မေပယ်ရွက် တွေအရောင်ပြောင်းတာကိုကြည့်ရင် ဖူးနိုင်မယ့် ဂျပန်နိုင်ငံရဲ့ ဘုရား ၅ဆူ

ဆောင်းဦးရာသီရောက်ရင် ဂျပန်နိုင်ငံမှာတော့ မေပယ်လ်ရွက်တွေ အရောင်ပြောင်းပြီးတော့ ကမ္ဘာ့လှည့် ခရီးသွားတွေကို ဆွဲဆောင်လျက်ရှိပါတယ်။ မြန်မာနိုင်ငံသားတွေအတွက်တော့ ဒီလိုသဘာဝတရားကြီးနှင့်အတူတူ ဗုဒ္ဓရုပ်ပွားတော်တွေကို ဖူးမြော်ရတာကလဲ အထူးအခွင့်အရေးတစ်ရပ် ဖြစ်ပါတယ်။ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေအတွက် ဂျပန်နိုင်ငံရဲ့ ဆောင်းဦးရာသီမှာ မေပယ်ရွက်တွေကိုကြည့်ရင်း ဖူးနိုင်မယ့် ဂျပန်နိုင်ငံက ဘုရား ၅ ဆူကိုဖော်ပြလိုက်ပါတယ်။ ကြည့်လို့လှမယ့် အချိန်နဲ့ သွားနည်းတွေကိုပါတခါတည်းဖော်ပြလိုက်ပါတယ်။ 

မာတိကာ

ဆောင်းဦးရာသီအရွက်အရောင်ပြောင်းခြင်း Momiji/Ginkgo အရွက်များ 

ဆောင်းဦးရာသီရောက်ရင်ဂျပန် မှာ အရွက်တွေအရောင်ပြောင်းပြီးတော့ တနိုင်ငံလုံး အရောင်ခြယ်ထားသလို လှပနေပါတယ်။ အများအားဖြင့်တော့ Momiji လို့ခေါ် တဲ့ အနီရောင် မေပယ်လ်ရွက်တွေနဲ့ အဝါရောင် Ginkgo အရွက်တွေကို လှလှပပတွေ့မြင်နိုင်မှာဖြစ်ပါတယ်။ အများအားဖြင့် နိုဝင်ဘာလ နှင့် ဒီဇင်ဘာလ အစတွေမှာဝေဝေဆာဆာအရောင်ပြောင်းတတ်ကြပါတယ်။ နောက်ပြီး နေရာအပေါ်မူတည်ပြီး အရောင်ပြောင်းတဲ့ အချိန်၊ ကြွေတဲ့ အချိန်တွေအပြောင်းအလဲရှိနိုင်တြံအတွက်ကြောင့်မို့လို့ ကြိုတင်ပြီးတော့ ခန့်မှန်းချက်တွေကိုကြည့်ရှုပြီးမှသွားသင့်ပါတယ်။ ဆောင်ဦးရာသီကတော့ ဆွဲဆောင်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ရာသီဖြစ်ပြီး ဖက်ရှင်ရာသီလို့လဲ တင်စားလေ့ရှိကြပါတယ်။ 

ကာမာကူရ ဘုရားကြီး 

  • တည်နေရာ - Kanagawa ခရိုင်၊ Kamakura မြို့။
  • ကြည့်ရှုရန် အကောင်းဆုံးအချိန် - နိုဝင်ဘာလ နှောင်းပိုင်းမှ ဒီဇင်ဘာလအစပိုင်း။
  • မိးထွန်းပြသသည့်ရက် - ကျင်းပခြင်း မရှိ။
  • ဝင်ကြေး - လူကြီး ၃၀၀ ယန်း၊ ကလေး ၁၅၀ ယန်း၊
  • ဝက်ဘ်ဆိုက် -https://www.kotoku-in.jp/

