Yamanote လိုင်းနဲ့ တိုကျိုကို လည်ကြမယ်

Yamanote ရထားလိုင်းကတော့ တိုကျိုမှာနေထိုင်တဲ့ သူတွေအတွက် ဘူတာအကြီးတွေကိုချိတ်ဆက်ပြီးသွားနိုင်တဲ့ အဓိကရထားလိုင်းကြီးတစ်ခုဖြစ်ပါတယ်။ ရုံးတက်၊ ရုံးဆင်း လုပ်နေတဲ့ သူတွေ အပြင် ဂျပန်နိင်ငံကိုလာရောက်လည်ပတ်နေကြတဲ့ ခရီးသွားဧည့်သည်တွေ အထိ Yamanote ရထားလိုင်း ကို အသုံးပြုကြပါတယ်။ ဒီနေ့မှာတော့ ဒီလို Yamanote ရထားလိုင်းတစ်လျှောက်မှာရှိတဲ့ သွားရောက်လည်ပတ်သင့်တဲ့ ဘူတာတွေကို ဖော်ပြပေးလိုက်ပါတယ်။ 

  1. တိုကျိုမြို့ပတ်Yamanote ရထားလိုင်း။
  2. Yamanote လိုင်း အဝစီးနိုင်မယ့် လက်မှတ်များ။ 
  3. Yamanote လိုင်းနဲ့ အလည်သွားနိုင်မယ့်ဘူတာများ။
  4. Shinjuku ဘူတာ
  5. Shibuya ဘူတာ 
  6. Shinagawa ဘူတာ 
  7. Hamamatsucho ဘူတာ
  8. တိုကျို ဘူတာ
  9. Akihabara ဘူတာ
  10. Ueno ဘူတာ
  11. Takadanobaba ဘူတာ
  12. Shinokubo ဘူတာ
  13. Yamanote လိုင်းပေါ်က သတိထားရမယ့် ဘူတာများ။
  14. အကျဥ်းချုပ် 

တိုကျိုမြို့ပတ်Yamanote ရထားလိုင်း။


ဂျပန်စာသင်ဖူးတဲ့ သူတွေ အနေနဲ့တော့ 山手線 Yamanote လိုင်းဆိုတာကို ဖတ်စာအုပ်ထဲမှာကြားဖူးကြလိမ့်မယ် ထင်ပါတယ်။ Yamanote လိုင်းကတော့ တိုကျိုမြို့ရဲ့ အဓိက ဘူတာကြီးတွေကို သွားရောက်နိုင်တဲ့ ရထားလိုင်းဖြစ်ပြီး ဘူတာပေါင်း ၃၀ ကိုသွားရောက်နိုင်တဲ့ ရထားလိုင်းဖြစ်ပါတယ်။ ဒါကြောင့် ဒီရထားလိုင်းနဲ့ နေရာတော်တော်များများ ကိုသွားရောက်နိုင်မှာဖြစ်ပါတယ်။ ရထား တစ်ပတ်ကိုတော့ တစ်နာရီခန့်ကြာမြင့်ပါတယ်။ ၁၈၈၅ ခုနှစ်ကနေ စတင်ပြေးဆွဲပြီး အခုဆိုရင် တိုကျိုမြို့ရဲ့ အရေးကြီးဆုံး ရထားလိုင်းတစ်ခုဖြစ်နေပါပြီ။ ရထားလိုင်းကိုတော့ 

  • 外回り(sotomawari)=နာရီလက်တံလှည့်တဲ့လားရာ အတိုင်းသွားတဲ့ ဘက်နဲ့ 
  • 内回り(uchimawari)=နာရီလက်တံနှင့်ပြောင်းပြန် လှည့်တဲ့လားရာ 

