စျေးဝယ်ရ လွယ်ကူပြီး စျေးသက်သာတဲ့ ယန်း ၁၀၀ တန် ဆိုင်များ  (100 Yen Shops in Japan)

ဂျပန်နိုင်ငံမှာတော့ ယန်း၁၀၀တန်ဆိုင်တွေကို နေရာတိုင်းမှာတွေ့နိုင်ပြီး ယန်း၁၀၀ တန်ဆိုင်လို့ဆိုသလို ပစ္စည်းတော်တော်များများက တော်တော်လေးကို စျေးသက်သာပြီး တော်တော်လဲ အရည်အသွေးပြည့်မှီပါတယ်။ ဂျပန်လူမျိုးတွေကြားထဲမှာလဲ ယန်း ၁၀၀ တန်ဆိုင်ကို ကြိုက်တဲ့သူတွေ များတဲ့ အပြင် နိုင်ငံခြားသားတွေကြားထဲမှာလဲ ယန်း ၁၀၀ တန်ဆိုင်ကို တော်တော် ကြိုက်ကြပြီး တချို့ဆို ဂျပန်ပြန် လက်ဆောင်ပစ္စည်းတွေကို ယန်း ၁၀၀ တန်ဆိုင်မှာ ဝယ်လေ့ရှိကြပါတယ်။ယန်း ၁၀၀ တန်ဆိုင်ကတော့ လူကြိုက်များနေရတဲ့ အကြောင်းအရင်းကတော့ စျေးသက်သာတယ်ဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းမဟုတ်ပါဘူး။ တခြားပစ္စည်းအရည်အသွေးကောင်းမွန်ခြင်း၊ ပေးရတဲ့ ‌စျေးနဲ့တန်ခြင်း၊ နေရာတိုင်းအလိုလိုမှာရှိနေခြင်းတို့လဲ ပါဝင်ပါတယ်။ ဒီဆောင်းပါးမှာတော့ ယန်း ၁၀၀ တန်ဆိုင်တွေမှာ ဘယ်လိုပစ္စည်းတွေရနိုင်လဲ၊ ယန်း ၁၀၀ တန်ဆိုင်ကဘယ်နေရာတွေမှာရှိနိုင်လဲ၊ ယန်း ၁၀၀ တန်ဆိုင်က ဘယ်လိုပစ္စည်းတွေကောင်းလဲ၊ စိတ်ဝင်စားစရာကောင်းပြီး အသုံးပြုလို့ကောင်းတဲ့ ပစ္စည်းတွေကိုဖော်ပြသွားပါ့မယ်။ 

  1. ယန်း ၁၀၀ တန်ဆိုင်တွေကို ဘယ်မှာတွေ့နိုင်လဲ။
  2. ယန်း ၁၀၀ တန်ဆိုင်မှာ ဘယ်လို အရာတွေ ရောင်းချနေလဲ။
  3. နာမည်ကြီးယန်း ၁၀၀ တန်ဆိုင်များ။
  4. ယန်း ၁၀၀ တန်ဆိုင်မှာ ဝယ်သင့်သော ပစ္စည်းများ။
  5. ယန်း ၁၀၀ တန်ဆိုင်ရဲ့ ထူးခြားကောင်းမွန်သော ပစ္စည်းများ။
  6. အကျဥ်းချုပ်

ယန်း ၁၀၀ တန်ဆိုင်တွေကို ဘယ်မှာတွေ့နိုင်လဲ။


ယန်း ၁၀၀ တန်ဆိုင်ကိုတော့ ဂျပန်လို 100円ショップ (hyaku en shoppu) ၊ 百均 (hyakkin) အစသဖြင့် ခေါ်လေ့ရှိကြပါတယ်။  ယန်း ၁၀၀ တန်ဆိုင်တွေကိုပုံမှန်အားဖြင့် မြို့တိုင်းမှာတွေ့နိုင်ပါတယ်။ အထူးသဖြင့် ကုန်တိုက်ကြီးတွေမှာ ယန်း ၁၀၀ ဆိုင်တွေကို တွေ့နိုင်ပါတယ်။ နောက်ပြီး ဘူတာတွေမှာလဲ ယန်း ၁၀၀ တန်ဆိုင်တွေကို တွေ့နိုင်ပါတယ်။ ကုန်ပစ္စည်းတွေလဲ စုံလင်လှပြီး နေ့စဥ်သုံးပစ္စည်းတွေကနေပြီးတော့ စားသောက်ကုန် ပစ္စည်းတွေ ကိုလဲ ဝယ်ယူနိုင်ပါတယ်၊ စျေးနှုန်းတွေကတော့ အများစုကတော့ ယန်း ၁၀၀ ဖြစ်ပါတယ်။ အခွန်ပါ ပါရင်တော့ ယန်း ၁၁၀ ဖြစ်ပါတယ်။ တချို့ ပစ္စည်းတွေကတော့ ယန်း ၁၀၀ ကျော်တန်တွေရှိပါတယ်။ ယန်း ၁၀၀ တန်ဆိုရင်တော့ စျေးနှုန်းကပ်ထားပေမယ့် ယန်း ၁၀၀ ကျော်တဲ့ ပစ္စည်းတွေကတော့ သီးသန့်စျေးနှုန်းကပ်ထားပါတယ်။