ကာမာကူရဘုရားကြီး ကတော့ မြန်မာတွေနဲ့ မစိမ်းတဲ့ ဘုရားတစ်ဆူဖြစ်ပါတယ်။ Momiji အရွက်တွေကိုလဲကြည့်မယ်၊ ဘုရားဖူးမယ်ဆိုရင်တော့ ကာမာကူရာဘုရားက အကောင်ဆုံးနှင့် အသင့်တော်ဆုံးလို့ပြောလို့ရပါတယ်။ ဘုရားကြီးနဲ့ ယှဥ်တွဲပြီး အရွက်တွေအရောင်ပြောင်းနေတာကိုတွေ့မြင်နိုင်တဲ့ အပြင် ဘုရားဝန်းနှင့် အနောက်ဘက်တွေမှာလဲ Momiji အရွက်တွေအရောင်ပြောင်းတာကို ဆောင်းဦးရာသီ ဆန်ဆန်တွေ့မြင်နိုင်ပါတယ်။ နောက်ပြီး ကာမာကူရာ ဘုရားနားတဝိုက်မှာတော့တခြား Momiji အရွက်တွေကိုကြည့်ရှုနိုင်မယ့် နေရာတွေလဲ အများပြားရှိပါတယ်။ Eno Den လို့ခေါ်တဲ့ရထားကလဲ နာမည်ကြီးပြီး ကာမာကုရာတခွင်ကို ဒီရထားတစ်ခုတည်းနဲ့ ပတ်နိုင်ပါတယ်။ဒါကြောင့် မိုလို့ ကာမာကူရာဘုရားကိုသွားရင်း ဒီလိုနေရာတွေကိုလဲ တခါတည်းဝင်နိုင်ပါတယ်။ နှစ်စဥ်နှစ်တိုင်း ကြည့်လို့လှတဲ့ အချိန်ကတော့ နိုဝင်ဘာလ နှောင်းပိုင်းမှ ဒီဇင်ဘာလအစပိုင်းတို့ပဲဖြစ်ပါတယ်။ 

Shurakuen ဘုရားကြီး 

  • တည်နေရာ - Aichi ခရိုင်၊ Shurakuen ပန်းခြံ။
  • ကြည့်ရှုရန် အကောင်းဆုံးအချိန် - နိုဝင်ဘာလ နှောင်းပိုင်းမှ ဒီဇင်ဘာလအစပိုင်း
  • မီးထွန်းပြသတဲ့ ရက် - ဒီဇင်ဘာလ ၃ ရက်နေ့။
  • ဝင်ကြေး - အခမဲ့။ 
  • ဝက်ဘ်ဆိုက် - https://www.tokaikanko.com/event/momiji_matsuri/ 

Shurakuen ဘုရား ကတော့ အအိချီခရိုင်မှာရှိတဲ့ ဘုရားဖြစ်ပြီး ရှောဝ ဘုရင်ရဲ့ လက်ထပ် ထိမ်းမြားတဲ့ အထိမ်းအမှတ်အနေနဲ့ ၁၉၂၇ ခုနှစ်မှာ တည်ထားကိုးကွယ်ခဲ့ပါတယ်။ ဘုရားရဲ့ ညဏ်တော် ကတော့ ကာမာကူရာဘုရားကြီးထက်ပိုပြီးတော့ မြင့်ပါတယ်။ ဘုရားကြီးတည်ရှိရာ တိုကိုင်မြို့ရဲ့ ယဥ်ကျေးမှု အမွေအနှစ် တစ်ခု အဖြစ် သတ်မှတ်ထားခံထားရပါတယ်။ ဘုရားဝင်ကြေးကလဲ အခမဲ့ ဖြစ်ပါတယ်။ ဘုရားကြီးကိုတော့ နာဂိုရာ ဘူတာကနေတဆင့် Shurakuen ဘူတာအထိသွားပြီး လမ်းလျှောက် ၅ မိနစ် လောက်နဲ့ သွားရောက်နိုင်ပါတယ်။ ဒီဘုရားမှာတော့ နွေဦးရာသီရောက်ရင် ဆာကူရာ ဆောင်ဦးရောက်ရင် မေပယ်ရွက်တွေနဲ့ အတူသဘာဝအလှတရားကိုအပြည့်အဝခံစားနိူင်မယ့် ဘုရားတစ်ဆူလဲ ဖြစ်ပါတယ်။ ဆောင်းဦးရာသီရောက်ရင်တော့ ဘူရားရော၊ ပန်းခြံမှာရှိတဲ့ မေပယ်ရွက်တွေကိုညဘက် မီးထွန်းပြီးပြသလေ့ရှိတဲ့ အတွက်ကြောင့်မို့လို့ ပုံမှန်ထက်ပိုပြီးတော့ လှပပါတယ်။ မီးထွန်းပြီးပြသတဲ့အချိန်ကတော့ ဒီဇင်ဘာလ ၃ ရက်နေ့မှာ ဖြစ်ပါတယ်။ ဝင်ကြေး အခမဲ့ဖြစ်ပေမယ့် ကားနဲ့ သွားရင်တော့ ကာပါကင်ကြေးပေးသွင်းဖို့လိုအပ်ပါတယ်။ ကာပါကင်ကြေးကလဲ ယန်း ၂၀၀ သာဖြစ်ပါတယ်။ 