ဆိုပြီးလာရာဘက် နှစ်ခုနဲ့ ပြေးဆွဲပါတယ်။ 


Yamanote လိုင်း အဝစီးနိုင်မယ့် လက်မှတ်များ။ 


JR ကနေပြီးတော့ တိုကျို မှာ တစ်နေတာ ပတ်နိုင်မယ့် လက်မှတ်တွေ ရောင်းချပေးလျက်ရှိပါတယ်။ 
ဒီလက်မှတ်တွေကတော့ Yamanote လိုင်း အပါအဝင် တိုကျိုမြို့အတွင်း ပြေးဆွဲလျက်ရှိတဲ့ JR ရထားလိုင်းတွေ အားလုံး စီးနိုင်မယ့် လက်မှတ်တွေ များပါတယ်။  ဒီလို အဆင်ပြေတဲ့ လက်မှတ်တွေထဲကနေ Yamanote လိုင်း ကိုအဝစီးနိုင်မယ့် လက်မှတ် ၃ မျိုးကိုဖော်ပြလိုက်ပါတယ်။ 

東京フリーきっぷ


東京フリーきっぷ (Tokyo 1-Day Ticket ) ကတော့ တိုကျို ၂၃ ရပ်ကွက်ထဲမှာရှိတဲ့ JR၊ မြေအောက်ရထား၊ Nippori Toneri Liner၊Toden၊Tobus တို့ကို တစ်ရက်တာ အဝစီးနိုင်မယ့် လက်မှတ်ဖြစ်ပါတယ်။
ရထားခ ကတော့ လူကြီး ၁၆၀၀ ယန်း၊ ကလေး ၈၀၀ ယန်း ဖြစ်ပါတယ်။ Mobile Suica နဲ့လဲ တွဲသုံးနိုင်ပါတယ်။ ဒီလက်မှတ်ကိုတော့ တိုကျို မြေအောက်ရထားဘူတာတွေ၊ Nippori Toneri Linerဘူတာတွေမှာဝယ်နိုင်ပါတယ်, တစ်ချို့ဘူတာ တွေကို ဝယ်လို့မရနိုင်ပါဘူး။ နောက်ပြီး  Mobile Suica နဲ့ဝယ်မယ်ဆိုရင်တော့ ကြိုတင်ဝယ်ယူလို့မရပါဘူး။ လက်မှတ် ဆိုရင်တော့ ကြိုတင်ပြီးတော့ ဝယ်ယူနိုင်သလို တကယ်လို့ မသုံးဖြစ်ဖူးဆိုရင် ပိုက်ဆံပြန်ထုတ်လို့ရပါတယ်။ ဝန်ဆောင်ခတော့ ယန်း ၂၂၀ ကျသင့်မှာဖြစ်ပါတယ်။ 

都区内パス


都区内パス (Tokunai Pass) ဆိုတာကတော့ တိုကျိုမြို့ထဲမှာရှိတဲ့ JR ရထားလိုင်း အကုန်လုံးကို ၁ ရက် အဝစီးနိုင်တဲ့ လက်မှတ်ပါ။ လူကြီး ၇၆၀ ယန်းနဲ့ ကလေး ၃၈၀ ယန်းဖြစ်ပါတယ်။Mobile Suica နဲ့လဲ တွဲသုံးနိုင်ပါတယ်။နောက်ပြီး  Mobile Suica နဲ့ဝယ်မယ်ဆိုရင်တော့ ကြိုတင်ဝယ်ယူလို့မရပါဘူး။ လက်မှတ် ဆိုရင်တော့ ကြိုတင်ပြီးတော့ ဝယ်ယူနိုင်သလို တကယ်လို့ မသုံးဖြစ်ဖူးဆိုရင် ပိုက်ဆံပြန်ထုတ်လို့ရပါတယ်။ ဝန်ဆောင်ခတော့ ယန်း ၂၂၀ ကျသင့်မှာဖြစ်ပါတယ်။ 

休日おでかけパス


休日おでかけパス (kyujitsuodekakepasu)JR လိုင်းနဲ Monorail၊ Rinkai လိုင်း တို့ကို စိတ်ကြိုက်စီးနိူင်ပါတယ်။ အသုံးပြုနိုင်တဲ့ အချိန်က‌တော့ ပိတ်ရက် လက်မှတ်ဖြစ်တဲ့ အတွက်ကြောင့် စနေ၊တနင်္ဂနွေတွေမှာ၊ Golden Week (ဧပြီ ၂၉ ရက်ကနေ မေ ၅ရက်နေ့)၊ နွေရာသီပိတ်ရက် (ဇူလိုင် ၂၀ ကနေ သြဂုတ် ၃၁ ရက်နေ့အထိ)၊ နှစ်သစ်ကူးပိတ်ရက် (ဒီဇင်ဘာလ ၂၉ ကနေ ဇန်နဝါရီလ ၃ရက်နေ့အထိ) မှာသာအသုံးပြုလို့ရပါတယ် ။ ဝယ်ပြီးအချိန်ကနေ ၁ ရက်သာ အသုံးပြုနိုင်ပါတယ်။
ဒီလက်မှတ်တွေကတော့ Yamanote လိုင်း ကို အဝစီးနိုင်မယ့်လက်မှတ်တွေဖြစ်ပါတယ်။ သို့သော် ဒီလက်မှတ်တွေကိုတော့ ၁ ရက်သာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ 

