Enoden ရထားလိုင်းစီးပြီး ကာမာကူရာ ကိုဘယ်လိုလှည်ပတ်မလဲ။

ကာမာကူရာ လို့ပြောလိုက်ရင် တိုကျိုကနေပြီးတော့ နေ့ချင်းပြန်သွားနိုင်တဲ့နေရာ တစ်ခုဖြစ်ပါတယ်။ ဒါတင်မကသေပါဘူး။ ကျွန်တော်တို့ မြန်မာတွေ တွေ အတွက် တိုကျိုရောက်ရင် မဖြစ်မနေ သွားကြတဲ့ နေရာတစ်ခုလဲဖြစ်တဲ့ ကာမာကူရာ ဘုရားကြီးရှိတဲ့ နေရာလဲ ဖြစ်ပါတယ်။နောက်တစ်ခုက ကာမာကူရာ လို့ပြောလိုက်ရင် Enoden ရထားလိုင်း ကိုလဲ မေ့ထားလို့မရပါဘူး။ ဒီနေ့မှာတော့ Enoden ရထားလိုင်းစီးပြီး ကာမာကူရာ ကိုဘယ်လိုလှည့်ပတ်မလဲဆိုတဲ့အကြောင်းကို ရေးသားသွားပါ့မယ်။ 

Enoden ရထားလိုင်းအကြောင်း။

Enoden(江ノ電)ဆိုတာကတော့ 江ノ島電鉄 (Enoshima Electric Railway) ရဲ့အတိုကောက်နာမည်ဖြစ်ပြီး Enoshima ဆိုတဲ့ ကျွန်းပေါ်မှာပြေးဆွဲတဲ့ ရထားလိုင်းတစ်ခုဖြစ်ပါတယ်။ 

Enoden ရထားလိုင်းက သမိုင်းကြောင်းလဲရှိပြီး ၁၈၉၈ ခုနှစ်ကတည်းက စတင် ပြီးပြေးဆွဲခဲ့တဲ့ ရထားလိုင်းဖြစ်ပါတယ်။ ဒီရထားလိုင်းကိုအသုံးပြုပြီး နွေရာသီမှာဆိုရင် ပင်လယ်ကြီးကို၊ နွေဦးရာသီမှာဆိုရင် ဆာကူရာပန်း၊ မိုးရာသီမှာဆိုရင် ajisai ပန်း၊ဆောင်းဦးရာသီမှာဆိုရင် ဆောင်းဦးရာသီပန်းတွေရဲ့အလှ ၊ မေပယ်ရွက်တွေရဲ့အလှကိုခံစားနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင့်ရထားလိုင်းတလျှောက်မှာလဲ လှပတဲ့ လည်ပတ်စရာနေရာတွေနဲ့လှပတဲ့ ရှုခင်းတွေနဲ့ လဲ ပြည့်နေပါတယ်။ 

Enoden(江ノ電)ရပ်တဲ့ ဘူတာ။

Enoden(江ノ電)ရပ်တဲ့ဘူတာတွေကတော့ စုစုပေါင်းဘူတာ ၁၅ ခုဖြစ်ပါတယ်။ ဘူတာ ၁၅ ခုကို ကြာချိန် ၃၇ မိနစ်ဖြစ်ပြီး၊ Fujizawa ဘူတာနဲ့ Kamakura ဘူတာ တို့ကို အသွားအပြန်ပြေးဆွဲပါတယ်။ ခရီးစဥ် အစ - အဆုံးအထိသွားမယ်ဆိုရင်တော့ ယန်း ၃၁၀ ကျသင့်မှာ ဖြစ်ပါတယ်။ 

Enoden ရထားလက်မှတ်ဘယ်လိုဝယ်မလဲ။ Enoden(江ノ電)တစ်နေ့တာလက်မှတ်။

Enoden(江ノ電)စီးပြီးရထားလိုင်းနီးနားတဝိုက်မှာရှိတဲ့ နေရာတွေကို အလည်အပတ်သွားချင်ရင်တော့ တနေ့တာလက်မှတ်ကို ဝယ်ပြီး သွားရင် ပိုပြီးသက်သာသလို ပိုပြီးအဆင်ပြေပါတယ်။ ယန်း ၈၀၀ သာ ကျသင့်မှာဖြစ်ပြီး Enoden(江ノ電)ရပ်တဲ့ ဘူတာတွေမှာ ဝယ်နိုင်တဲ့ အပြင် EMot app မှာပါ ဝယ်နိုင်ပါတယ်။ ဒီဂျစ်တယ် လက်မှတ်ပါအသုံးပြုနိုင်တဲ့အတွက်ကြောင့် ပိုပြီးအဆင်ပြေပါတယ်။ ဒီဂျစ်တယ်လက်မှတ်ကိုတော့ EMot app မှာဝယ်ယူနိုင်ပြီး ဒီဂျစ်တယ်လက်မှတ်ဆိုရင် ဖုန်းထဲမှာ ဒီအတိုင်းထည့်ထားပြီး လက်မှတ်ဖြတ်တဲ့ အပေါက်မှာ ဘူတာရုံဝန်ထမ်းကို ပြပြီးအသုံးပြုနိုင်ပါတယ်။  EMot app ကိုဒေါင်းလုတ်ဆွဲထားဖို့လိုအပ်ပြီး ဝယ်ယူနိုင်ပါတယ်။ Enoden(江ノ電)ရဲ့ တနေ့တာလက်မှတ်နာမည်ကတော့ 江ノ電1日乗車券「のりおりくん」 ဆိုတဲ့ နာမည်ဖြစ်ပါတယ်။