ယန်း ၁၀၀ တန်ဆိုင်မှာ ဘယ်လို အရာတွေ ရောင်းချနေလဲ။


ယန်း ၁၀၀ တန်ဆိုင်မှာ တကယ်ကို အရမ်းကို စုံလင်လှပါတယ်။ ယန်း ၁၀၀ တန်ဆိုင် အများစုမှာ တွေ့နိုင်တဲ့ ပစ္စည်းအမျိုးအစားတွေကို ဖော်ပြသွားပါ့မယ်။ 

စားသောက်ကုန်ပစ္စည်းများ

ယန်း ၁၀၀ တန်ဆိုင်မှာစားသောက်ကုန်ပစ္စည်းတွေကို စျေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်ပါတယ်။ စားသောက်ကုန်ပစ္စည်းတွေထဲမှာတော့ မုန့်အချိုတွေ၊ ဟင်းခတ်အမွေးအကြိုင်တွေ၊ ဟင်းခတ်ပစ္စည်းတွေကို စုံစုံလင်လင် ဝယ်ယူနိုင်ပါတယ်။ နောက်ပြီး ကော်ဖီတွေ ၊ဖျော်ရည်၊ လက်ဖက်ရည်ကြမ်း တွေကိုလဲ တခြားနေရာတွေမှာထက်ပိုပြီးတော့ ဝယ်ယူနိုင်ပါတယ်။ 

အိမ်ထောင်ပရိဘောဂများ

နောက်ထပ် ယန်း ၁၀၀ တန်ဆိုင်တွေမှာ ဝယ်ယူနိုင်မယ့် ပစ္စည်းတွေကတော့ အိမ်ထောင်ပရိဘောဂ ပစ္စည်းတွေဖြစ်ပါတယ်။ လက်သုပ်ပုဝါတွေလို ပစ္စည်းသေးသေးလေးကနေ စပြီးတော့ အိမ်ထောင်ပရိဘောဂ အကြီးစားတွေအထိရှိပါတယ်။ နောက်ပြီး အသုံးဝင်ပြီး စျေးသက်သာတဲ့ အိမ်သုံးပစ္စည်းတွေ လဲ အများကြီးရှိပါတယ်။ 

ခြေအိတ်၊ လက်အိတ်များ

ဆောင်းရာသီ၊ ဆောင်းဦးရာသီကိုရောက်လာတိုင်း ခြေအိတ်၊ လက်အိတ်တွေ အများကြီးလိုအပ်လာပါတယ်။ ယန်း ၁၀၀ တန်ဆိုင်မှာဆိုရင် ခြေအိတ်တွေ၊ လက်အိတ်တွေကို တစ်စုံမှ ယန်း ၁၀၀ နဲ့ အများကြီးဝယ်နိုင်ပါတယ်။ ဒါ့အပြင် ဒီဇိုင်း၊ အရောင်တွေကိုလဲ စုံစုံလင်လင် ဝယ်ယူနိုင်ပါတယ်။ အရွယ်အစားတွေလဲ စုံစုံလင်လင်ရှိပြီး ကလေးကနေ လူကြီးအထိ ဝယ်ယူနိုင်ပါတယ်။

စာရေးကိရိယာများ

စာရေးကိရိယာ မျိုးစုံကိုလဲ ယန်း ၁၀၀ တန်ဆိုင်တွေမှာတွေ့ရနိုင်ပါတယ်။ စာအိတ်တွေကနေပြီးတော့ ဘောပင်၊ ခဲတံ၊ ခဲဖျက်တို့လို စာရေးကိရိယာတွေကို တစ်နေရာတည်းမှာ စျေးသက်သက်သာသာနဲ့ လွယ်ကူစွာဝယ်ယူနိုင်ပါတယ်။ ကျွန်တော်တို့ Writer အဖွဲ့ကို မေးခွန်းမေးကြည့်တဲ့ အချိန်မှာတော့ စာရေးကိရီယာကို ဝယ်ဖို့အတွက် ယန်း ၁၀၀ တန်ဆိုင်ကို အများဆုံးသွာ‌လေ့ရှိတယ် ဆိုတဲ့ အဖြေတွေတော်တော် များပါတယ်။ 