Yamanote လိုင်းနဲ့ အလည်သွားနိုင်မယ့်ဘူတာများ။


အပေါ်မှာပြောခဲ့တဲ့ အတိုင်း Yamanote လိုင်းပေါ် က အလည်သွားဖို့ကောင်းတဲ့ ဘူတာ ပေါင်း ၃၀ ရှိပါတယ်။ ဒီဘူတာပေါင်း ၃၀ ထဲကနေပြီးတော့ လည်ပတ်သင့်တဲ့ ဘူတာတွေနဲ့ ဘူတာအနီးမှာရှိတဲ့လည်ပတ်စရာနေရာတွေကို ဖော်ပြ သွားပါမယ်။ 

Shinjuku ဘူတာ

Shinjuku ကတော့ ဂျပန်မှာလူအသုံးပြုမှုအများဆုံး ဘူတာတစ်ခုဖြစ်ပါတယ်။ဘူတာကလဲ တော်တော်ကြီးပြီး ခဏခဏလမ်းပျောက်တတ်ပါတယ်။ Shinjuku ဘူတာကိုတော့ anime မှာလဲ ခဏခဏ တွေ့မြင်ခဲ့ ရတဲ့ ဘူတာဖြစ်ပါတယ်။ Shinjuku ဘူတာ တစ်ဝိုက်မှာလဲ လည်ပတ်စရာတွေ တော်တော်များပါတယ်။ နောက်ပြီး  Yamanote လိုင်းအပြင် တခြား ရထားလိုင်းတွေ အများကြီး ပြောင်းစီးလို့ရတဲ့ ဘူတာတစ်ခုလဲ ဖြစ်ပါတယ်။  Shinjuku ဘူတာ တစ်ဝိုက်မှာတော့လည်ပတ်စရာတွေ တကယ်ကိုများပါတယ်။ အများကြီးထဲမှာမှ လည်ပတ်စရာနေရာတစ်ချို့ကိုဖော်ပြ လိုက်ပါတယ်။ 

Kabukicho Tower


Kabukicho Tower ကတော့ Shinjuku မှာရှိတဲ့ နာမည်ကြီး နေရာတစ်ခုဖြစ်ပြီး ဖွင့်တာလဲ မကြာသေးတဲ့ ဟိုတယ်တစ်ခုဖြစ်ပါတယ်။ လာရောက်လည်ပတ်တဲ့ သူတွေလဲ အများကြီးရှိပါတယ်။ နောက်ပြီး အဆောက်အအုံအမြင့်ကြီးဖြစ်တဲ့ အတွက်ကြောင့်မို့လို့ Shinjuku တဝိုက်ကနေ လှမ်းမြင်နေရပါတယ်။ အဆောက်အအုံအတွင်းမှာတော့ စားသောက်ဆိုင်တွေ၊ ကလပ်တွေ၊ ဂိမ်းစင်တာတွေ အများကြီးရှိပါတယ်။ 


တိုကျိုမြို့တော်ရုံး


Tokyo Tocho ခေါ်တဲ့ တိုကျိုမြို့တော်ရုံးကလဲ  Shinjuku မှာရှိတဲ့ အခမဲ့ အလည်ပတ်နိုင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ အထပ်မြင့်ကြီးထိရှိပြီး တိုကျိုမြို့တစ်ခွင့်ကို လှမ်းမြင်နိုင်ပါတယ်။ လာရောက်လည်ပတ်တဲ့ သူများတဲ့ အတွက်ကြောင့်မို့လို့ နည်းနည်းတော့ တန်းစီရနိုင်ပါတယ်။ 