တိုကျိုကနေ ဘယ်လိုသွားမလဲ။

တိုကျိုကနေ ကာမာကူရာကိုသွားနိုင်တဲ့ရထားလိုင်းကတော့ Odakyu (小田急線) ရထားလိုင်းနဲ့ 

Shonan Shinjyuku (湘南新宿線)ရထားလိုင်းတို့ပဲဖြစ်ပါတယ်။ Odakyu (小田急線) ရထားလိုင်း နဲ့ဆိုရင် Enoden(江ノ電)ရပ်တဲ့ Fujizawa ဘူတာကိုရောက်မှာဖြစ်ပြီး၊ Shonan Shinjyuku (湘南新宿線)လိုင်နဲ့ဆိုရင် Kamakura ဘူတာကိုရောက်မှာဖြစ်ပါတယ်။ Kamakura လဲသွားချင်တယ် 

Enoshima ကိုလဲ ပတ်ချင်တယ်ဆိုရင်တော့ တစ်နေ့တာ အချိန်ယူရမှာဖြစ်ပြီး နေ့လည်စာစားမယ့် အချိန်နဲ့ ညနေစာ စားမယ့် အချိန်၊ နေရာတွေကိုပါ ကြိုတင်ပြီးတော့ ဆုံးဖြတ်ထားဖို့လိုအပ်ပါတယ်။ ဒီဆောင်းပါးမှာတော့ တနေ့ တာ လည်ပတ်နိုင်မယ့် အစီစဥ် ကိုဆွဲပေးမှာမဟုတ်ဘဲ တတ်နိုင်သလောက် Kamakuraနဲ့ Enoshima မှာလည်ပတ်နိုင်မယ့်နေရာတွေကို အသေးစိတ်အောင် မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီနေရာတွေထဲကနေပြီးတော့ မှ ကိုယ့်ဘာသာသွားချင်တဲ့နေရာတွေကို ဆုံးဖြတ်ပြီးတော့ အစီစဥ် ဆွဲဖို့အကြံပေးပါရစေ။ဒါဆိုရင် ခရီးစဥ်စတင်လိုက်ကြရအောင်။

Enoden ရထားလိုင်းရောက်တဲ့ ဘူတာအလိုက်သွားနိုင်မယ့်နေရာများ။

Kamakura ဘူတာ - Kamakura ဘုရား၊ Komachi လမ်းသွယ်။Tsurugaoka Hachimangu Shrine

Kamakura ဘူတာကနေ စပြီးတော့ ခရီးထွက်မယ်ဆိုရင်တော့ Kamakura ဘုရား ဖြစ်ပါတယ်။ Kamakura ဘုရားကိုမသွားခင် Kamakura ဘူတာရဲ့ အနီးနားမှာရှိနေတဲ့ Komachi လမ်းသွယ် ကိုလဲ ‌မေ့ထားလို့မရပါဘူး။Kamakura ဘူတာ ရဲ့ အရှေ့ဘက်ထွက်ပေါက် 東口ကနေထွက်လိုက်ရင် ချက်ချင်းရောက်နိုင်ပါတယ်။ 

 ဒီလမ်းလေးကတော့ Tsurugaoka Hachimangu Shrine ကိုသွားတဲ့ လမ်းသွယ်လေးဖြစ်ပြီး အစားသောက်တွေအများကြီးရောင်းချနေတဲ့ နေရာလေးဖြစ်ပါတယ်။ အရသာရှိတဲ့အစားသောက်တွေကိုစားရင် လမ်းလျှောက်ရတာလဲ ပျော်စရာတစ်ခုဖြစ်ပါတယ်။ အကြော်တွေ၊ ဂျပန်ရိုးရာမုန့်နေတွေ၊ သောက်စရာတွေ အမျိုးမျိုးရှိပါတယ်။ လမ်းကနေ Tsurugaoka Hachimangu Shrine အထိကိုတော့၅ မိနစ်လောက်လမ်းလျှောက်ရပါတယ်။ ဒါပေမယ့် အစားအသောက်တွေကိုသေချာလိုက်စားမယ်ဆိုရင်တော့ အချိန် ၁နာရီကနေ ၂ နာရီလောက်ရမှာ လုံလောက်မှာဖြစ်ပါတယ်။ 