မီးဖိုချောင်သုံးပစ္စည်းများ

မီးဖိုချောင်သုံးပစ္စည်းတွေကလဲ ယန်း ၁၀၀ တန်ဆိုင်တွေလူကြိုက်များရတဲ့ အထဲကအချက်တစ်ချက်ဖြစ်ပါတယ်။ ဟင်းချက်တဲ့ အချိန်မှာ အသုံးဝင်တဲ့ ပစ္စည်းတွေ၊ လွယ်ကူပြီးရိုးရှင်းတဲ့ ပစ္စည်းတွေကို အများကြီးဝယ်ယူနိုင်ပါတယ်။ ဟင်းခတ်အမွေးအကြိုင်ပစ္စည်းတွေထည့်လို့ရတဲ့ ပစ္စည်းတွေ၊ မီးဖိုချောင်သုံးပစ္စည်းတွေကိုလဲ  အများကြီးဝယ်ယူနိင်ပါတယ်။ နောက်ပြီး အမှိုက်အိတ်တွေ၊ အမှိုက်ပစ်တဲ့ အချိန်မှာအသုံးပြုရမယ့် ပစ္စည်းတွေကို လွယ်လွယ်ကူကူဝယ်ယူနိင်ပါတယ်။

သန့်ရှင်းရေးပစ္စည်း

ယန်း ၁၀၀ တန်ဆိုင်လို့ပြောလိုက်ရင် သန့်ရှင်းရေးပစ္စည်းတွေလဲ အထိပ်ဆုံးမှကပါဝင်ပါတယ်။ မီးဖိုချောင်သန့်ရှင်းရေးပစ္စည်း၊ သန့်စင်ခန်းသုံးပစ္စည်းတွေ၊ အိမ်ခန်းသန့်ရှင်းသုံးပစ္စည်းတွေကိုအဆင်ပြေပြေနဲ့ လွယ်လွယ်ကူကူ ဝယ်ယူနိုင်ပါတယ်။ 

လျှပ်စစ်ပစ္စည်းများ

ယန်း ၁၀၀ တန်ဆိုင်မှာတော့ လျှပ်စစ်ပစ္စည်းတွေကို စျေသက်သက်သာသာနဲ့ စုံစုံလင်လင် ဝယ်ယူနိုင်ပါတယ်။ နောက်ပြီးတော့ ဓာတ်ခဲတွေ၊ ဖုန်းနဲ့ပတ်သက်တဲ့ ပစ္စည်းတွေ၊ အားသွင်းကြိုး၊ နားကြပ်စတဲ့ လျှပ်စစ်ပစ္စည်းတွေကို စျေးသက်သာသာ နဲ့ဝယ်ယူနိုင်ပါတယ်။ အများစုကတော့ ယန်း ၁၀၀ ကျော်တဲ့ ပစ္စည်းတွေ ပိုပြီးတော့ များပြားပါတယ်။ ဒီလို ပစ္စည်းတွေ အပြင် တခြားနေ့စဥ်သုံးပစ္စည်းတွေနဲ့ အသုံးဝင်ပြီး ထူးခြားတဲ့ ပစ္စည်းတွေ အများကြီးတွေ့နိုင်ပါတယ်။ 

နာမည်ကြီးယန်း ၁၀၀ တန်ဆိုင်များ


ယန်း ၁၀၀ တန်ဆိုင်တွေ အများကြီးရှိတဲ့အထဲကနေပြီးတော့ နေရာတိုင်းမှာတွေ့နိုင်တဲ့ နာမည်ကြီးတဲ့ ယန်း ၁၀၀ တန်ဆိုင် ၃ ဆိုင်ကိုဖော်ပြလိုက်ပါတယ်။ 

Daiso 


Daiso ကတော့ နာမည်ကြီးတဲ့ ယန်း ၁၀၀ တန်ဆိုင်ဖြစ်ပြီး မြန်မာပြည်မှာလဲ လူကြိုက်များတဲ့ ဆိုင်ဖြစ်ပါတယ်။ ဂျပန်နိုင်ငံတွင်းမှာတော့ ဆိုင်ပေါင်း ၃ ထောင်ကျော် နဲ့ ပြည်ပမှာလဲ ဆိုင်ခွဲတွေ အများကြီးရှိပါတယ်။ နေရာတိုင်းမှာလဲ တွေ့နိုင်ပြီး ရနိုင်တဲ့ ပစ္စည်းတွေ၊ အစားအသောက်တွေ လဲစုံလင်လှပါတယ်။ ယန်း ၁၀၀ တန်မဟုတ်တဲ့ တခြား အရည်အသွေးကောင်းမွန်ပြီး အသုံးပြုရလွယ်ကူတဲ့ ပစ္စည်းတွေလဲ အများကြီးရှိပါတယ်။ 