Shinjuku Gyoen 


Shinjuku Gyoen  ကတော့ Shinjuku ဘူတာ အနီးမှာရှိတဲ့ အရမ်းကိုလှတဲ့ ဥယျာဥ်လေးတစ်ခုဖြစ်ပါတယ်။ နာမည်ကြီးဒါရိုက်တာ Makoto Shinakai ရဲ့ ဇာတ်ကားဖြစ်တဲ့ Garden of Words မှာပါဝင်တဲ့ နေရာလေးလဲဖြစ်ပါတယ်။ တစ်နှစ်ပတ်လုံးရာသီအလှတွေနဲ့ ပြည့်နေတဲ့ နေရာလေးဖြစ်တဲ့ အတွက်ကြောင့်မို့လို့ သွားရောက်သင့်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ 

Shibuya ဘူတာ 


Shibuya ဘူတာ  ကလဲ နာမည်ကြီးဘူတာတစ်ခုဖြစ်ပါတယ်။ ခရီးသွားတွေနဲ့ အမြဲစည်ကားနေတဲ့ ဘူတာဖြစ်ပြီး လူငယ်တွေအတွက်လည်ပတ်စရာ‌နေရာတွေလဲ များပြားလှပါတယ်။ နောက်ပြီး Netflix ရဲ့ နာမည်ကျော် စီးရီးဖြစ်တဲ့ Alice In Borderland (今際の国のアリス) ရဲ့ အစပြုတဲ့နေရာလဲဖြစ်ပါတယ်။

Shibuya Sky 

Shibuya ရောက်ပြီဆိုရင် Shibuya Sky ကတော့လုံးဝ သွားသင့်တဲ့နေရာတစ်ခုပါ။ Shibuya တစ်ခွင်အပြင် တိုကျိုတစ်ခွင်လုံးကိုပါ မြင်ကွင်းလှလှနဲ့ လှမ်းမြင်နိုင်တဲ့ အပြင် နေထွက်ချိန် နေဝင်ချိန်ကို လှပစွာမြင်ရမှာဖြစ်ပါတယ်။ Shibuya Sky ကတော့ ရှုခင်းတွေကိုကြည့်ရုံသာမက တခြားစားသောက်စရာ၊ လုပ်စရာတွေလဲ အများကြီးရှိပါတယ်။၁၄ ထပ်မှာ လက်မှတ်ဝယ်လို့ရပြီး ကြိုတင်ပြီး ဘိုကင်လုပ်လို့လဲ ရပါတယ်။ အမြဲတမ်းတက်မယ့်သူတွေ များတဲ့ အတွက်ကြောင့် ကြိုတင်ပြီးတော့ ဘိုကင်လုပ်တာကတော့ ပိုပြီးတော့ သေချာပါတယ်။ မနက် ၁၀ နာရီမှာဖွင့်ပြီး ည ၁၀ နာရိ ခွဲမှာပိတ်ပါတယ်။

Hachiko


Hachiko အကြောင်းကိုတော့ ရုပ်ရှင်မှာတွေ့ဖူးတဲ့ သူတွေ ရှိကြလိမ့်မယ်လို့ထင်ပါတယ်။ ဒီ Hachiko  ခွေးရုပ်လေးကတော့ Shibuya ဘူတာမှာရှိပါတယ်။ ဒီ Hachiko ခွေးရုပ်လေးကိုကြည့်ဖို့အတွက် Hachiko ထွက်ပေါက်ကနေ ထွက်ပြီးသွားနိူင်ပါတယ်။ 

ဒီနေရာတွေအပြင် နေ့စဥ် လူပေါင်းများစွာ အသုံးပြုနေတဲ့ Shibuya Scramble Square ဆိုတဲ့ လူကူးမျဥ်းကြားကလဲနိုင်ငံခြားသားတွေသာမက ဂျပန်တွေကြားထဲမှာ ကျော်ကြားပါတယ်၊ နောက်ပြီး အနီးအနားတဝိုက်မှာတော့ Miyashita ပန်းခြံတို့လို အခမဲ့ဝင်ရောက်နိုင်တဲ့ နေရာတွေလဲရှိပါတယ်။ 