Tsubosaka ဘုရားကြီး 

  • တည်နေရာ - နာရခရိုင်၊ Tsubosaka ဘုရားကျောင်း။
  • ကြည့်ရှုရန် အကောင်းဆုံးအချိန် - နိုဝင်ဘာလ လယ် မှ ဒီဇင်ဘာလအစပိုင်း
  • မီးထွန်းပြသတဲ့ ရက် - အချိန်အတိအကျမထွက်ရှိသေး။
  • ဝင်ကြေး - လူကြီး ယန်း၆၀၀၊ ကလေး ယန်း၁၀၀။ 
  • ဝက်ဘ်ဆိုက် - https://www.tsubosaka1300.or.jp/index.html

ဒီဘုရားကြီးကတော့ နာရခရိုင်မှာရှိပြီး ဆာကူရာပန်းပွင့်တဲ့ အချိန်မှာ အရမ်းနာမည်ကြီးတဲ့ ဘုရားတစ်ဆူဖြစ်ပါတယ်။ မေပယ်လ်ရွက်တွေအရောင်ပြောင်းတဲ့ အချိန်မှာလဲ တော်တော်လှတဲ့ နေရာဖြစ်ပါတယ်။ Tsubosaka ဘုရားကျောင်းအတွင်းမှာရှိပြီး ဘုရားနှင့် မေပယ်လ်ရွက်တွေကိုတွဲမြင်နိုင်တဲ့ အပြင် ဘုရားကျောင်းအတွင်းမှာလဲ အနီရောင် မေပယ်လ်အရွက်တွေကို တောက်လျှောက်တွေ့ရမှာ ဖြစ်ပါတယ်။ ညဘက်‌ရောက်ရင်လဲ မီးထွန်းပြီးကြည့်ရှုနိုင်ပါသေးတယ်။ ၂၀၂၃ ခုနှစ်အတွက် အချိန်အတိအကျတော့ မထွက်ရှိသေးပါ။ အသေးစိတ်ကိုတော့ ဘုရားရဲ့ ဝက်ဘိဆိုက်မှာလဲဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ နာရမြို့ ကတော့ သဘာဝတရားတွေနဲ့ ပြည့်နှက်နေပြီး ဒီဘုရားကျောင်းအပြင် တခြားလှပတဲ့နေရာတွေလဲ အများကြီးရှိတဲ့ အတွက်ကြောင်းမို့လို့ တခါတည်းသွားနိုင်ပါတယ်။ 

Ushiku ရပ်တော်မူဘုရား 

  • တည်နေရာ - အိဘရခိခရိုင်။
  • ကြည့်ရှုရန် အကောင်းဆုံးအချိန် - နိုဝင်ဘာလ လယ် မှ ဒီဇင်ဘာလအစပိုင်း
  • မီးထွန်းပြသတဲ့ ရက် - ကျင်းပခြင်းမရှိ။
  • ဝင်ကြေး - အခမဲ့။ဘုရားအတွင်းသို့ ဝင်ပါက ဝင်ကြေးသီးသန့်ပေးရမည်။ 
  • ဝက်ဘ်ဆိုက် https://daibutu.net/