Seria 


Seria ကလဲ ဂျပန်မှာတော့ နာမည်ကြီးပြီးတော့ စာရေးကိရိယာ ပစ္စည်းတွေအစုံအလင်ရနိုင်တဲ့ နေရာတစ်ခုလဲဖြစ်ပါတယ်။ Color the days ဆိုတဲ့ Seria ရဲ့ ဆောင်ပုဒ်အတိုင်း ပစ္စည်းတွေကိုအရောင်အသွေးစုံစုံလင်လင်နဲ့ ရရှိနိုင်ပါတယ်။ ဒါအပြင် Seria မှာတော့ သာမန်နဲ့မတူတဲ့ ထူးခြားတဲ့ ပစ္စည်းလေးတွေ၊နေ့စဥ်ဘဝ မှာ အသုံးဝင်တဲ့ ပစ္စည်းလေးတွေကို ရရှိနိုင်ပါတယ်။ 

Can Do


Can Do ကလဲ နာမည်ကြီး ယန်း ၁၀၀ တန်ဆိုင်တွေထဲကတစ်ခုဖြစ်ပါတယ်။ အပေါ်ကဆိုင်တွေ လိုပဲ ပစ္စည်းအမျိုးအစားကျယ်ကျယ်ပြန့်ပြန့်ရရှိနိုင်ပါတယ်။ အထူးသဖြင့် အိမ်တွင်းအလှဆင်ပစ္စည်းတွေကို စုံစုံလင်လင်နဲ့ ချစ်စရာ ပစ္စည်းလေးတွေကို လဲ ဝယ်ယူနိုင်ပါတယ်။ 

ယန်း ၁၀၀ တန်ဆိုင်မှာ ဝယ်သင့်သော ပစ္စည်းများ။


ယန်း ၁၀၀ တန်ဆိုင်မှာတော့နေ့စဥ်ဘဝ မှာ အသုံးပြုနေတဲ့ ပစ္စည်းတွေထက် ပိုပြီးတော့ ထူးခြားပြီး စျေးသက်သာတဲ့ ပစ္စည်းတွေလဲရှိသလို၊ သာမန်ပစ္စည်းတွေထက် ယန်း ၁၀၀ တန်ဆိုင်မှာ ပိုပြီးစျေးသက်သာတဲ့ ပစ္စည်းတွေလဲရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ Writer အဖွဲ့ ကို ယန်း ၁၀၀ တန်ဆိုင်မှာ ဝယ်လေ့ရှိတဲ့ ထူးခြားတဲ့ ပစ္စည်းတွေနဲ့ ယန်း ၁၀၀ တန်ဆိုင်မှာ ဝယ်ရင်တန်တဲ့ ပစ္စည်းတွေကိုမေးကြည့်ခဲ့ပါတယ်။ တော်တော်လေးကို အဆင်ပြေပြီး ဂျပန်မှာနေထိုင်တဲ့ အချိန်မှာ ချွေတာနိုင်ပြီး အဆင်ပြေမယ့် နည်းလမ်းတွေဖြစ်တဲ့ အတွက်ကြောင့်မို့လို့ မျှဝေပေးလိုက်ပါတယ်။ ပထမဆုံး ဘယ်အချိန်မှာ ယန်း ၁၀၀ တန်ကိုသွားလေ့ရှိလဲနဲ့  ဘယ်အရာတွေကိုယန်း ၁၀၀ တန်ဆိုင်မှာ ဝယ်ရင် သက်သက်သာသာနဲ့ ရနိုင်လဲ ဆိုတာလေးကိုကြည့်လိုက်ကြရအောင်။ 