 Tsurugaoka Hachimangu Shrine အကြောင်းပြောရမယ်ဆိုရင်တော့ တန်ခိုးကြီးတဲ့ နတ်တွေကို ပူဇော်ပသ ထားတဲ့ နတ်ကွန်းအဖြစ် နာမည်ကြီးပါတယ်။ ဒီနတ်ကွန်းမှာဆိုရင်တော့ အလုပ်အကိုင်၊ စီးပွားရေး အောင်မြင်ရေး၊ အချစ်ရေး စတဲ့ အရာတွေ ဆုတောင်းနိုင်တဲ့ နတ်ကွန်းတစ်ခုလဲ ဖြစ်ပါတယ်။ ဒီဘုရားကျောင်းကို လဲ သေချာလည်ပတ်မှာဆိုရင် ၁နာရီလောက်တော့ အချိန်ယူရပါတယ်။ 

Kamakura ဘူတာ - Kamakura ဘုရား

 Kamakura ဘုရားကတော့ Kamakura ဘူတာကနေပြီးတော့ ဘတ်စကားနဲ့ သွားရမှာဖြစ်ပြီး မိနစ် ၂၀ လောက်တော့ ကြာပါတယ်။ ဘုရားဝင်ကြေးလဲ သန့်သန့် ထပ်ပေးရပါတယ်။ Kamakura ဘုရားကတော့ Kamakura ကို ကိုယ်စားပြုတဲ့ နေရာလဲ ဖြစ်ပြီး မြန်မာလူမျိုးတွေကြားထဲမှာလဲ ရေပန်းစားတဲ့ နေရာဖြစ်လို့ အထူးတတည်တော့ ရှင်းစရာမလိုလောက်ဘူးထင်ပါတယ်။ ဘုရားအတွင်းပိုင်းထဲ ဝင်ရောက်လေ့လာနိုင်ပြီး နွေရာသီဆိုရင်တော့ အပူချိန်မြင့်မားတဲ့ အတွက်ကြောင့် အတွင်းပိုင်းကို ပိတ်ထားလေ့ရှိပါတယ်။ ဒါကြောင့် မို့လို့ အတွင်းပိုင်းလေ့လာချင်ရင်တော့ နွေရာသီ အပြင် တခြားအချိန်တွေမှာ သွားဖို့အကြံပေးချင်ပါတယ်။ 

Hase ဘူတာ- Hase ဘုရားကျောင်း

နောက်တစ်ဘူတာကတော့ Hase ဘူတာဖြစ်ပါတယ်။ Hase ဘူတာ မှာတော့ Hase ဘုရားကျောင်းကိုအလည်သွားသင့်ပါတယ်။ ဒီဘုရားကျောင်းကတော့ Kamakura မှာဆို 

မိုးရာသီမှာ ပွင့်တဲ့ hydrangeaပန်းပွင့်တဲ့နေရာ အနေနဲ့ နာမည်ကြီးပါတယ်။ ဘုရားကျောင်းပေါ်ကနေပြီးတော့ ကာမပကူရာမြို့ရှုခင်းကို အပေါ်စီးကနေ ကြည့်နိုင်တဲ့အပြင် ပင်လယ်ကြီးကိုပါ လှမ်းမြင်နိုင်ပါတယ်။ 

Inamuraga saki ဘူတာ-Yoridokoro Cafe

နောက်ထပ် ဘူတာတစ်ခုကတော့ Inamuraga saki ဘူတာဖြစ်ပြီး Enoden(江ノ電)ရထားကိုကြည့်ရင်း စားသောက်နိုင်မယ့် ကဖေးဆိုင်ဖြစ်ပါတယ်။ Enoden(江ノ電)ရဲ့ ထူးခြားချက် နောက်တစ်ခုကတော့ လူနေအိမ်လမ်းကြားတွေထဲအထိ ရထားလမ်းဖောက်ထားတဲ့ အချက်ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ Enoden(江ノ電)ပြေးဆွဲ နေတဲ့ ပုံကို အနီးကပ်ထိုင်ပြီး ကြည့်နိုင်ပါတယ်။

Inamuraga saki ဘူတာ-Inamuraga saki ကမ်းခြေ

 

Kamakura လို့ပြောလိုက်ရင် ကမ်းခြေတွေ အများကြီးရှိတဲ့ နေရာဖြစ်ပြီး Inamuraga saki ကမ်းခြေ ကတော့ Inamuraga saki ဘူတာ ရဲ့ အနီးမှာ ရှိတဲ့ ဘူတာတစ်ခုဖြစ်ပါတယ်။ ဒီကမ်းခြေမှာတော့ လှိုင်းစီးနေတဲ့ သူတွေအများကြီးရှိတဲ့ အပြင် ရာသီဥတုကောင်းမွန်တဲ့နေ့ မှာဆိုရင်ဖူဂျီတောင်ကိုပါတွဲမြင်နိုင်ပါတယ်။ 