Shinagawa ဘူတာ 

Shinagawa ဘူတာ ကလဲ တိုကျိုရဲ့ ဘူတာကြီးတစ်ခုဖြစ်ပြီး ကျည်ဆံရထား ရပ်တဲ့ ဘူတာဖြစ်ပါတယ်။ အနီးနားမှာဆိုရင် Shinagawa ငါးပြတိုက်၊Aqua Park Shinagawa အစသဖြင့် နာမည်ကြီးပြီးလှပတဲ့နေရာလေးတွေရှိပါတယ်။ ဒါကြောင့်မို့လို့ ငါးပြတိုက်တွေ စိတ်ဝင်ဟားတယ်ဆိုရင်တော့ Shinagawa ဘူတာ အနီးတဝိုက်ကို ညွှန်းပေးချင်ပါတယ်။

Shinagawa ငါးပြတိုက်

Shinagawa ငါးပြတိုက် ကတော့ မိသားစုတွေနဲ့ အတူတူလည်ပတ်ဖို့ကောင်းတဲ့ နေရာတစ်ခုဖြစ်ပါတယ်. ရေနေသတ္တဝါ နဲ့ပတ်သက်တဲ့ အကြော်းအရာတွေကိုလေ့လာနိုင်ပြီး တခြားထူးခြားတဲ့ရှိုးပွဲတွေအများကြီးကိုလဲ တွေ့နိုင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ 

Aqua Park Shinagawa


Aqua Park Shinagawa ကလဲ စီးစရာတွေ အပြင် ရေအောက်ကမ္ဘာ အကြောင်းကိုလဲ သေချာလေ့လာနိုင်မယ့် နေရာဖြစ်ပါတယ်။ နောက်ပြီး ထူးခြားတဲ့ ရှိုးပွဲတွေကိုလဲ ကြည့်ရှုနိုင်ပါတယ်။

Hamamatsucho ဘူတာ

Hamamatsucho ဘူတာအနီးမှာတော့ လည်ပတ်စရာတွေ အများကြီးရှိပါတယ်။ ဘုရားကျောင်းတွေ သာမက ခေတ်မှီအဆောက်အအုံတွေလဲ အများကြီးရှိပါတယ်။ 

Zoujo ဘုရားကျောင်း

Zoujo ဘုရားကျောင်း ကတော့ မြန်မာတွေနဲ့ မစိမ်းတဲ့ ဘုရားကျောင်းတစ်ခုဖြစ်ပါတယ်။ ဒီဘူရားကျောင်းရဲ့ ထူးခြားချက်ကတော့ တိုကျိုတာဝါနဲ့ ဘူရားကျောင်းကို တွဲပြီးတော့ မြင်နိုင်တဲ့ အချက်ဖြစ်ပါတယ်။ ညဘက်မှာရော နေ့ဘက်မှာရော အရမ်းလှတဲ့ ဘုရားကျောင်းဖြစ်ပါတယ်။ နောက်ပြီး ဝင်ကြေးကလဲ အခမဲ့ဖြစ်ပါတယ်။ 

တိုကျိုတာဝါ

တိုကျို လို့ပြောလိုက်တာနဲ့ တိုကျိုတာဝါကိုတော့ မေ့ထားလို့မဖြစ်ပါဘူး။ ဒါကြောင့်မို့လို့ Hamamatsucho ဘူတာကိုသွားမယ်ဆိုရင်တော့ တိုကျိုတာဝါ က ကျိန်းသေပေါက်သွားသင့်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ 

တိုကျို ဘူတာ


တိုကျို ဘူတာကတော့ တိုကျိုရဲ့ ဝင်ပေါက်ကြီးတစ်ခုလိုဖြစ်ပြီး တိုကျိုဘူတာကတော့ နန်းတော်ကြီးရဲ့ အနီးနားမှာလဲရှိပါတယ်။ ‌ရထားလိုင်းပေါင်းများစွာလာရောက်စုစည်းတဲ့ နေရာလဲဖြစ်ပါတယ်။ အနီးနားမှာလဲ စားသောက်ဆိုင်တွေ၊ ရုံးတွေ အများကြီးရှိပါတယ်။တိုကျိုဘူတာအနီး တဝိုက်မှာဆိုရင် စီးပွားရေးအဆောင်အအုံတွေ များပြီး စားသောက်ဆိုင်တွေလဲပေါပါတယ်။ 