ဟင်းခတ်အမွေးအကြိုင်များ။


ဟင်းခတ်အမွေးအကြိုင်တွေကို သာမန်အားဖြင့် စူပါမားကတ်တွေမှာ ဝယ်တဲ့ သူတွေ များလိမ့်မယ် ထင်ပါတယ်။ ဟင်းခတ်ပစ္စည်းအများစုကတော့ ယန်း ၁၀၀ ကျော်တာတွေများပါတယ်။ ဒါပေမယ့် ယန်း ၁၀၀ တန်ဆိုင်တွေမှာဆိုရင် ယန်း ၁၀၀ နဲ့ ဟင်းခတ်အမွေးအကြိုင်တွေကိုဝယ်နိုင်ပါတယ်။ ဆား၊ အချိုမှုန့်၊ Dashi အမှုန့်၊ Curry ပေါင်ဒါ၊ ခရုဆီအစသဖြင့် ပစ္စည်းတွေကလဲ စုံလင်လှပါတယ်။ နောက်ပြီး တာရှည်ခံထားလို့ရတဲ့ ငါးသေတ္တာဗူးတွေ၊ အဆာပြေမုန့်တွေလဲ ဝယ်လို့ရပါတယ်။ အထူးသဖြင့် စားသောက်ကုန်တွေဆို Daiso မှာပေါပါတယ်။ ကျွန်တော်တို့ အဖွဲ့ ဝင်တွေထဲကတစ်ယောက်ကတော့ ဒီလို ပစ္စည်းတွေကို အမြဲတမ်းယန်း ၁၀၀ တန်ဆိုင်မယ် ဝယ်လေ့ရှိတယ်လို့ဆိုပါတယ်။ ဒါကြောင့် ဒီလို ဟင်းခတ်ပစ္စည်းတွေကို ဝယ်တော့မယ်ဆိုရင် ယန်း၁၀၀ တန်ဆိုင်မှာ ကိုယ်ဝယ်ချင်တဲ့ ပစ္စည်းရှိ မရှိ အရင်စစ်ဆေးကြည့်ဖို့အကြံပေးချင်ပါတယ်။ 

စာရေးကိရိယာ ပစ္စည်းများ။


စာရေးကိရိယာတွေကိုအစုံအလင်တစ်နေရာတည်းမှာ ဝယ်ချင်ရင်တော့ ယန်း ၁၀၀ တန်ဆိုင်မှာ ဝယ် ဖို့အကြံပေးချင်ပါတယ်။ ကျွန်တော်တို့ အဖွဲ့ဝင်တွေထဲမှာဆိုရင်လဲ စာရေးကိရိယာတွေကို ယန်း ၁၀၀ တန်ဆိုင်မှာ ဝယ်တဲ့ သူတွေ တော်တော်များကြပါတယ်။ စာရေးကိရိယာတွေစုံလင်တဲ့ အပြင် တခြားအဆင်ပြေတဲ့ ပစ္စည်းတွေလဲ အများကြီးရှိပါတယ်။ ကျွန်တော်တို့ အဖွဲ့ ဝင်ထဲမှာတော့ စာအိတ်တွေကို ယန်း ၁၀၀ တန်ဆိုင်မှာဝယ်ရင် စျေးသက်သာတယ်လို့အကြံပေးတဲ့သူရှိပါတယ်။ စာအိတ်တွေကတော့ ပုံမှန်ဝယ်ရင် ဆိုင်အပေါ်မူတည်ပြီးတော့ ယန်း ၃၀၀ လောက်ပေးရတတ်ပါတယ်။ ယန်း ၁၀၀ တန်ဆိုင်မှာတော့ စျေးသက်သက်သာသာနဲ့ ဝယ်နိုင်တဲ့အတွက်ကြောင့် တော်တော်ချွေတာရာရောက်ပါတယ်။ နောက်ပြီး ဘောပင်တွေနဲ့ ခဲတံတွေဆိုရင်လဲ ယန်း ၁၀၀ လောက်နဲ့ရတာတွေများပါတယ်။ ဒါပေမယ့် ခဲတံတို့ဘောပင်တို့ အရည်အသွေး အရမ်းကောင်းတာမျိုးတွေလိုချင်ရင်တော့ စာရေးကိရိယာဆိုင်အကြီးစားတွေကို သာသွားဖို့ ဝင်ကြည့်ဖို့ အကြံပေးချင်ပါတယ်။

မီးဖိုချောင်သုံးပစ္စည်းများ။


ယန်း ၁၀၀ တန်ဆိုင်က မီးဖိုချောင်သုံးပစ္စည်းတွေကလဲ အရမ်းအဆင်ပြေပြီးတော့ အသုံးဝင်တဲ့ ပစ္စည်းတွေများပါတယ်။  နောက်ပြီး ဟင်းချက်ရင် အဆင်ပြေပြီး လွယ်ကူစေမယ့် ပစ္စည်းတွေကို လဲ ဝယ်ယူနိုင်ပါတယ်။ ကျွန်တော်တို့ အဖွဲ့ကနေပြီးတော့ မီးဖိုချောင်သုံးပစ္စည်းတွေကို ယန်း ၁၀၀ တန်ဆိုင်မှာဝယ်တဲ့ သူတွေလဲ အများကြီးရှိပါတယ်။ မီးဖိုချောင် သုံး wrapတွေဆိုလဲ ယန်း၁၀၀ တန်ဆိုင်မှာ အစုံအလင်တွေ့နိုင်ပါတယ်။ ဒါ့အပြင် ဟင်းရွက်တွေ၊ သစ်သီးတွေ ထည့်ပြီး ရေခဲသေတ္တာထဲ ထည့်သိမ်းနိုင်တဲ့ ပစ္စည်းတွေကိုလဲ စျေးသက်သာသာဝယ်နိုင်ပါတယ်။