Kamakura Kokomae ဘူတာ - Anime ထဲမှာမြင်ကွင်း

ဒီဘူတာမှတော့ Anime တွေ၊ ရုပ်ရှင်တွေထဲမှာ အမြဲတမ်း မြင်တွေ့နေရတဲ့ မြင်ကွင်းကိုတွေ့နိုင်တဲ့ နေရာဖြစ်ပါတယ်။ ရထားလမ်း၊ ရထား၊ တောင်ကြား၊ ပင်လယ်ပေါင်းစပ်ထားတဲ့ မြင်ကွင်းကလဲ လှပလှပါတယ်။ ဒီမြင်ကွင်းကတော့ နာမည်ကြီး Slam Dunk ထဲမှာ ပါဝင်ပြီးကတည်းက နာမည်ကြီးလာတာဖြစ်ပြီး လာရောက်ကြည့်ရှုတဲ့ သူတွေကလဲ ယနေ့တိုင် အများကြီးရှိပါတယ်။ Slam Dunk ပရိတ်သတ်ဆိုရင်တော့ ဒီနေရာကို လုံးဝသိနေမှာဖြစ်ပြီး တခေါက်လောက်တော့ အရောက်သွားသင့်ပါတယ်။ 

Enoshima ဘူတာ-Shin Enoshima ငါးပြတိုက်  

နောက်တစ်နေရာကတော့ Shin Enoshima ငါးပြတိုက် ဖြစ်ပါတယ်။ Enoshima ဘူတာကနေ လမ်းလျှောက် ၁၀ မိနစ်လောက်ပဲကြာတဲ့အတွက်ကြောင့်မို့လို့ သွားရလွယ်ကူပါတယ်။ Enosui လို့လဲ အတိုကောက်ခေါ်လေ့ရှိကြပါတယ်။ဝင်ကြေးကတော့ လူကြီး ၅၀၀၀ ယန်း၊ အထက်တန်းကျောင်းသား ၁၇၀၀ ယန်း၊ အလယ်တန်းကျောင်းသား ၂၄၀၀ ယန်းနဲ့ ဝင်နိုင်ပါတယ်။ 

 Enoshima ဘူတာ - Enoshima နတ်ကွန်း

နောက်တစ်နေရာကတော့ Enoshima နတ်ကွန်း ဖြစ်ပြီး ဒီနတ်ကွန်းကလဲ Enoshima ဘူတာ ကနေ လမ်းလျှောက် ၂၀ မိနစ်လောက်ကြာပါတယ်။အချိန်တော့ နည်းနည်းကြာပေမယ့် နတ်ကွန်းတွေသွားရတာကြိုက်ရင်တော့ တခေါက်လောက်သွားကြည့်ဖို့အကြံပြုချင်ပါတယ်။

အကျဥ်းချုပ် 

ဒီဆောင်းပါးမှာတော့ တိုကျိုနဲ့လဲ နီးပြီး မြန်မာတွေတော်တော်များများသွားလေ့ရှိတဲ့ ကာမာကူရာ နဲ့ အဲနိုရှိမားကိုသွားပုံသွားနည်းနဲ့ တနေကုန်သွားပြီး လည်ပတ်သင့်တဲ့ နေရာတွေနဲ့ပတ်သက်ပြီးမိတ်ဆက်ပေးခဲ့ပါတယ်။ တနေကုန် အချိန်ရှိရင်တောင် လည်ပတ်စရာတွေ မကုန်တဲ့ အပြင်ဂျပန်ယန်း ၁၀၀၀ ကျော်လောက်တဲ့ သွားနိုင်တာမို့ ကျိန်းသေပေါက် တခေါက်လောက်သွားဖို့ အကြံပေးချင်ပါတယ်။ 

စာရေးသူ

Hein
မင်္ဂလာပါ။ Wexpats မှာ ဂျပန်စာ၊ ဂျပန်နိုင်ငံ၊ ဂျပန်ယဥ်ကျေးမှု အကြောင်းတွေကိုတင်ဆက်ရေးသားနေတဲ့ ဟိန်းပါ။ဝါသနာကတော့ ဂျပန်စာလေ့လာတာနဲ့ ဓာတ်ပုံရိုက်တာဖြစ်ပါတယ်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ခရီးသွား/ ရည်ရွယ်ထားသောနေရာနှင့် အစီအစဉ်/ Enoden ရထားလိုင်းစီးပြီး ကာမာကူရာ ကိုဘယ်လိုလှည်ပတ်မလဲ။

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