Akihabara ဘူတာ 


Akihabara ကတော့ ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်တဲ့ နေရာတစ်ခုဖြစ်ပြီး Anime Manga နဲ့ပတ်သက်တဲ့ ဆိုင်ကြီးတွေ အများကြီးရှိပါတယ်။ နောက်ပြီး လျှပ်စစ်ပစ္စည်း တပတ်ရစ်ဆိုင်တွေအပြင် ၊ လျှပ်စစ်ပစ္စည်းနဲ့ပတ်သက်တဲ့ ဆိုင်တွေလဲ အများကြီးရှိပါတယ်။ ဒီလို လျှပ်စစ်ပစ္စည်းဆိုင်ကြီးတွေအပြင် Otaku ပစ္စည်းတွေ၊ ထူးခြားတဲ့ maid cafes၊  manga cafes တွေ အများကြီးရှိတဲ့ နေရာတစ်နေရာလဲဖြစ်ပါတယ်။ နောက်ပြီး ဂိမ်းနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေလဲ စုံလင်ပြီး ဂိမ်းဆော့နဲ့ သူတွေအတွက်တော့ လုံးဝ သွားသင့်တဲ့ နေရာတစ်ခုလဲဖြစ်ပါတယ်။ 
 

Ueno ဘူတာ

ဂျပန်စာ ဖတ်စာအုပ်ထဲမှာကတည်းက ရင်းနှီးခဲ့တဲ့ Ueno တိရစ္ဆာန်ဥယျာဥ်ရှိတဲ့ Ueno ဘူတာကိုလဲ Yamanote လိုင်းစီးပြီးတော့ သွားနိုင်ပါတယ်။ ဒါ့အပြင် လမ်းလျှောက်ပြီး မုန့်စားလို့ကောင်းတဲ့ Ameyoko တို့လိုနေရာတွေ လဲ နာမည်ကြီးပါတယ်။

Ueno တိရစ္ဆာန်ဥယျာဥ် 


Ueno တိရစ္ဆာန်ဥယျာဥ် ကလဲ ဂျပန်နိုင်ငံရဲ့ အထင်ကရ နေရာတစ်ခုဖြစ်ပြီး ပန်ဒါဝက်ဝံလေးနာမည်ကြီးတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ မိသားစုတွေနဲ့ ပျော်ပါးလို့ရတဲ့ နေရာဖြစ်ပြီး ဝင်ကြေးလဲ အရမ်းမကြီးပါဘူး။ နောက်ပြီး တစ်နှစ်တာကာလပတ်လုံး ရာသီအလိုက်အလှပအကိုကြည့်ရှုနိုင်တဲ့နေရာလဲဖြစ်ပါတယ်။ 

Ame yoko လမ်းသွယ် 

နောက်ထပ် Ueno ဘူတာအနီးမှာနာမည်ကြီးတဲ့ လည်ပတ်စရာနေရာတစ်ခုကတော့Ame yoko လမ်းသွယ် ဖြစ်ပါတယ်။ ဒီလမ်းသွယ်မှာတော့ မုန့်ဆိုင်၊ စျေးဆိုင်‌တွေနဲ့ စည်ကားလျက်ရှိနေပြီး အရက်ဆိုင်တွေလဲ အများကြီးရှိပါတယ်။ မုန့်စားရင်းလမ်းလျှောက်တဲ့ သူတွေများပါတယ်။ ညဘက်သွားရင်တော့ နည်းနည်း သတိပြုသင့်ပါတယ်။

Takadanobaba ဘူတာ

Takadanobaba လို့ပြောလိုက်ရင် ဂျပန်မှာရှိတဲ့ Little Yangon လို့လူတိုင်းသိကြပါတယ်။ Takadanobaba မှာဆိုရင် မြန်စားသောက်ဆိုင်၊ စားသောက်ကုန်ဆိုင်တွေအများကြီးရှိပါတယ်။ မြန်မာစားသောက်ဆိုင်တွေအပြင် မြန်မာလူမျိုးတော်တော်များများနေလေ့ရှိကြတဲ့ ဘူတာဖြစ်ပါတယ်။ မြန်မာစားသောက်ကုန်တွေလဲ စုံလင်တဲ့ အတွက်ကြောင့်မိုလို့ တကယ်လို့ နယ်ကနေ တိုကျိုကိုလာရောက်လည်ပတ်တယ်ဆိုရင်တော့ ဒီဘူတာကိုမဖြစ်မနေသွားသင့်ပါတယ်။ 