သန့်ရှင်းရေးပစ္စည်းများ။
 


သန့်ရှင်းရေး ပစ္စည်းတွေကိုလဲ ယန်း ၁၀၀ တန်မှာ စုံစုံလင်လင်နဲ့ အဆင်ပြေပြေ ဝယ်ယူနိုင်ပါတယ်။ သန့်စင်ခန်း၊ မီးဖိုချောင် ၊ အိပ်ခန်း၊ ဧည့်ခန်း အစသဖြင့် နေရာတိုင်းအတွက် သီးသန့် အစုံအလင်ရှိပါတယ်။ ကျွန်တော်ကတော့ အိမ်သန့်ရှင်းရေးလုပ်တော့မယ်ဆိုရင် ယန်း ၁၀၀ တန်ဆိုင်မှာပဲ အကုန်လုံးကိုဝယ်လေ့ရှိပါတယ်။ နောက်ပြီး ပုံမှန်ဆိုမတွေ့နိုင်တဲ့ အရမ်းကိုအဆင်ပြေတဲ့ ပစ္စည်းတွေလဲအများကြီးရှိတဲ့အတွက်ကြောင့်မို့လို့ အချိန်ယူပြီးတော့ သေချာဝယ်ယူကြည့်ဖို့ အကြံပေးချင်ပါတယ်။ 

အလှဆင်နဲ့ လက်ဆောင်ပစ္စည်းများ။


အလှဆင်တာတွေ ကိုကြိုက်တဲ့ သူတွေ၊ သူငယ်ချင်းကို လက်ဆောင်ပေးဖို့အတွက် ရှိရင်‌တော့ ယန်း ၁၀၀ တန်ဆိုင်မှာ သွားဝယ်ဖို့အတွက်အကြံပေးချင်ပါတယ်။ ကျွန်တော်အဖွဲ့ ဝင်ထဲကတစ်ယောက်ကတော့ နှစ်သစ်ကူး၊ ခရစ္စမတ်တို့လို့ ပွဲတော်ရာသီမှာ အလှဆင်ဖို့ ပစ္စည်းတွေကို ယန်း၁၀၀ တန်ဆိုင်မှာဝယ်လေ့ရှိတယ်လို့ ဆိုပါတယ်။ 

နေ့စဥ်သုံးပစ္စည်းများ။


တခြားနေ့စဥ်သုံ ပစ္စည်းတွေထဲမှာ ကျွန်တော်တို့ အဖွဲ့ဝင်တွေအကြံပေးတာကတော့ အင်္ကျီချိတ်တွေ၊ ခြေအိတ်၊ တိတ်၊ ဒစ်စနီကာတွန်စီဒီခွေများ၊ အမှိုက်အိတ်၊ တိုလီမိုလီထည့်တဲ့ ခွက်များ အစသဖြင့် ဝယ်ကြတဲ့ အဖွဲ့ဝင်တွေများပါတယ်။ 
အားလုံးနီးပါးက ယန်း ၁၀၀ တန်ဆိုင်မှာ ဝယ်မယ့် အရာတွေကို တခါတည်းသတ်မှတ်ထားလေ့ရှိတဲ့ သူတွေများပြီး ဒီပစ္စည်းတွေ လိုအပ်ထာတဲ့ အချိန်မှာ သွားဝယ်လေ့ရှိကြတယ်လို့ဆိုကြပါတယ်။ 

ယန်း ၁၀၀ တန်ဆိုင်က ထူးခြားကောင်းမွန်တဲ့ ပစ္စည်းများ


ယန်း ၁၀၀ တန်ဆိုင်ကတော့ စျေးသက်သာတဲ့ အပြင်ထူးခြားတဲ့ ပစ္စည်းတွေ စုစည်းရာနေရာလဲဖြစ်ပါတယ်။ စျေးသက်သာပေမယ့် အရည်အသွေးနဲ့ စွမ်းဆောင်ရည်ပိုင်းမှာ အရမ်း‌ကောင်းတာကလဲ ယန်း ၁၀၀ တန်ဆိုင်ရဲ့ ထူးခြားချက်တစ်ခုဖြစ်ပါတယ်။ ဒါဆို ယန်း ၁၀၀ တန်ဆိုင်မှာ တွေ့နိုင်တဲ့ ထူးခြားပြီး အသုံးတည့်တဲ့ ပစ္စည်းတွေကိုစုထားတဲ့အတွက်ကြောင့်မို့လို့ ကြည့်လိုက်ကြရအောင်။

