက်ကို ကိုင်တွယ်လှုပ်ရှားရသူဖြစ်ပါတယ်။ရုပ်သေးဆရာသုံးယောက်လုံးအနက်ရောင်ဝတ်စုံတွေကိုဝတ်ဆင်ကြရပြီးခြေထောက်လှုပ်ရှားသူနဲ့ဘယ်လက်လှုပ်ရှားသူ တို့ဟာ မျက်နှာဖုံးတွေ စွပ်ထားကြပါတယ်။
စာရေးသူရွေးချယ်သောဆောင်းပါး
ကိုယ်ထည်လှုပ်ရှားမှုနဲ့တူရိယာနဲ့ပတ်သက်မှုများ
နောက်တစ်ခုက ရုပ်သေးရဲ့ကိုယ်ထည်ကို ကိုင်ရသူက 舞台下駄,butaigeta လို့ခေါ်တဲ့ဂျပန်ခုံဖိနပ်အမြင့်ကို စီးထားရပါတယ်။ အဲဒီဂျပန်ခုံဖိနပ်က ၁၅စင်တီမီတာကနေ ၅ဝ စင်တီမီတာ အထိအမြင့်ရှိနိုင်ပြီးတော့ ခြေနင်းကိုသစ်သားနဲ့လုပ်ထားပြီးအောက်ဖက်မျက်နှာပြင်ကိုချော်မထွက်အောင်ကောက်ရိုးနဲ့မျှင်နဲ့ချုပ်လုပ်ထားပါတယ်။Tayuရုပ်သေးဇာတ်နောက်ခံအဆိုအငိုအဟောအပြောပညာရှင်ဖြစ်ပါတယ်။ရုပ်သေးဇာတ်ထဲကဇာတ်ကောင်တွေရဲ့ဆို၊ငို၊ဝမ်းသာ၊ဝမ်းနည်း၊အသံအနိမ့်အမြင့်အနှေးအမြန်စသဖြင့်အသက်ဝင်အောင်ပြောရတာဖြစ်လို့အင်မတန်အရေးကြီးလှပါတယ်။ရုပ်သေးဇာတ်တစ်ခုမှာTayuဆရာကနှစ်ယောက်လည်းရှိနိုင်ပါတယ်။ တူရိယာပညာရှင်များ အထူးသဖြင့် ပင်တိုင်အနေနဲ့ မပါမဖြစ်ကတော့ 三味線( ရှမိဆန်း)လို့ခေါ်တဲ့ ကြိုးသုံးချောင်းတပ် ဂျပန်တူရိယာဖြစ်ပါတယ်။
ရုပ်သေးရုပ်တင်ဆက်မှုနဲ့ပတ်သက်ပြီး
ရုပ်သေးဆရာများရဲ့ကျွမ်းကျင်စွာဖျော်ဖြေမှု၊ဂီတပညာရှင်တွေရဲ့ဟန်ချက်ညီညီပေါင်းစပ်ဖျော်ဖြေလိုက်တဲ့အခါပရိသတ်ဟာစောစောကအရုပ်နောက်ကပါလာတဲ့ရုပ်သေးရုပ်ဆရာသုံးယောက်ကိုမေ့သွားပြီးအရုပ်ကရယ်တယ်၊ငိုတယ်၊သက်ရှိတစ်ယောက်တိုင်းလှုပ်ရှားနေတယ်လို့ခံစားရတော့တာပါပဲ။ရုပ်သေးရုပ်တင်ဆက်မှုနဲ့ပတ်သက်ပြီးတန်ဖိုးထားတဲ့အတွက်ကြောင့်ရုပ်သေးရုပ်ပွဲများရဲ့လက်မှတ်များဟာစျေးကြီးပြီးလူကြိုက်များပါတယ်။တင်ဆက်မှုတိုင်းဟာအသေးစိတ်ပြီးပညာသားပါလှပါတယ်။နှစ်ပေါင်းများစွာကတည်းကပေါ်ပေါက်လာတဲ့ယဥ်ကျေးမှုဖြစ်တဲ့အတွက်ဂျပန်လူမျိုးများကအမြတ်တနိုးတန်ဖိုးထားကြပါတယ်။