Shinokubo ဘူတာ

Shinokubo ကတော့ ဂျပန်မှာရှိတဲ့ ကိုးရီးယားလို့ပြောကြတဲ့ နေရာဖြစ်ပါတယ်။ ဒီနေရာမှာတော့ ကိုးရီးယားစားသောက်ဆိုင်နဲ့ ကိုးရီးယား မိတ်ကပ်ပစ္စည်းတွေကို တစ်နေရာထဲမှာ ဝယ်နိုင်မှာပါ။ နောက်ပြီး Takadanobaba ရဲ့ နောက်တစ်ဘူတာကတော့ Shinokubo ဘူတာဖြစ်ပါတယ်။ ကိုးရီးယားပစ္စည်းတွေကို စိတ်ဝင်စားတဲ့ သူဖြစ်ဖြစ်၊ ကိုးရီးယားအစားအသောက်တွေကိုကြိုက်နှစ်သက်တဲ့ သူဆိုရင် ဒီဘူတာကို ကျိန်းသေပေါက်သွားသင့်ပါတယ်။ 


Yamanote လိုင်းပေါ်က သတိထားရမယ့် ဘူတာများ။

Yamanote လိုင်းတဝိုက်မှာလဲ သွားတဲ့ အချိန်မှာ သတိထားသင့်တဲ့ ဘူတာ တွေလဲရှိပါတယ်။ မတော်တဆအမှုတွေ များတဲ့ ဘူတာ တွေကိုဖော်ပြလိုက်ပါတယ်။လာရောက်တဲ့ လူတွေလဲ များတဲ့ အတွက်ကြောင့်မို့လို့ ဒီလို ဘူတာတွေဘက်ကို သွားမယ်ဆိုရင်တော့ သတိထားဖို့လိုအပ်ပါတယ်။ အထူးသဖြင့် ညဘက်တွေသွားမယ်ဆိုရင် အထူးသတိပြုဖို့လိုအပ်ပါတယ်။
အများအားဖြင့် ဘူတာကြီးတွေဖြစ်တဲ့ Shinjuku, Shibuya, Ikebukuro, Tokyo စတဲ့နေရာတွေကတော့ အပျော်အပါးနဲ့ ပတ်သက်တဲ့နေရာတွေများပြီး ညဘက်မှာလာရောက်လည်ပတ်တဲ့ သူတွေများတဲ့ အတွက်ကြောင့် မတော်တဆမှုတွေ အများကြီးဖြစ်တတ်ပါတယ်။

အကျဥ်းချုပ် 

Yamanote လိုင်းကတော့ နာမည်ကြီးတဲ့ ရထားလိုင်းဖြစ်တဲ့အလျောက် ဒီရထားလိုင်းတစ်ခုတည်းနဲ့ နေရာတွေအများကြီးကိုလည်ပတ်နိုင်ပါတယ်။ ဒါကြောင့်မို့လို့ Yamanote လိုင်း ကိုအသုံးပြုပြီး လည်ပတ်မယ်ဆိုရင်တော့ အသုံးဝင်တဲ့ လက်မှတ်တွေကိုဝယ်ပြီး ပျော်လိုက်ပါ။

စာရေးသူ

Hein
မင်္ဂလာပါ။ Wexpats မှာ ဂျပန်စာ၊ ဂျပန်နိုင်ငံ၊ ဂျပန်ယဥ်ကျေးမှု အကြောင်းတွေကိုတင်ဆက်ရေးသားနေတဲ့ ဟိန်းပါ။ဝါသနာကတော့ ဂျပန်စာလေ့လာတာနဲ့ ဓာတ်ပုံရိုက်တာဖြစ်ပါတယ်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ခရီးသွား/ ရည်ရွယ်ထားသောနေရာနှင့် အစီအစဉ်/ Yamanote လိုင်းနဲ့ တိုကျိုကို လည်ကြမယ်

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