味付け卵メーカー



ပစ္စည်းလင့် - https://jp.daisonet.com/products/4549131937169

ပထမတစ်ခုကတော့ ကြက်ဥပြုတ်ကို အရသာထည့်လို့ရတဲ့ ပစ္စည်းလေးဖြစ်ပါတယ်။ ဒီပစ္စည်းလေးကတော့ တော်တော်လေးကိုလဲ လူကြိုက်များတဲ့ ပစ္စည်းဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်မှာ လဲ Daiso ရဲ့ လူအကြိုက်များဆုံး ပစ္စည်းအနေနဲ့ ရွေးချယ်ခံခဲ့ရပါတယ်။ စျေးနှုန်းကလဲ ယန်း ၁၁၀ (အခွန်ပါ) သာပေးရပါတယ်။ ကြက်ဥပြုတ်ကြိုက်တဲ့ သူတွေအနေနဲ့ တော့ တစ်ခုအနေနဲ့ ရှိထားသင့်ပါတယ်။ 

ミニ野菜チョッパー


ပစ္စည်းလင့် - https://jp.daisonet.com/collections/media/products/4550480200996

ဟင်းရွက်သေးသေးလေးတွေကို နုတ်နုတ်စင်းတဲ့ အချိန်၊ ကြိတ်တဲ့ အချိန်မှာ အခက်တွေ့ဖူးပါသလား။ ဒါဆိုရင် ဒီပစ္စည်းလေးက အသုံးဝင်မှာသေချာပါတယ်။ အထူးသဖြင့် ကြက်သွန်ဖြူ တွေကို ကြိုတ်တဲ့ အချိန်မှာ ပိုပြီးတော့အသုံးဝင်မယ်လို့ထင်ပါတယ်။ စျေးနှန်းကတော့ ယန်း ၂၂၀ (အခွန်ပါ) ဖြစ်ပါတယ်။ 

イージーシーラー

ပစ္စည်းလင့် - https://jp.daisonet.com/products/4550480064574

အစားအသောက်တွေဖြစ်ဖြစ်၊ ဟင်းဖတ်မှုန့် တွေဖြစ်ဖြစ် တခေါက်တည်းနဲ့ အသုံးမကုန်တဲ့ ပစ္စည်းတွေကို ထိန်းသိမ်းရခက်တဲ့ ပစ္စည်းတွေရှိပါသလား။ ဒါဆို ဒီပစ္စည်းလေးက အသုံးဝင်မှာဖြစ်ပါတယ်။ အကြာကြီးသုံးချင်လို့ဖြစ်စေ၊ တ‌ခေါက်တည်းနဲ့ သုံးလို့မကုန်တဲ့ ပစ္စည်းတွေကို သေချာ ထိန်းသိမ်းထားချင်ရင်တော့ ဒီပစ္စည်းလေးကို ဝယ်ထားဖို့ အကြံပေးချင်ပါတယ်။ စျေးနှုန်းကလဲ အခွန်ပါပြီး ယန်း ၁၁၀ ဖြစ်ပါတယ်။

ピタッ!とキャスター

ပစ္စည်းလင့် - https://jp.daisonet.com/products/4549131628050


ဒီပစ္စည်းကတော့ လေးလံတဲ့ သေတ္တာတွေကို အလွယ်တကူရွေ့ချင်ရင်တော့ ဒီပစ္စည်းလေးကို ဝယ်ဖို့ အကြံပေးချင်ပါတယ်။ ရွေ့ချင်တဲ့ အရာတွေရဲ့ အောက်မှာ လွယ်လွယ်ကူကူ ဒီအရာလေးကို တိတ်နဲ့ ကပ်လိုက်ရုံပဲဖြစ်ပါတယ်။ စျေးနှုန်းကလဲ အခွန်ပါပြီး ယန်း ၁၁၀ ဖြစ်ပါတယ်။

詰め替えパックホルダー

ပစ္စည်းလင့် - https://jp.daisonet.com/products/4582281738507


နောက်တစ်ခုကတော့  Refill လုပ်ပြီးပြန်သုံးလို့ရတဲ့ အထုပ်တွေ သုံးနေရင်အဆင်ပြေစေမယ့် ပစ္စည်းလေးဖြစ်ပါတယ်။ ဒီပစ္စည်းလေးကတော့ ဒီအထုပ်လေးတွေကို သေချာထောင်ထားလို့ရမယ့် ပစ္စည်းဖြစ်ပါတယ်။ မိတ်ကပ်ပစ္စည်းဖြစ်ဖြစ်၊ ခေါင်းလျှောက်ရည် ဖြစ်ဖြစ် စတဲ့ အရာတွေကို  Refill အထုပ်တွေက ပိုပြီးတော့စျေးသက်သာပါတယ်။ 