Ushiku ရပ်တော်မူဘုရား ကတော့ ဂျပန်နိုင်ငံမှာညဏ်တော်အမြင့်ဆုံးဖြစ်တဲ့ ဘုရားတစ်ဆူဖြစ်ပါတယ်။ ညဏ်တော် အနေနဲ့ကတော့ ၁၂၀ မီတာရှိပါတယ်။ ကမ္ဘာလုံးအတိုင်းအတာအရဆိုရင် တတိယ အကြီးဆုံးရုပ်ပွားတော်ကြီးဖြစ်ပါတယ်။။ Ushiku ရပ်တော်မူဘုရားမှာကလဲ ရာသီ၄မျိုးစလုံးလှပနေပြီး ရာသီ ၄မျိုးစလုံးရဲ့ ရှုခင်းတွေနဲ့အတူ သပ္ပာယ်စွာဖူးမြော်နိုင်ပါတယ်။ ဆောင်းဦးရာသီမှာဆိုရင် ဘုရားအနီးမှာရှိတဲ့ အရွက်တွေ အနီရောင်ပြောင်းနေပြီး ဘုရားနဲ့ အနီရောင် မေပယ်လ်ရွက်တွေကို ရှုထောင့်ပေါင်းစုံကနေ တွေ့နိုင်ပါသေးတယ်။ နောက်ပြီး နိုဝင်ဘာလ ဆောင်းဦးရာသီမှာရင် ဘုရားကို သန့်ရှင်းရေးပြုလုပ်တဲ့ မြင်ကွင်းကိုလဲ စိတ်ဝင်စားဖွယ်ကြည့်ရှုနိုင်ပါတယ်။ အိဘရခိခရိုင် မှာတော့ Ushiku ရပ်တော်မူဘုရားအပြင် တခြားလည်ပတ်စရာတွေလဲအများကြီးရှိတဲ့ အတွက်ကြောင့်မို့လို့ 

 တိုကျို ဘုရားကြီး 

  • တည်နေရာ - တိုကျို၊ Itabashi ရပ်ကွက်။
  • ကြည့်ရှုရန် အကောင်းဆုံးအချိန် - နိုဝင်ဘာလ လယ် မှ ဒီဇင်ဘာလအစပိုင်း
  • မီးထွန်းပြသတဲ့ ရက် - မရှိ။
  • ဝင်ကြေး - အခမဲ့။
  • ဝက်ဘ်ဆိုက် - http://www.tokyo-daibutsu.com/

တိုကျိုမြို့အတွင်းမျာရှိတဲ့ တိုကျိုဘုရားကြီးမှာတော့ မေပယ်လ်ရွက်မဟုတ်ဘဲ နှစ်တစ်ရာရွက်တွေ အရောင်ပြောင်းတာကိုလှလှကြီးတွေ့မြင်နိုင်မှာဖြစ်ပါတယ်။ ဒီဘုရားကျောင်းကတော့ တိုကျို၊ Itabashi ရပ်ကွက်မှာတည်ရှိတာဖြစ်ပါတယ်။ Jouren ဘုရားကျောင်းအတွင်းမှာတည်ရှိပြီး ဘူရားကြီးကို တည်ထားတဲ့ အချိန်တုန်းကတော့ ဂျပန်နိုင်ငံအတွင်းမှာ တတိယ အကြီးဆုံးဘုရားဖြစ်ခဲ့ပါတယ်။ တိုကျိုမှာရှိနေပြီး တခြားဝေးတဲ့နေရာတွေ သိပ်မသွားချင်တဲ့ သူတွေကတော့ ကျိန်းသေပေါက် သွားသင့်တဲ့ ဘုရားတစ်ဆူဖြစ်ပါတယ်။ 

အကျဥ်းချုပ်

ဆောင်းဦးရာသီမှာ ခရီးထွက်ရင်း ကုသိုလ်ယူချင်တယ်ဆိုရင်တော့ ဒီနေရာ ၅ခုကတော့ အသင့်တော်ဆုံးဖြစ်ပါတယ်။ ဘုရားတည်ရှိတဲ့နေရာတစ်ခုချင်းစီကလဲ နာမည်ကြီးပြီးလည်ပတ်စရာကောင်းတဲ့နေရာတွေအများကြီးရှိတဲ့ အတွက်ကြောင့်မို့လို့ တခါတည်း တခြားနေရာတွေကိုပါ တခါတည်းလည်ပတ်နိုင်ပါတယ်။ 

စာရေးသူ

Hein
မင်္ဂလာပါ။ Wexpats မှာ ဂျပန်စာ၊ ဂျပန်နိုင်ငံ၊ ဂျပန်ယဥ်ကျေးမှု အကြောင်းတွေကိုတင်ဆက်ရေးသားနေတဲ့ ဟိန်းပါ။ဝါသနာကတော့ ဂျပန်စာလေ့လာတာနဲ့ ဓာတ်ပုံရိုက်တာဖြစ်ပါတယ်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ခရီးသွား/ ရည်ရွယ်ထားသောနေရာနှင့် အစီအစဉ်/ မေပယ်ရွက် တွေအရောင်ပြောင်းတာကိုကြည့်ရင် ဖူးနိုင်မယ့် ဂျပန်နိုင်ငံရဲ့ ဘုရား ၅ဆူ

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