ရှိးပွဲတွေမှာ အသုံးဝင်မယ့် ပစ္စည်းများ 


သင်က 推し活 (oshikatsu) Idol တွေကို အားပေးနေတဲ့ သူတစ်ယောက်လား။ အဲလို ဆိုရင်တော့ ယန်း ၁၀၀ တန်ဆိုင်တွေမှဦ လိုအပ်တဲ့ ပစ္စည်းတွေကို စုံစုံလင်လင် ဝယ်နိုင်ပါတယ်။ ကျွန်တော်တို့ အဖွဲ့ ဝင်ထဲက တစ်ယောက်ကတော့  推し活 (oshikatsu) အတွက်လိုအပ်တဲ့ ပစ္စည်းတွေ အကုန်လုံးနီးပါးကို ယန်း ၁၀၀ တန်ဆိုင်မှာ အစုံအလင် ဝယ်လေ့ရှိတယ်လို့ဆိုပါတယ်။ တကယ်လို့ သင်လဲ သင့် Idol ကို အားပေးဖို့ အတွက် ပစ္စည်းတွေလိုအပ်လာပြီဆိုရင် တခါတည်း  ယန်း ၁၀၀ တန်ဆိုင်မှာ အစုံအလင်ဝယ်ယူလို့ ရကြောင်းသတင်းကောင်းပါးလိုက်ပါတယ်။ 

ချစ်စရာ ကာရိုက်တာအရုပ်ပါတဲ့ ပစ္စည်းများ


Sanrio/Disneyတို့၊ Anime ဇာတ်ကောင်တွေကို အားပေးတဲ့သူဆို ရင်လဲ ယန်း ၁၀၀ တန်ဆိုင်တွေက သင့်အတွက် နေရာကောင်းတစ်ခုဖြစ်ပါတယ်။ ယန်း ၁၀၀ တန်ဆိုင်တွေမှာတော့ ဒီလို ဇာတ်ကောင်တွေနဲ့ ပူးပေါင်းပြီး ပစ္စည်းတွေ ထုတ်လေ့ရှိပါတယ်။ ဒါပေမယ့် တကယ်ကို အကုန်မြန်ပြီး၊ ကမ်ပိန်း အချိန်ကလဲ တိုတောင်းတဲ့ အတွက်ကြောင့်မို့လို့ မပြတ်စောင့်ကြည့်နေဖို့ လိုအပ်ပါတယ်။ 

အကျဥ်းချုပ်

ယန်း ၁၀၀ တန်ဆိုင်ကတော့ ဂျပန်လူမျိုးတွေ သာမက ၊ နိုင်ငံခြားသားတွေပါ ကြိုက်ကြတဲ့ ဆိုင်ဖြစ်ပါတယ်။ စျေးသက်သာတဲ့ အတွက်ကြောင့် အရည်အသွေးမကောင်းဘဲ ချက်ချင်း ပျက်စီးသွားတယ်လို့ ထင်ရပေမယ့် တချို့ပစ္စည်းတွေကတော့ တကယ်အရည်အသွေးကောင်းမွန်ပြီး ယန်း ၁၀၀ လို့ မထင်ရအောင်ကိုတန်ပါတယ်။ နောက်ပြီးတော့ သာမန်ပစ္စည်းတွေကိုပဲ ယန်း ၁၀၀ တန်ဆိုင်မှာ သက်သက်သာသာဝယ်လို့ရတဲ့ ပစ္စည်းတွေလဲရှိပါတယ်။ ဒီလိုမျိုးဆိုရင် ပိုပြီးတော့ ချွေတာနိုင်မှာဖြစ်ပါတယ်။ 

စာရေးသူ

Hein
မင်္ဂလာပါ။ Wexpats မှာ ဂျပန်စာ၊ ဂျပန်နိုင်ငံ၊ ဂျပန်ယဥ်ကျေးမှု အကြောင်းတွေကိုတင်ဆက်ရေးသားနေတဲ့ ဟိန်းပါ။ဝါသနာကတော့ ဂျပန်စာလေ့လာတာနဲ့ ဓာတ်ပုံရိုက်တာဖြစ်ပါတယ်။

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်နေထိုင်မှုဘဝ/ အစားအသောက်နှင့်ဈေးဝယ်ထွက်ခြင်း/ စျေးဝယ်ရ လွယ်ကူပြီး စျေးသက်သာတဲ့ ယန်း ၁၀၀ တန် ဆိုင်များ  (100 Yen Shops in Japan)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